Wednesday, May 30, 2018


NLD အစိုးရ ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ဘဏ္ဍာ “ကိုယ်ပိုင်ငွေ” လိုသုံးခဲ့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ၎င်းအာဏာရရှိခဲ့သည့် အလွန်တိုတောင်းလှသည့် ၂ နှစ်တာ ကာလ အတွင်း များပြားလှသည့် ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ပိုင်ငွေလို သုံးစွဲခဲ့ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ယနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ လူငယ် ညီလာခံ အဖွင့် မိန့်ခွန်းတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ၎င်း၏ ပါတီကိုမူ သမိုင်းကြောင်းနှင့်ချီ၍ ပုံဖျက်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။ “မိမိတို့ ပါတီကို သမိုင်းကြောင်းနဲ့ချီ ပုံဖျက်ထားပေးမယ့် အလွန်တိုတောင်းတဲ့ ၂ နှစ်တာ ကာလအတွင်းမှာပဲ များပြားလှတဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ငွေလို သုံးခဲ့တာ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်၏ ပကတိအခြေအနေမှာ တောင်သူ၊ လက်လုပ်၊ လခစားမှစ၍ လုပ်ငန်းရှင်ကြီးများအထိ အဆင်မပြေမှုများ၊ ကြပ်တည်းမှုများနှင့် နေ့စဉ်ရင်ဆိုင်နေရပြီး မရေရာသည့် အနာဂတ်ကို စောင့်မျှော်နေရသလို ဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။ ၎င်းက “ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေကို ပိတ်ပင်ခဲ့တာတွေ၊ နာမည်ဆိုးတဲ့ ကျော်ကြားမှုတွေဟာ လက်ရှိ တာဝန်ရှိသူများ အသိုင်းအဝိုင်းထဲမှာ ဖုံးထားလို့ မရအောင် ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။ နာမည်ဆိုးနှင့် ကျော်ကြားသူဟု ပြောခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်သွားရသည့် ကိစ္စ၊ လူမှုရေး ကိစ္စဖြင့် နုတ်ထွက်သွားရသည့် မကွေးတိုင်းဝန်ကြီးဟောင်း ဦးနေမျိုးကျော်၊ ရခိုင်ပြည်နယ်တွင်လည်း လွှတ်တော်အမတ်များ၏ ကန့်ကွက်မှုတချို့ ကြောင့် နုတ်ထွက်သွားရသည့် ဝန်ကြီ ဦးမင်းအောင်တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာ လှမြင့်က ပြောသည်။ “ဒီနေ့ဆိုလည်း မွန်ပြည်နယ် ဝန်ကြီးတပါး ထွက်ပြန်ပြီလေ။ ငွေကြေး ကိစ္စနဲ့ပဲ အတိုင်ခံရတာ။ အရင်တုန်းကလည်း ပြည်ခိုင်ဖြိုးကို ဒီလို တွေ စွပ်စွဲခဲ့တာပဲ။ တကယ်တော့ ဒါတွေက လူပုဂ္ဂိုလ်နဲ့ပဲ ဆိုင်တာ။ အစိုးရ ဖြစ်လာရင် ဖြစ်တတ်ကြတယ်လေ။ ငါတို့ အစိုးရ လုံးဝ မခိုးဘူးတို့။ ငါတို့ကိုယ်စားလှယ်က လုံးဝ အရည်အချင်းရှိသူတွေဆိုပြီး လက်တွေ့ကျတော့ ကြည့်လေ။ ပြည်ခိုင်ဖြိုးကိုကျတော့ ခိုးတယ်။ အရည်အချင်း မရှိဘူးဆိုပြီး ပုံဖျက်ခဲ့တာလေ”ဟု ၎င်းက ပြောသည်။ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ထောက်ပြပြောဆိုချက်များသည့် အချက်အလက် မပါကြောင်း၊ အစိုးရကို ထောက်ပြလိုပါက အ ချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ပြောဆိုတတ်ရန် လိုကြောင်း၊ NLD အစိုးရသည် မည်သည့်ကိစ္စကိုမျှ ဖုံးကွယ်မထားဘဲ အပြစ်ရှိသူများ ကိုလည်း ထုတ်ပစ်ခြင်း၊ အနားပေးခြင်းများ လုပ်ဆောင်နေကြောင်း NLD ပါတီမှ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။ မုံရွာ အောင်ရှင်က “ဦးသန်းဌေးကတော့ ဒီလိုပဲ လိုက်ပြောနေတာပဲ။ ဒီလို လိုက်ပြောနေတာတွေက သူ့အတွက်တင် မကဘူး။ သူ့ပါတီ အတွက်ပါ ကျဆုံးမှုပဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီလို လက်လွှတ်စပယ် ဘယ်တော့မှ မပြောပါဘူး။ အချက်အလက်နဲ့ပဲ ပြောတယ်။ အချက်အလက်မပါဘဲ မပြောဘူး”ဟု ပြောသည်။ ၎င်းက ဆက်၍ “ကျနေ်ာတို့ခေါင်းဆောင်ကလည်း အမှားမခံဘူး။ ပြည်သူလူထုအတွက် မဟုတ်တာလုပ်ပြီးဆိုရင်တော့ သူကိုယ်တိုင် ခေါ်ပြီးတော့ သတိပေးတာ။ အပြစ်ပေးတာ လုပ်တယ်။ ကျနော်တို့ အခုလုပ်နေတာ အကင်းတောင် မရှိသေးဘူး။ သူတို့ကမှ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ဘယ်လောက်ထိ လုပ်ခဲ့လဲဆိုတာ လူတွေက အားလုံးသိနေတာပဲ”ဟု ဆိုသည်။ ထို့ပြင် ကြံ့ခိုင်ရေး အစိုးရလက်ထက်က သုံးစွဲခဲ့သည့် ငွေကြေးကိစ္စများနှင့် ပတ်သက်၍ လွဲချော်မှုများကို အမျိုးသား ပြန်လည် သင့်မြတ်ရေး မူအရ အရေးမယူခဲ့ခြင်းကိုလည်း သတိရစေလိုကြောင်း NLD ခေါင်းဆောင်များက ပြောသည်။ ယခုအခါ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည် မကြာမီ ကျင်းပတော့မည် ကြားဖြတ်ရွေးကောက်ပွဲကိုပါ ဝင်ရောက်ရန် သင့်၊ မသင့် စဉ်းစားနေပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးဦးမည်ဟု ပြောဆိုနေချိန်တွင် NLD ပါတီကမူ ကြားဖြတ်ရွေးကောက်ပွဲကို နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားပြီး ဖြစ်သည်။ The post NLD အစိုးရ ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ဘဏ္ဍာ “ကိုယ်ပိုင်ငွေ” လိုသုံးခဲ့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန် appeared first on ဧရာဝတီ.
Source : https://ift.tt/2J1LV0n
via IFTTT

No comments:

Post a Comment