Wednesday, August 30, 2017


မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် ဗိုလ်ချုပ်ကြီးဟောင်းများ တောင်းဆို အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာ၍ အစိုးရက ပြည်သူလူထုကို အကာအကွယ်ပေးရန် လိုအပ်နေကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ၂ ဦးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ရာ လူအုပ်စုဖြင့် အကြမ်းဖက်ခံနေရသည့် မောင်တောဒေသသည် ယင်းအခြေအနေကို လိုအပ်နေပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ယမန်နေ့က မီဒီယာများသို့ ပြောသည်။ “ဒါတွေ အကုန်လုံးက တိုက်ဆိုက်နေတဲ့အတွက် ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြလိုက်တာ။ တကယ် လုပ်ရမှာက လုံခြုံရေး လုပ်နေတဲ့ ရဲတပ်ဖွဲ့တွေက ပြည်သူလူထု လုံခြုံမှုရှိအောင် လက်တွေ့ လုပ်ဆောင်နိုင်ဖို့အတွက် အကာအကွယ် ပေးရမယ်။ ဥပဒေနဲ့ အကာအကွယ် ပေးရမယ်။ အမိန့်နဲ့ အကာအကွယ် ပေးရမယ်။ ညွှန်ကြားချက် တွေ နဲ့ အကာအကွယ် ပေးရမယ်”ဟု ပျော်ဘွယ်မြို့နယ် အမတ်လည်း ဖြစ်သူ ဦးသောင်းအေးက ပြောသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၁ အရေးပေါ်ကာလ ပြဌာန်းချက်တွင် တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင် လျှင် နိုင်ငံတော် သမ္မတကို အရေးပေါ် အခြေအနေ ကြေညာခွင့် ပေးအပ်ထားသည်။ သမ္မတက ယင်းအုပ်ချုပ်ရေး အာဏာကို သင့်လျော်သည့် အဖွဲ့အစည်းတရပ် ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သော ပုဂ္ဂိုလ်တဦးဦးအား ဖြစ်စေ အပ်နှင်း ဆောင်ရွက်စေနိုင်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “အခြေခံ ဥပဒေ အခန်း ၁၁ အရ အရေးပေါ် အခြေအနေ ကြေညာပြီး လုပ် သင့် ပြီ လို့ မြင်ပါတယ်။ မြင်နေတဲ့အတိုင်းပဲ မနေ့က MRTV ကို ကြည့်တာ စိတ်မချမ်းသာဘူး။ လုံခြုံရေး စခန်း တွေ အားလုံး ဖျက်ဆီး ခံရတယ်။ ဆုတ်ခွာလာတဲ့ တိုင်းရင်းသား ကျေးရွာတွေ မီးရှို့ ခံနေရတယ်။ တိုင်းရင်းသားတွေ အသတ်ခံရတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသတ်ခံနေရတယ်”ဟု ပြောဆိုသည်။ ၎င်း၏ ပြောဆိုချက်ကို အပြည်အဝ ထောက်ခံကြောင်း တပ်မတော်တွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း ကလည်း ပြောသည်။ “အရေးပေါ် အခြေအနေ ကြေညာဖို့က ဖြစ်သင့်တာ ကြာပြီ။ ဖြစ်နေတဲ့ အခြေအနေကလည်း တကယ့် အရေးပေါ် အခြေအနေ၊ အရေးပေါ် အခြေအနေဖြစ်လို့ အရေးပေါ် ကြေညာရတယ်ဆိုတာ လုပ်ရမယ့် အလုပ်ပဲ။ အဲဒါ မလုပ်နိုင် တာဟာ အခြေအနေ ဖန်တီးနိုင်ခွင့်က ကိုယ့်လက်ထဲကနေ တဖြည်းဖြည်း ပါသွားနေပြီဆိုတဲ့ သဘောပဲ”ဟုလည်း ဦးလှဌေးဝင်း က ပြောဆိုသည်။ ၎င်းက ဆက်၍ “အခုဟာက ဘက်စုံ စစ်ပွဲ ပုံသဏဏ္ဍာန် ဖြစ်လာပြီ။ တဦးကောင်း တယောက်ကောင်း အနေနဲ့ ဆုံးဖြတ်ရင် မှားတတ်တယ်။ အဲဒါကြောင့် အစုနဲ့အဖွဲ့နဲ့ လုပ်နိုင်အောင်လို့ ကာ/လုံ လို ဟာမျိုးကို ခေါ်ပါ။ ဒါက ဂျင်းထဲကျပ်ထဲ ရောက်အောင်လည်း လုပ်တာ မဟုတ်ဘူး။ မလုပ်ကောင်းတဲ့ အလုပ်လည်း မဟုတ်ဘူး”ဟု ပြောသည်။ သို့သော် ရခိုင်မြောက်ပိုင်းသို့ အစိုးရ ဝန်ကြီးတဦး အဖြစ် ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကမူ မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် သင့်၊ မသင့်မှာ ပြောရခက်ကြောင်း၊ တိုင်းရင်းသားများ လိုအပ်နေသည်မှာ လုံခြုံရေးနှင့် စားနပ်ရိက္ခာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “အရေးပေါ် အခြေအနေ လိုအပ်ပြီလား ဆိုတာကတော့ ပြောရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ အကုန် လုံး စုရပ်တွေ မှာတော့ လုံခြုံနေတယ်။ တပ်လည်းရှိတယ်။ ရဲလည်း ရှိတယ်။ တချို့နေရာ တွေမှာတော့ တပ်က ၂၄ နာရီ ထိုင်နေတာ မဟုတ်ဘူး။ ဝင်လိုက်ထွက်လိုက်ပေါ့”ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ သို့သော် ၎င်းအနေဖြင့်မူ လုံခြုံရေးများ ကြားထဲတွင် ကယ်ဆယ်ရေး၊ ကူညီရေး တာဝန်များကို လုပ်ဆောင်နေကြောင်း၊ လုပ်ရမည့် အလုပ်တခုကို တာဝန်ခံ၍ လုပ်ဆောင်နေရာတွင် တုံ့ပြန်ပြောဆိုချက်တချို့ကြောင့် စိတ်မကောင်း ဖြစ်ရ သည် ဟုလည်း ပြောဆိုသည်။ “လုံခြုံရေးကြားထဲမှာ ကယ်ဆယ်ရေး လုပ်ရမှာက ကျနော့်တာဝန် လုပ်ကို လုပ်ရမယ်။ ရာခိုင်နှုန်းပြည့် မလုံခြုံပေမယ့် ကျနော် သွားတယ်။ အဲဒါကိုပဲ အသက်စွန့်ပြီး လာပါတယ်တို့ ဘာတို့ဆိုတဲ့ စကားတွေ ကြားရပြန်တော့လည်း မကောင်း ဘူးပေါ့”ဟု ၎င်းက ပြောသည်။ ဧရာဝတီက ရခိုင်ဒေသ အရေးပေါ် အခြေအနေ ကြေညာရန် သင့်မသင့်ကို သမ္မတရုံး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “အစိုးရလုပ်တာတွေလည်း တွေ့ပါတယ်။ သွားတာတွေလည်း တွေ့ပါတယ်။ ဒါ ပေမယ့် သူတို့သိတဲ့ အသိက နည်းနည်း လိုနေသလားလို့။ လူကယ်ပြန်ဝန်ကြီးသွားတယ်။ ဝန်ကြီးချုပ်သွားတယ်။ စားနပ်ရိက္ခာ ငွေကြေး ထောက်ပံ့ရုံလောက်နဲ့ မလုံလောက်ဘူး။ နိုင်ငံရေးအမြင်ရှိဖို့ လိုတယ်။ အမျိုးသား အကျိုးစီးပွား ဖြစ်နေတယ်။ ပြည်သူ လူထုကို လုံခြုံအောင် လုပ်ပေးဖို့ လိုတယ်”ဟု ပြောသည်။ အတိုင်ပင်ခံရုံးက ထုတ်ပြန်သည့် “မီးလောင်ရာ လေပင့်” ဆိုသည့် စကားလုံးကို သဘောမတူကြောင်း၊ ရှိနေပါက လည်း ကြေညာချက်ထဲတွင် ထည့်သွင်းရန် မသင့်ကြောင်း၊ တိုင်းရင်းသားများ၏ ခံစားချက်ကို လျစ်လျူရှုသလို ဖြစ်မည် စိုးကြောင်း၊ အတိုုင်ပင်ခံ ရုံး၏ အကြမ်းဖက် သတ်မှတ်ချက်မှာ စာပေါ်တွင်သာရှိ၍ လက်တွေ့တွင် အလုပ် မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ကြီးဟောင်းများက ပြောသည်။ “လက်တွေ့လုပ်တဲ့ အခါမှာ အခက်အခဲရှိတယ်။ တပ်မတော်က လုပ်ချင်ပေမယ့်လည်း အမိန့်တွေ၊ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကျော်လွန်သွားမှာကို သိပ်စိုးရိမ်ရတယ်။ မလုပ်ပြန်ရင်လည်း ပြည်သူလူထုရဲ့ အားကိုးမှု၊ သူတို့ရဲ့ အသက်အိုးအိမ်တွေ ခံနေရရင်လည်း တပ်မတော်ရဲ့ Image က မကောင်းပြန်ဘူး”ဟု ဦးသောင်းအေးက ပြောဆိုသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးတို့၏ ရခိုင်ဒေသနှင့် ပတ်သက်သည့် အရေးကြီး အဆို ၂ ခုကို လွှတ်တော်က လက်မခံဘဲ ပယ်ချခဲ့သည့် အပေါ်တွင်လည်း ၎င်းတို့ ၂ ဦးစလုံးက မကျေနပ်ကြပေ။ လွှတ်တော် တာဝန် ရှိသူများကမူ အစိုးရကိုယ်တိုင်ကလည်း ဘင်္ဂါလီများကို အကြမ်းဖက်ဟု သတ်မှတ်ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း အစိုးရက လုပ်ဆောင်နေ၍ သီးခြား တိုက်တွန်းသည့်အဆို တင်ခွင့်မပြုခြင်း ဖြစ်ကြောင်း ရှင်းပြ သည်ဟု သိရသည်။ “၂၄ ရက်နေ့က ဒေါ်ခင်စောဝေ တင်တဲ့အဆို ရှုံးနိမ့်သွားတယ်။ ရှုံးနိမ့်သွားပြီးတော့ ဘာမှမကြားဘူး ၁၂ နာရီ အတွင်း မှာ ဒီကိစ္စ ဖြစ်တယ်။ တို့ဆီက လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ အမြင်မှန်စေချင်တယ်။ အမြင်မှန်မှ အမှန်ကို မြင်မှာပါ။ အမြင်မှန်မှ အပြောအဆို အလုပ်အကိုင် မှန်လိမ့်မယ်။ အမှန်မြင်အောင်လို့ ဒီအဆိုကို တင်ရတာ”ဟု ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် အမတ်အများဆုံး အနိုင်ရရှိထားသည့် ANP ပါတီမှ ဘူးသီးတောင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာရန် လိုကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။ The post မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် ဗိုလ်ချုပ်ကြီးဟောင်းများ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wHWIdl
via IFTTT

No comments:

Post a Comment