Friday, August 25, 2017


ရခိုင်ပြည်နယ် မြောက်ပိုင်း အချိန်ကိုက် တိုက်ခိုက်ခံရ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် တိုက်ခိုက်သူများ အကြား တိုက်ပွဲဖြစ်ပွားပြီး လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ အကြမ်းဖက် တိုက်ခိုက်သူ ရုပ်အလောင်း ၇ လောင်း ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။ အကြမ်းဖက် တိုက်ခိုက်သူများက သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်က စတင်ကာ ရဲကင်းနှင့် ရဲစခန်းများကို တချိန်တည်း တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်ဟုလည်း သိရသည်။ “ယမန်နေ့ည ၁ နာရီခန့်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တပြိုင်တည်း တိုက်ခိုက်လာခဲ့သည်” ဟု ထုတ်ပြန်ထားသည်။ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်မှ သေနတ် ၂ လက်ပါသွားခဲ့ကြောင်း သိရပြီး အကြမ်းဖက်သမားများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း ရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ အလားတူ ယနေ့ နံနက် ၃ နာရီခန့်တွင် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ (၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့သည်။ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသလို ပြည်သူ့လွှတ်တော်တွင် ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အစီအမံများ တိုးမြှင့်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆို ရှုံးနိမ့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဧရာဝတီက သီးခြား ဆက်သွယ်စုံစမ်းမှု အရ ရသေ့တောင်နှင့် မောင်တော ဒေသများတွင် လုံခြုံရေး အဖွဲ့များ အကြာ သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်း ၉ နာရီအချိန်အထိ ပစ်ခတ်မှုများ ဆက်ရှိနေကြောင်းသိရပြီး ဒေသခံကျေးရွာ သားများမှာလည်း နီးစပ်ရာကျေးရွာများနှင့် တပ်စခန်းများသို့ ဝင်ရောက်ခိုလုံနေရသူများ ရှိသကဲ့သို့ ဒေသခံ အချို့မှာလည်း ကျေးရွာအတွင်း ပိတ်မိနေကြောင်း သိရသည်။ ယနေ့မနက်ပိုင်းတွင် ဘူးသီးတောင် – အငူမော် ကားလမ်မပေါ်ရှိ တံတားများကိုအကြမ်းဖက် သမားများက ဖျက်စီးမှုများ လုပ်ဆောင်နေသဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနေ မယူကမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်း က ဧရာဝတီသို့ ပြောသည်။ မောင်တောမြို့နယ် အတွင်း အလယ်သံကျော် နယ်ခြားစောင့် စခန်း အပါအဝင် ငါးခူရ၊ ကိုးတန်ကောက် စသည့် စခန်းများကို အကြမ်းဖက်သမား များက လာရောက်တိုက်ခိုက်ခဲ့ရာ အလယ်သံကျော် နယ်ခြားစောင့်စခန်းမှ လဝက အရာရှိ တစ်ဦး ကျဆုံးခဲ့ကြောင်း ၊ မောင်တောမြို့နယ်အတွင်း ဗုံး ၉ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် မောင်တောမြို့ထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ရာ မြို့ဦးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း မောင်တော လုံခြုံရေး အဖွဲ့များနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။ အကြမ်းဖက်မှုကြောင့် တောင်ပြိုလက်ဝဲအထက် မီးတိုက် ရဲကင်းစခန်းမှာ အကြမ်းဖက်သမား လက်ထဲ ကျရောက်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ယင်းအပြင် ဘူးသီးတောင်မြို့နယ်အတွင်းလည်း အကြမ်းဖက်သမားများက နယ်ခြားစောင့် စခန်းများကို လာရောက် တိုက်ခိုက်မှုကြောင့် ဖောင်တော်ပြင်စခန်းမှ အရာရှိ ၁ ဦး နှင့် တပ်သား ၁ ဦး ကျဆုံးသွားကြောင်းလည်း သိရသည်။ ရသေ့တောင်မြို့နယ်အတွင်း စေတီပြင်ကျေးရွာ ရဲစခန်းအား အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက် ခဲ့သော်လည်း လူမနေသော အရာရှိ အဆောင်တွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်မှု မရှိကြောင်း နယ်ခြားစောင့် ရဲအရာ ရှိများက ပြောသည်။ The post ရခိုင်ပြည်နယ် မြောက်ပိုင်း အချိန်ကိုက် တိုက်ခိုက်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2vu7bEz
via IFTTT

No comments:

Post a Comment