ရခိုင်အရေး ကာ/လုံ ခေါ်ပေးရန် ANP ဥက္ကဋ္ဌ တောင်းဆို လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံမှုများသည် အစိုးရတွင် တာဝန်ရှိပြီး သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူပေးရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် အင်အား အကြီး ဆုံး ပါတီတခု ဖြစ်သော ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။ “လုံခြုံရေးစည်း ကျိုးသွားပြီ။ အစိုးရက မနိုင်မနင်း ဖြစ်နေတယ်။ အကောင်းဆုံးက အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အစည်းအဝေး ခေါ်ရမယ်။ ကာ/လုံ ခေါ်ကို ခေါ်ရမယ်။ အရေးပေါ်ကာလ သတ်မှတ်ဖို့ လိုကောင်း လိုလာနိုင်တယ်။ ရခိုင် ဖြစ်စဉ်ကို သုံးသပ်တဲ့အခါ ပေါ့သေးသေး မတွေးပါနဲ့”ဟု ဒေါက်တာ အေးမောင်က ပြောသည်။ ယခုအကြိမ် တိုက်ခိုက်ခံရမှုသည် မြန်မာနိုင်ငံ၏ အနောက်ခြမ်းကို ဖဲ့ထုတ်ရန် တပြိုင်တည်းလုပ်သည့် စစ်ဆင်ရေး ဖြစ်ကြောင်း၊ အ ခြေအနေများကို ကြိုတင်မြင်သောကြောင့် ကိုဖီအာနန် ကော်မရှင်ကို အစောကြီး ကတည်းက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ တကာမှ စွက်ဖက်လာအောင် တမင်အကွက်ဆင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ ဒေါက်တာ အေးမောင်က“အမျိုးသား လုံခြုံရေးအတွက် အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်တိုင်ပင်ဖို့ လိုတယ်။ အမျိုးသား လုံခြုံ ရေး စည်းပေါက်မယ့် လက္ခဏာတော့ တွေ့နေပြီ။ အဲဒါကြောင့် ကာ/လုံ ခေါ်ခိုင်းတာ။ သမ္မတကြီးသည် သမ္မတကြီး တာဝန်ကို မထမ်းဆောင်ဘူး။ သမ္မတကြီး ပါတဲ့ ကာ/လုံ ထိုင်မှပဲ ကာကွယ်ရေးအမြင်၊ လုံခြုံရေးအမြင်နဲ့ အုပ်ချုပ်ရေး ယန္တရားတို့ ပေါင်းစပ်ပြီး လုပ်မှ ရတော့မှာ”ဟု ပြောသည်။ ကြံ့ခိုင်ရေးပါတီမှ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်ကလည်း တိုင်းပြည်၏ လက်ရှိ အခြေအနေအရ ကာ/လုံ ခေါ်ဆိုခြင်းကို ထောက်ခံကြောင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဘဝဖြင့် ကာ/လုံ အစည်းအဝေးများစွာ တက်ခဲ့ဖူးကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ကာ/လုံကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောသည်။ “ကာ/လုံဆိုတာက အားလုံး ၁၁ ယောက်ပါတယ်။ သူတို့ယူဆတာက တပ်ဘက်က များနေတဲ့အတွက် မဲခွဲရင်ရှုံးမယ်ပေါ့။ ကာ/လုံ ဆိုတာ မဲခွဲတဲ့နေရာမှ မဟုတ်ဘူး။ မဲခွဲမယ်လို့ ပြောတဲ့သူက အရူးပဲ။ ကာ/လုံဆိုတာ ဆွေးနွေးတယ်။ ပြဿနာတွေ တင်ပြတယ်။ အဲဒီအပေါ်မှာ အားလုံးက ဝိုင်းဆွေးနွေးကြတာ”ဟု ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မြင့်က ပြောသည်။ အရပ်သားအစိုးရ အနေဖြင့် ရခိုင်အရေးကို အချိန်တခုအတွင်း ပြေပြေလည်လည် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ပြီး ၂၀၀၈ အခြေခံ ဥပဒေအရ ကာ/လုံကို ဆောင်ရွက်ခွင့် ပေးထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်သည် အရပ်သား အစိုးရ ထဲတွင် ပါပြီးဖြစ်၍ တပ်မတော်က တည်ဆဲ လုံခြုံရေး ဥပဒေများနှင့် အညီ ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။ “တပ်မတော်အနေနဲ့ အရပ်သား အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ သေသေချာချာနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အချိန်ကာလ တခုမှာ ဒီပြဿနာကို ကျော်လွှားနိုင်မှာပါ။ မြန်မြန်ဆန်ဆန်နဲ့ ကျော်လွှားနိုင်ဖို့ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူ့ ရဲ့တပ်ဖွဲ့တွေ အတွက် လိုအပ်တာတွေကို အစိုးရဘက်က လျင်လျင်မြန်မြန် ပံ့ပိုးပေးဖို့ လိုပါတယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်ကလည်း “ရခိုင်အရေးကိစ္စကို ကာ/လုံ ခေါ်လောက် သည်အထိ လိုအပ်တယ်လို့ မမြင်ဘူး။ ဒါမျိုးတွေက အစိုးရတဖွဲ့တည်းက ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်သလို အချင်းချင်း ညှိနှိုင်း ပြီးလည်း ဆောင်ရွက်လို့ရတယ်။ ဒီလိုဆောင်ရွက်လို့ရတဲ့ အခြေအနေမှာ ကာ/လုံ ခေါ်ပါဆိုတာမျိုးက အရမ်းကြီး ပိုကဲလွန်းတယ်လို့ မြင်တယ်”ဟု သုံးသပ်သည်။ ရခိုင်အရေးတွင် တပ်မတော်၏ သဘောထားကမူ ဒို့တာဝန် အရေး ၃ ပါးကို ထိပါး နှောက်ယှက်မည့် ကိစ္စ၊ တိုင်းရင်းသား လူမျိုး များ အရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနဲ့အညီ တန်ပြန် ဆောင်ရွက်နိုင်ရေးအတွက် အစဉ် ထာဝရ အသင့်ပြင်ထားပါကြောင်း မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းက ပြောဆိုထားသည်။ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ တပ်မတော်နှင့် လုံခြုံရေး တပ်စခန်းများ သြဂုတ်လ ၂၅ ရက်နေ့ နံနက် အရုဏ်တက်ချိန်က တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ကျဆုံးသွားပြီး ယခုအချိန်ထိလည်း တိုက်ခိုက်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ ဒေါက်တာ အေးမောင်က “နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာ ဟုတ်မဟုတ် ကာ/လုံက သုံးသပ်ရမယ်။ ထိပါးတာ ဟုတ်ရင် လုံခြုံရေး၊ ကာကွယ်ရေး အမြင်တွေနဲ့ စဉ်းစား၊ နိုင်ငံခြားရေးကလည်း ဆွေးနွေး၊ ပြည်သူ့တွေရဲ့ ဆန္ဒနဲ့လာတဲ့ လွှတ်တော် ကလည်းပါ။ တပ်မတော်ကလည်း ပါဝင်ပြီး အမြင်တွေ အားလုံးကို အဲဒီမှာ ဆွေးနွေးနိုင်မယ်။ အဲဒါမှ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ကာကွယ်ရေး လုံခြုံရေး အမြင်ကို ဖော်ဆောင်နိုင်တော့မှာ”ဟု ပြောဆိုသည်။ The post ရခိုင်အရေး ကာ/လုံ ခေါ်ပေးရန် ANP ဥက္ကဋ္ဌ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2vuZBcN
via IFTTT
No comments:
Post a Comment