Saturday, August 26, 2017


ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု အပေါ် သူတို့သဘောထားအမြင်များ ဦးထွန်းကြည် (နိုင်ငံရေး အကျဉ်းသားဟောင်း) မည်သည့် ပြဿနာကိုမဆို အဓိကအားဖြင့် အခြေအမြစ်ပေါ့လေ။ ပြဿနာရဲ့ အခြေအမြစ်ကို ဆန်းစစ် လေ့လာဖို့တော့ လိုမယ် လေ။ သတင်းအချက်အလက်မှန်တွေနဲ့ ပတ်သက်ပြီးတော့ကာ တို့ပြည်သူတွေ ရဲ့ သိပိုင်ခွင့်က တော်တော်လေးကို အားနည်း တယ်။ ညီလေးတို့ မီဒီယာတွေလည်း အဲဒီဒေသ အခြေ အနေနဲ့ ပတ်သက်လို့ လက်ရှိ ဖြစ်နေတဲ့ အခင်အကျင်းပေါ်မှာ ဖြစ်နေတာ တွေကို သွားရောက် သတင်းယူခွင့်လည်း လောလောဆယ် မရသေးဘူး။ သတင်းအခြေအမြစ်ကို အဓိက ထားစေချင်တယ်။ နောက်တခု အဓိကထား ပြောချင်တာက မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ဘာသာဝင်မဆို အကြမ်းဖက်တာ ကို တော့ ဘယ်သူမှ လက်မခံဘူး။ ဆန့်ကျင်တယ်။ ရှုတ်ချတယ်။ ဒါပေမယ့် ဒေသတခုမှာ အခုလို ဖြစ်လာပြီဆိုရင် အဲဒီဒေသထဲမှာ ရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ပတ်သက်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကိစ္စတွေမှာတော့ အကွယ်အကွယ်ပေးဖို့ လိုအပ် တယ်။ သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုတော့ ကာကွယ်စောင့်ရှောက်ရမယ်။ အကြမ်းဖက်သမားကို ချေမှုန်းတာ၊ နှိမ်နင်းတာကတော့ အထွေးအထူး ပြောစရာ မလိုဘူး။ ဒါတောင်မှ ဥပဒေကြောင်းအရ တရား ဥပဒေနဲ့ လျော်ညီအောင်လို့တော့ လုပ်ဖို့တော့ လိုမယ်။ သတင်းအရင်း အမြစ်နဲ့ သတင်းစီးဆင်းမှုတွေဟာ အလွန်တရာမှ အားနည်း နေတယ်။ လာတဲ့ လမ်းကြောင်းကလည်း တခုတည်း လမ်းကြောင်း ဖြစ်နေတဲ့အတွက်ကြောင့်မလို့ အဲဒီအပေါ်မှာတော့ အားမရဘူး။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ရှေ့မှာ ပြောပြီးပြီ။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပကနေ ဝင်ရောက် စွက်ဖက်တာပဲ ဖြစ်ဖြစ် လက်မခံ ဘူး။ အကိုတို့က ဒီမြေပေါ်မှာနေပြီးတော့ ဒီရေသောက်၊ ဒီဆန်စားပြီး ကြီးပြင်းတာ။ အချုပ်အခြာ အာဏာနဲ့ လွတ်လပ်ရေးကိုတော့ အသက်ပေးကာကွယ်ဖို့ ဆုံးဖြတ်ထားပြီးသား။ အကိုနဲ့အတူ ဒီဘာသာဝင်တွေကလည်း အခုချိန်အထိ တိုင်းကျိုးပြည်ပြုပဲ လုပ်ခဲ့တာ။ တို့ဘာသာဝင်တွေ အနေနဲ့ကလည်း ဒီတိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ တရား ဥပဒေစိုးမိုးရေး အတွက် လွတ်လပ်ရေးအတွက် အသက်ပေးပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ သဘောလည်းညီတယ်။ စိတ်လည်းတူတယ်။ ဒါပေမယ့် အဲဒီဒေသမှာ စစ်ဆင်ရေး တွေ ဆောင်ရွက်တော့မယ်ဆိုရင် ဘာပဲပြောပြော၊ စစ်ဆင်ရေး လုပ်တာဟာ လုပ်တာပဲ။ နယ်မြေရှင်းလင်းတာက ရှင်းလင်းတာပဲ။ ဒါပေမယ့် လူ့အခွင့်အရေးကိုတော့ အလေးထားသင့်တယ်လို့ ရှု့မြင်သုံးသပ်တယ်လေ။ အထူးသဖြင့် အဲဒီဒေသမှာ ရှိနေတဲ့ လူသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မှု၊ သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ ကတော့ တာဝန်တရပ်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းချင်တယ်။ ဦးလူအေး သာသနာပိုင်ချုပ် မြန်မာနိုင်ငံ အောက်ပိုင်း မက်သဒစ်အသင်းတော် ဒီကိစ္စတွေက ပြောရရင် ဘယ်သူမပြု မိမိမှုပဲဗျ။ နောက်တခု ပဋိပက္ခဆိုတာက ဘယ်ကမှ လာတာ မဟုတ်ဘူး။ လူထဲမှာပဲ ဖြစ်တာ။ လူတွေဟာ တယောက်နဲ့တယောက် ဆက်ဆံရင်း အတ္တတွေ၊ မာန်မာနတွေ ပါလာတယ်။ အဲဒါတွေ များလာရင် ဒီပဋိပက္ခကို မကာ ကွယ်နိုင်ဘူး။ ဒါကို အစွန်းရောက်တယ်လို့ ကျနော်တို့က ပြောတာပေါ့။ ပဋိပက္ခဆိုတာက တဦးချင်း ဘာသာရေး ဆိုတာထက်ကို လူသား အချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တာကနေပြီးတော့ ကွဲလွဲတာကနေ ပြီးတော့ အမြင်မတူတာကနေပြီးတော့ စတာပဲ။ ပဋိပက္ခဆိုတာ ပျောက်သွားအောင် လုပ်လို့မရ။ နည်းသွားအောင်ပဲ လုပ်လို့ရမယ်။ ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ လူတွေရဲ့ စရိုက်ကွဲပြားတာ။ အကျင့်စရိုက် မတူတာ။ နောက်ရိုးရာ ယဉ်ကျေးမှုတွေ ကွဲပြားခြားနားတာ။ အဲဒီမှာ ဘာသာရေး အထင်အမြင် တွေပါ ပါသွားရော။ နောက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ အားနည်းတာ။ လူတွေရဲ့ အကျင့်စရိုက်မှာက စပ်စုတယ်။ စပ်စုပြီး ဒီအတိုင်းမနေဘူး။ တဆင့်ပြန်ပြောတယ်။ သူပြောတာ မှန်လား၊ မှားလားလည်း မစဉ်းစားဘူး။ မတွေးခေါ်ဘူး။ အဲဒီနောက်တယောက်ကလည်း စဉ်းစားသုံးသပ်ခြင်း မရှိဘဲနဲ့ နောက်တယောက်ကို ပြောပြန်ရော။ ဒါ ကြောင့် ပညာမဲ့တယ်လို့ ပြောတာ။ ဒါကြောင့် အသိပညာတွေ မြင့်လာအောင် ဟောပြောမှုတွေ လုပ်ရမယ်။ ကျောင်းတွေမှာ သင် ရိုးညွှန်းတမ်းအထိ ထည့်ပေးပြီးတော့ ပဋိပက္ခတွေအကြောင်း ရှင်းပြသင့်တယ်။ ငြိမ်းချမ်းရေးအကြောင်း သင်ပြပေးဖို့ လိုတယ်။ ခရစ်ယန်ဘာသာကတော့ အမြဲတန်း သွန်သင်တယ်။ လူသားအချင်းချင်း ချစ်ဖို့၊ မျှဝေဖို့၊ စိတ်ရှည်ဖို့တွေကိုပေါ့။ အဲလို သွန်သင် နေတဲ့အခါမှာ ပဋိပက္ခဖြစ်ဖို့ သိပ်ခဲယဉ်းတယ်။ ကျနော်တို့လည်း သူများဘာသာတွေကြားမှာ ပဋိပက္ခဖြစ်ဖို့ သိပ်ခဲယဉ်းတယ်။ ဘာ သာတရားတိုင်းဟာ ကိုယ့်ဘာသာတရားရဲ့ ကျင့်စဉ်တွေကို လေးစားလိုက်နာဖို့ လိုတယ်။ အားလုံးက မေတ္တာတရားကို အခြေခံ တယ်လို့ ပြောပေမယ့် မေတ္တာတရားအကြောင်း ပြောပြီးတော့ မေတ္တာတရားကို ပြောတဲ့သူကပဲ ပဋိပက္ခကို နှိုးဆော်တဲ့သူ ဖြစ် တတ်တယ်။ အခုပြဿနာက အချင်းချင်းသိနေရင် ဘာမှ မဖြစ်ပေမယ့် အပြင်က ဝင်လာပြီး လာလှုံ့ဆော်ရင် ဖြစ်တယ်။ သူ့ဟာနဲ့သူက ရင်းနှီး ပြီးသား။ အချင်းချင်းကိုလည်း ရင်းနှီးမှုရအောင် လုပ်ပေးရမယ်။ ရင်းနှီးမှု ရလာလေလေ ပဋိပက္ခတွေ လျော့လာလေလေပဲ။ မေတ္တာတရားနဲ့ အခြေခံနိုင်ရင် ငြိမ်းချမ်းမှုကို ဖြစ်စေမယ်။ ကျနော်တို့ရဲ့ ပဋိပက္ခဖြစ်စဉ်တွေကို နိုင်ငံရေး စွက်ဖက်လာတဲ့အခါမှာ မဖြစ်သင့်တဲ့အရာတွေ ဖြစ်လာရတယ်။ ဒါဟာ နိုင်ငံရေး ကင်းရှင်းရမယ့် အရာတခု ဖြစ်တယ်။ နောက်တခုက ဆင်းရဲတာ။ ခရိုနီတွေ ပိုက်ဆံချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေကို ကိုင်တွယ်တယ်။ ဒီလို လုပ်ရမယ် ဆိုပြီးတော့ ခိုင်းတာ။ လူသားတွေက ဆင်းရဲတော့ သူများခိုင်းတာကို လုပ်ရတယ်။ ဆင်းရဲနွမ်းပါးမှုက ပဋိပက္ခကို ဖြစ်စေနိုင်တယ်။ ဦးခင်မောင်ချို (အစ္စလာမ် ဘာသာဝင်) တရားလွှတ်တော် ရှေ့နေ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာ နိုင်ငံတော်က အတည်ပြု ပြဌာန်းထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းချက်နဲ့ ညီ၊ မညီ အရင်ကြည့်ရမယ်၊ အခုလိုပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်မှာတော့ သေချာမသိရ မှန်မမှန်မသိရသေးချိန်မှာ အကြောင်း အရာ တွေကို မပြောလိုသေးဘူး၊ ဥပဒေအရပဲ ကြည့်ရမယ်။ အာဏာပိုင်အဖွဲ့အစည်းတွေ ကတော့ သေချာ ကိုင်တွယ်ဖြေရှင်းဖို့ လို တယ်။ ဒေသတွင်းတည်ငြိမ်အေးချမ်းဖို့လိုတယ်။ အခုလိုဖြစ်နေတာတွေက စိတ်မကောင်းစရာတွေပါပဲ။ နောက်တခုက အဲ့ဒီမှာဖြစ်ပြီးရင် ဒီဘက်ကို ရောက်ရောက်လာတတ်တာပါပဲ။ အဲ့ဒါကို စိုးရိမ်ပါတယ်။ ဒီအချိန်ဟာ အသွင်ကူး ပြောင်းရေး ကာလမှာ အရမ်းအကဲဆတ်တဲ့အချိန်ပါ။ ဒီလိုအခြေအနေမှာ အသွင်းကူးပြောင်းရေးကို ဖျက်ဆီးဖို့ NLD အစိုးရ ရပ် တည်မှုကိုလည်း အကြပ်အတည်းတွေ့စေဖို့ လုပ်ရပ်တွေကိုတော့ လက်မခံပါဘူး။ ဥပဒေနဲ့ မညီညွတ်ဘဲ လူစုလူဝေးနဲ့ သောင်း ကျန်းတဲ့ ဝါဒတွေကလည်း ဥပဒေနဲ့ မညီညွတ်သလို တရားဥပဒေစိုးမိုးရေးကိုလည်း မေးခွန်းထုတ်ရမယ့်ပုံစံဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းတားဆီးကာကွယ်ကြဖို့ လိုပါလိမ့်မယ်။ အေးချမ်းတဲ့ နည်းလမ်းတဲ့ တရားဥပဒေဘောင် ထဲကနေပဲ ဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်။ ဒေါက်တာ သာဉာဏ် (ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့၊ အတွင်းရေးမှူး) အကြမ်းဖက်အစွန်းရောက်အများစုက ပြည်တွင်းကမဟုတ်ဘူးနော်၊ သတိထားမိတာက၊ ပြည်တွင်းက လူတွေက သင်တန်းပေး ခံရတဲ့အထဲ ပါသွားကြလို့ပါ၊ တော်တော်လေး နည်းပါတယ်။ ဥပမာအားဖြင့် ရံပုံငွေပေး ရတဲ့သူတွေရှိတယ်။ ဆက်ကြေးပေးရသလိုပဲ ကြောက်လို့ပေးကြရတာ။ အကြမ်းဖက် အဖွဲ့တွေကို ကျနော်တို့ လက်မခံပါဘူး။ ဘာသာပေါင်းစုံအဖွဲ့ကနေလည်း လက်မခံပါဘူး။ အကြမ်းဖက်အဖွဲ့တွေ ဝင်မလာနိုင်အောင်၊ သူတို့ကိုတားဆီးနိုင်အောင် ဘာသာပေါင်းစုံမှာပါဝင်နေသော နိုင်ငံသူနိုင်ငံသားတွေကို အားကိုရမှာပါပဲ။ ရခိုင်မှာရှိသော ဘာသာစုံကို အားကိုရမှာပါပဲ။ အဓိကကတော့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ဖို့ပါပဲ။ ဒီလိုညီ ညွတ်ကြရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ကိစ္စတွေကြောင့် ရခိုင်ပြည်မှာရှိတဲ့ အပြစ်မဲ့အရပ်သားအားလုံး ဒုက္ခရောက်ကြရတာပါပဲ။ ဦးကျော်မင်း(ခ) မာမောက်ရှောင်ရှူအာနောရူလာဟောက် (ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ဥက္ကဌ) အကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရပ်တွေကို အန်ကယ်တို့ကတော့မကြိုက်ဘူ၊ ဒီလိုလုပ်တာက ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး၊ အကြမ်းဖက်တိုက်ခိုက်သူတွေက ယူနီဖောင်းနဲ့လည်းမဟုတ်တော့ ရောနှောနေတဲ့အတွက် ရွာသားတွေလည်း ထွက်ပြေးနေရတယ်၊ အခုနိုင်ငံတော်ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ ဒါတွေကိုဥပဒေအရ ဖော်ထုတ်အရေးယူကြမှာပေါ့။ နောက်ပြီး ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေကလည်း မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ထင်တယ်။ မြို တိုင်းရင်း သားတွေ အသတ်ခံရတဲ့ကိစ္စမှာလည်း မွတ်စလင်တွေသတ်တယ်တာ ပြောနေကြပေမယ့် ခုထိတော့ သတ်တဲ့တရားခံတွေကို ဖမ်းမမိသေးဘူး၊ အထောက်အထားမပြနိုင်သေးဘူးပေါ့။ ဒါလည်း မူးယစ်ဆေးကိစ္စနဲ့ မပတ်သက်ဘူးလို့မပြောနိုင်ပါဘူး။ အခုစခန်းတွေအများကြီးကို တပြိုင်တည်းတိုက်ခိုက် လာတာဟာ နေရာစုံကနေ ထွက်လာပြီးတိုက်တဲ့သဘောပဲ၊ အဲ့ဒီအတွက် ဒေသခံတွေကို အကြမ်းဖက်သမားတွေဘက်ပါမသွားအောင် စီမံဆောင်ရွက်ဖို့လိုတယ်၊ အဲ့အတွက်လည်း အန်ကယ်တို့ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ အကြိမ်ကြိမ် စာတင်ကြိုးပမ်းပေမယ့်ဖြစ်မလားဘူး။ ပထမ တကြိမ်လည်း ရဲစခန်းတွေတိုက်ခိုက်ခံရတာဖြစ်ပြီး။ ဒီကိစ္စတွေအပေါ် အန်ကယ့်အနေနဲ့လည်း စိတ်မကောင်းပါဘူး။ ကျော်ကိုကို ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး ဒါက လူ့အခွင့်အရေးပြဿနာ တခုတည်း ဖြေရှင်းလို့မရဘူး၊ အဓိကပြဿနာက နယ်စပ်ပြဿနာ ဖြစ်နေတယ်၊ လူ့အခွင့်အရေးချိုး ဖောက်မှုပြဿနာတွေ ရှိတယ်။ အခြေခံစားဝတ်နေရေး မပြေလည်မှု ပြဿနာတွေ ရှိတယ်။ တိုင်းပြည်တပြည်မှာ ရှိနေတဲ့ပြဿနာ ပေါင်းစုံရဲ့ အခြေခံဇစ်မြစ်တွေအားလုံး ဒီနေရာမှာသွားစုနေတယ်။ အဲ့ဒီအတွက် လက်နက်ကိုင် အကြမ်းဖက်မှု စတာတွေ ဖြစ်လာ တာပေါ့။ ဒါကို လွဲမှားပြီးတော့ လူမျိုးရေး၊ ဘာသာရေးဘက်ကို စိုးရိမ်ပြီးတော့ သုံးသပ်မယ်ဆိုရင် လမ်းချော်သွားပြီး တတိုင်းပြည်လုံးမှာ အလားတူ ပြဿနာမျိုးတွေ ကူးစက်ပြန့်ပွား သွားနိုင်တယ်လို့ ယူဆတယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ပေါ်လာဖို့ ပြည်သူတွေကြားထဲမှာ အသိပညာပေးမှုတွေလုပ်ဖို့ရှိတယ်။ အမုန်းတရားတွေမပွားအောင် လုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုအတူလက်တွဲလုပ်ဆောင်ရမလဲဆိုတာတွေ အသိပေးဖို့လိုတယ်။ လုံခြုံရေးပိုင်းမှာတော့ ဒီအပိုင်းကို တာဝန် ယူထားတဲ့သူတွေ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စလို့ပဲ ယူဆပါတယ်။ အစိုးရရဲ့ဖြေရှင်းမှုပုံစံတွေကို အားမရသလို တပ်မတော် ဘက် က ဖြေရှင်းပုံနည်းလမ်း မှားယွင်းသွားရင်လည်း ပြဿနာတွေကို ပိုမိုကြီးလာစေနိုင်ပါတယ်။ ဒီပြဿနာတွေအပေါ် အားလုံးရဲ့အမြင်နဲ့ ဖြေရှင်းဖို့နည်းလမ်း တွေကို အများကြီးစဉ်စားထားရမယ်။ နည်းလမ်းတခုထဲတော့ မရဘူး။ နယ်စပ်ပြဿနာတွေရှိတယ်၊ ဒုက္ခသည်ပြဿနာ၊ တင်းမာမှုပြဿနာတွေရှိတယ်။ ဒါတွေကို နယ်ပယ်စုံက ပုဂ္ဂိုလ်တွေအားလုံးပါဝင် ဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ဒေါက်တာတူးဂျာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ပြဿနာရဲ့အရင်းအမြစ်ကို သေချာသိဖို့လိုတယ်၊ ခံစားချက်တွေ လိုလားချက်တွေ ဘာတွေရှိလဲပေါ့။ လက်တွေ့ ဆောင်ရွက်တဲ့ နေရာမှာ အစိုးရနဲ့ တပ်မတော် တွဲပြီးလုပ်ဖို့လိုတယ်။ ဒေသခံတွေရဲ့ သဘောထားအမှန်နဲ့ ကိုက်ညီဖို့လိုသလို ပွင့်လင်း မြင်သာမှု ရှိလို့လည်း လိုတယ်။ ဖြေရှင်းပုံနည်းလမ်း မမှန်ကန်ဘူးဆိုရင် ပပျေက်ရမယ့်အစား ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ထင်တယ်။ ၁၉၈၂ ခုနှစ် တည်ဆဲနိုင်ငံသား ဥပဒေနဲ့ အရင်ဖြေရှင်းရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒီကိစ္စက အစိုးရမှာတော့ တာဝန်အရှိဆုံးပေ့ါ။ ဒါပေမယ့် အစိုးရ၊ တပ်၊ ရဲ လက်တွဲညီညီလုပ်ရမယ်။ ဒေသခံတွေနဲ့လည်း လက်တွဲညီညီဖြေရှင်းနိုင်ဖို့လိုတယ်။ တပ်မတော်ကလည်း သူ့ရဲ့တာဝန်ကို ကျေအောင်လုပ်ဆောင်မယ်၊ အစိုးရကလည်း ဥပဒေနဲ့အညီ မူဝါဒတွေချမှတ်ကာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဦးသောင်းအေး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးရဲကင်းစခန်းတွေ တပြိုင်းတည်းတိုက်ခိုက်ခံရတဲ့ကိစ္စအပေါ် အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။ နယ်မြေဒေသလုံခြုံရေးအတွက် အင်မတန်မှစိုးရိမ်ရတဲ့ အနေအထားဖြစ် ပါတယ်။ တပ်ကလည်း အရမ်းလုပ်လို့မရဘူး၊ ဂျီနီဗာကွန်ဗန်းရှင်းလို ကန့်သတ်ချက်တွေကလည်း အများ ကြီးရှိတယ်။ ကောင်းမွန်တဲ့ အစီအမံတခုကိုတော့ အစိုးရကချမှတ် ဆောင်ရွက်ဖို့ လိုပါတယ်။ ဆွေးနွေးနေတုန်းတောင် စခန်း ၂၄ ခုလောက် တပြိုင်တည်းတိုက်ခိုက်ခံရတယ်ဆိုတာက ကိုယ်တို့ ဖြတ်သန်းလာတဲ့ တလျောက်လုံး အတော်ဆိုးဝါးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိပါးလာလို့ အန္တရာယ်အတွက် လုံးဝစိတ်ပူရတဲ့အနေအထားဖြစ်ပါတယ်။ အဲ့ဒါကြောင့် အစိုးရရဲ့ ဆောင်ရွက် ချက်ကိုလည်း စောင့်ကြည့်ရမယ်။ အစိုးရက လိုအပ်တဲ့ ဥပဒေတွေ၊ အမိန့်တွေ ထုတ်ပြန်ပြီးလုပ်ပေးမယ် ဆိုရင်တော့ ရခိုင်ဒေသပြည်သူတွေအတွက် စိတ်အေးရတာပေါ့။ ဒီလိုမှမဟုတ်ရင် အစိုးရအပေါ် အမြင် မကောင်းသလို ကျနော်တို့ လွှတ်တော်အပေါ်လည်း အမြင်တွေမကောင်းပါဘူး။ ဧရာဝတီသတင်းထောက်များဖြစ်သည့် ထက်နိုင်ဇော်၊ ထွန်းထွန်း ပူးပေါင်းရေးသားသည်။ The post ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု အပေါ် သူတို့သဘောထားအမြင်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2w6y4Sw
via IFTTT

No comments:

Post a Comment