AA အသံတိတ်ရခြင်း၏ နောက်ကွယ် “ကျနော်ကတော့ ကျနော်တို့ ရခိုင်လူထု အစိုးရိမ် မလွန်ကြဖို့၊ ခံစားချက်တွေ ဦးစားပေးပြီးမှ နိုင်ငံရေး လှည့်ကွက် ထဲမှာ ကြားညပ်တဲ့သားကောင် မဖြစ်ဖို့အတွက် အထူးသတိထားဖို့ လိုတယ်လို့ မှာချင်ပါတယ်”ဟု ပြောလိုက်သူ ကတော့ ရက္ခိုင့်တပ်မတော်(AA) ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပဲ ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့များမှ နယ်ခြားစောင့် ရဲစခန်းသုံးခုကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ရခိုင်လူထုကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာ ၍ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုနေ့ညပိုင်းတွင် စာရေးသူက ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား ဆက်သွယ် မေးမြန်းခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လည်း အရင်ကဆိုရင် အဝေးကြီးမှာ နေခဲ့တယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေ ကိုပါ ဆွဲထည့်ပြီးတော့မှ အရမ်း ထိခိုက်အောင် လုပ်မယ်ဆိုရင် ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့ ကြိုးစားရမှာပါပဲ” ဟု ဆက်လက် ပြောသည်။ ၂၀၁၆ ခုနှစ်၊အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံခဲ့ရပြီး အရပ်သားများ၊ ရဲဝန်ထမ်းများ၊ တပ်မတော် လုံခြုံရေး စစ်သည်များ စုစုပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ် သုံးမြို့နယ်မှ ရဲကင်း ၃၀ ကို ဘင်္ဂါလီ အကြမ်းဖက်များက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြန်သည်။ သြဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာထမ်း ၁ ဦး၊ ဟိန္ဒူဘာသာဝင် ၆ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း တရာကျော် အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ တချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထိုသို့ ရခိုင်လူထုနှင့် ရခိုင်ပြည်နယ်အပေါ် အကြမ်းဖက်မှုများ ပြုလုပ်နေ၍ အနောက်တံခါး ခြိမ်းခြောက်ခံလာရခြင်းကို ရက္ခိုင့်တပ်မတော် (AA)က မည်သည့်အတွက်ကြောင့် အသံတိတ်နေရသနည်း ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာ ခဲ့သည်။ ဤမေးခွန်းထုတ်မှုများနှင့် ပတ်သက်ပြီး AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ဒီကိစ္စက AA ကို လက်ရှောင်နေတယ် လို့ ပြောတာက မဆီမဆိုင် ဆွဲထည့်တာပါ။ နယ်စပ်မှာက အဲဒီနေရာတွေက နယ်ခြားစောင့်တပ်တွေနဲ့ အစိုးရတပ်တွေ က အဓိက လုံခြုံရေး ယူထားတယ်။ သူတို့က လုံခြုံရေးနဲ့ ပတ်သက်ရင် နယ်မြေအတွက်ရော လူထုအတွက်ပါ တာဝန် အရှိဆုံးပါ” ဟု ဆိုသည်။ ဆက်လက်ပြီး “ကျနော် သိသလောက်တော့ ကျနော်တို့ ရခိုင်လူမျိုးထဲက ပြောတာ သိပ်မရှိဘူး။ အဲဒါကို ပြောလေ့ ပြောထ ရှိတာက ဒီမြန်မာအစိုးရတပ်ကို ထောက်ခံနေတဲ့သူတွေ ပြောလေ့ပြောထ ရှိတဲ့ စကားဖြစ်ပါတယ်”ဟု AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။ ရက္ခိုင့်တပ်မတော်(AA) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားနေပြီး ယခု အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေသော မောင်တော ခရိုင်(မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်များ)တွင် လှုပ်ရှားခြင်း မရှိကြောင်း သိရသည်။ ထိုသို့ ကျောက်တော်နှင့် ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားနေချိန်မှာပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေရပြီး ချင်းအမျိုးသား တပ်ဦး(CNF) ၏ ပလက်ဝမြို့နယ်အတွင်း မလှုပ်ရှားရန် ပြောဆိုမှုများဖြင့်ပါ ရင်ဆိုင်နေရသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားလာမည့်အပေါ် တပ်မတော်က သဘောမတွေ့ပေ။ ထို့ပြင် AA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးသည့် အဖွဲ့ဖြစ် သကဲ့သို့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု ရန်မှ လူထုကာကွယ်ရေးအတွက် ပါဝင်ရန် အခွင့်အလမ်းမရှိ ဖြစ်နေသည်။ ထို့ကြောင့် ရခိုင်အရေးတွင် AA က လုံခြုံရေး ယူပေးရန်မှာ မဖြစ်နိုင်သကဲ့သို့ ၎င်းတို့ လုံခြုံရေး ယူပေးလိုကြောင်း တောင်းဆိုလျှင်ပင် တပ်မတော်က လက်ခံနိုင်ခြေ အလွန်နည်းပါးသည့်အတွက် AA အနေဖြင့် လူထုကာကွယ်ရေး ဆောင်ရွက်ရန် အခွင့်အလမ်း နည်းပါးသည်။ တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “ AA က အဲဒီဒေသမှာ ခြေကုပ်မယူနိုင်သလို ရခိုင်မှာ ပြန်အခြေချဖို့တောင် ကြိုးစားနေဆဲကာလ ရခိုင်ဘက် အခြေချဖို့ ကြိုးစားနေတဲ့ AA တပ် တချို့ကလည်း အခု ပလက်ဝဘက်မှာ တပ်မတော်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ”ဟု ပြောသည်။ AA အနေဖြင့် ရခိုင်အရေးမှာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်ဆိုလျှင် ငြိမ်းချမ်းရေးယူနိုင်မှသာ ဆောင်ရွက်နိုင် မည်ဖြစ်၍ လူထု အကာအကွယ်ပေးရေးအပိုင်းကို တပ်မတော်က အစိုးရနှင့် ဒေသခံ တိုင်းရင်းသားများဖြင့်ပါ ပူးပေါင်း ဆောင်ရွက်မှ လူထုအား ကာကွယ်နိုင်မည်ဟု ၎င်းက ဆိုသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သော ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)သည် အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ပူးပေါင်းကာ လုံခြုံရေး တာဝန်များကို အတူတကွ ဆောင်ရွက်ရန် AA ထက်စာလျှင် အခွင့်အလမ်း ပိုမိုရရှိသည်။ “ဒီအချိန်မှာ AA က ဘယ်လိုဝင်လို့ ရပါ့မလဲ။ AA ဝင်လာရင် အစိုးရနဲ့ အတူတူ ဘင်္ဂါလီကို တိုက်နိုင်ပါ့မလား သုံးပွင့် ဆိုင်ပြီး တိုက်ရမယ့် အခြေအနေရောက်သွားမှ ပိုဆိုးသွားနိုင်မယ် ထင်တယ်။ NCA လက်မှတ်ထိုးထား တဲ့ ALP ဆိုရင် တော့ မဆိုးဘူး ထင်ပါတယ်”ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။ သို့သော် တပ်မတော်နှင့် အစိုးရတို့က ALP အပေါ် ယုံကြည်မှုအပိုင်းတွင် မည်ကဲ့သို့ ရှိသနည်း ဆိုခြင်းကို မသိရသလို မည်သို့ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်း ဆောင်ရွက်မှုများ ရှိသနည်းဆိုသည်ကိုလည်း မသိရှိဘဲ ဖြစ်နေသည်။ လက်ရှိတွင် တပ်မတော်သည် တိုက်ခိုက်ရေး တပ်မ ၃၃ အပါအဝင် ဒေသ အခြေစိုက် တပ်မ၊ တပ်ရင်းများဖြင့် မေယု တောင်ပေါ်တလျှောက် လုံခြုံရေး ဆောင်ရွက်ကာ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေသကဲ့သို့ မောင်တော ခရိုင် အတွင်း မြို့တွင်း မြို့ပြင် တလျှောက်တွင်လည်း လုံခြုံရေး ကင်းလှည့်၍ လူထု အကာအကွယ်ပေးရေး အစီအစဉ်များ ကို ဆောင်ရွက်နေကြောင်း သိရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်နေသော Arakan Rohingya Salvation Army(ARSA)တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့ပြီး နောက် တပ်မတော်က နယ်မြေရှင်းလင်းရေးကို အင်အားဖြည့်တင်းကာ ဆောင်ရွက်နေပြီး အပြန်အလှန် ပစ်ခတ်မှုများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် အစိုးရ တာဝန်ရှိသူများက ပြောသည်။ ဌာနေ တိုင်းရင်းသားများက အကြမ်းဖက်တိုက်ခိုက်မှုရန်ကို ကာကွယ်နိုင်ရေးအတွက် ၎င်းတို့အား ပြည်သူ့ စစ်အဖွဲ့ အဖြစ် ဖွဲ့စည်းပေးရန် အစိုးရနှင့် တပ်မတော်ထံ တင်ပြ တောင်းဆိုနေသော်လည်း ထိုကိစ္စမှာ အလွန်ရှုပ်ထွေး သွားနိုင်သဖြင့် အစိုးရမှ လက်ခံခြင်း မရှိသေးကြောင်း သိရသည်။ တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “ဒီကိစ္စက အတော်ရှုပ်ထွေးမယ်။ တဖက်က လိုအပ်တယ်။ တဖက်က ကြည့်ရင် လူမျိုးရေးပဋိပက္ခ ပိုကြီးလာနိုင်တယ်။ နောက်တချက်က ရခိုင်တွေအပေါ် တပ်က ဘယ်လောက် ယုံသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။ လက်ရှိတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းများသည် စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး တချို့မှာလည်း ပိတ်မိနေကာ အစိုးရ၏ ကယ်ဆယ်ရေး အကူအညီများ လာရောက်မည့်အချိန်ကို စိုးရိမ် ထိတ်လန့်မှုဖြင့် စောင့် မျှော်နေကြသည်။ ယခု ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တိုက်ဆိုင်မှုတခု ဖြစ်နိုင်သော်လည်း တခြားတဖက်က မမြင်နိုင်သော အခြေအနေများအား စဉ်းစားကြည့်ပါက နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုကို ဖန်တီး၍ နိုင်ငံရေး သြဇာအာဏာ တည်ဆောက်ရန် လူတချို့က နောက်ကွယ်က မသန့်ရှင်းသည့် နိုင်ငံရေး ကစားကွက်လား ဆိုသည်မှာ ပြောရ ခက်နေသည်ဟု AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ အမြင်ကို ပြောပြဖူးသည်။ ယခု အကြမ်းဖက်မှုသည် ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသူတဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ရာမှာ ဘင်္ဂါလီ နှင့် ရခိုင် လူမျိုးများအကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှ အခြေတည်ကာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိ ချိတ်ဆက် ဖြစ်ပွားလာသော ဖြစ်ရပ်တခုဟု သုံးသပ်မှုများ ရှိနေသည်။ အဆိုပါ အကြမ်းဖက်မှုသည် ရိုဟင်ဂျာလူမျိုး သတ်မှတ်ပေးရေး အပါအဝင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးနှင့် ရခိုင်ပြည်နယ်အတွင်းက မောင်တောခရိုင် (မောင်တော၊ရသေ့တောင်၊ဘူးသီးတောင်)ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရယူလိုချင်သည့်အတွက် ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေကြသည်။ The post AA အသံတိတ်ရခြင်း၏ နောက်ကွယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2gijUId
via IFTTT
No comments:
Post a Comment