Friday, August 25, 2017


အမျိုးသား ကိုယ်စားလှယ်လောင်းကို မြန်မာမဲဆန္ဒရှင်အများစု ပိုမို လိုလား မြန်မာ မဲဆန္ဒရှင်များသည် အရည်အချင်း တူလျှင်ပင် အမျိုးသမီးထက် အမျိုးသားကိုယ်စားလှယ်လောင်းကို ပိုမို နှစ် သက်သည်ဟု အင်တာနေရှင်နယ် ရီပတ်ဗလစ်ကန် အင်စတီကျု (International Republican Institute – IRI) ၏ မကြာသေးမီက ကောက်ယူရရှိသည့် စစ်တမ်းတွင် ပါဝင်သူ အများစုက ဖြေကြားခဲ့သည်။ အထက်ပါ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ အသက် ၁၈ နှစ် အထက် နိုင်ငံသား ၃၀၀၀ အား အမျိုးသားနှင့် အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦး ရွေးကောက်ပွဲ ဝင်လျှင် မည်သူ့ကို မဲပေးမည်နည်းဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။ ယင်းသို့ တွေ့ဆုံ မေးမြန်းမှုကို ယခုနှစ် မတ်လ ၉ ရက်မှ ဧပြီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေးမြန်းရာတွင် အမျိုးသား ၆၃ ရာခိုင်နှုန်းက အမျိုးသားကိုယ်စားလှယ်လောင်းကို ပိုမိုနှစ်သက်သည်ဟု ဖြေကြားကာ အမျိုး သမီး ကိုယ်စားလှယ်လောင်းကို ပိုမိုနှစ်သက်သူက ၁၃ ရာခိုင်နှုန်းသာ ရှိပြီး မည်သို့မျှ သဘောမထားဟုဖြေကြားသူ ၁၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ တွေ့ဆုံ မေးမြန်းခဲ့သော အမျိုးသမီး ၄၄ ရာခိုင်နှုန်းက အမျိုးသား ကိုယ်စားလှယ်လောင်းကို ထောက်ခံပြီး ၃၈ ရာခိုင်နှုန်း သာ အမျိုးသမီး ကိုယ်စားလှယ်လောင်းများဘက်က ရပ်တည်ခဲ့ကြသည်။ နိုင်ငံရေးလောကသို့ ဝင်ရောက်လိုသော အမျိုးသမီးများအတွက် လူ့အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသည့် အခက်အခဲကို အထက်ပါ စစ်တမ်းက ပြသနေသည်ဟု ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသား ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးမှ ထင်ရှားသည့် အမျိုးသမီး လွှတ်တော် အမတ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။ “သူတို့က အမျိုးသား ကိုယ်စားလှယ်တွေ လုပ်တာကို အမျိုးသမီးကိုယ်စားလှယ်တွေ မလုပ်နိုင်ဘူးလို့ ထင်နေကြတာ။ ကျမကတော့ အမျိုးသမီးတွေကို ပိုတောင် ကြိုးစားစေချင်တာ” ဟုလည်း ၎င်းက ပြောသည်။ ယခုအခါ ရန်ကုန်တွင် ဥပဒေ၊ ကျား-မ တန်းတူရေးနှင့် နိုင်ငံရေး သင်တန်းကျောင်းကို တည်ထောင်ထားသူ ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ပိုမို ပါဝင်လာခြင်းသည် လက်ရှိ အားနည်းနေသော ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး အစီအစဉ်များကို ပိုမိုများပြားစေနိုင်သည်ဟု ပြောသည်။ လိင်ကွဲပြားမှုသည် အရေးမပါဘဲ စွမ်းဆောင်ရည်ကိုသာ အလေးထားသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။ “စစ်တမ်းဆိုတဲ့ သဘောက အဖြေတွေ ရေးထားတာကိုပဲ ရွေးရတာ။ ဒါပေမယ့် အဲဒီအဖြေတွေက လုံလောက်ချင်မှ လုံလောက်မှာပါ” ဟု ၎င်းက ပြောသည်။ ထိုစစ်တမ်းတွင် လူမှုစီးပွား ပြဿနာများ၊ အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အာဏာပိုင်များ၏ လွတ်လပ်မှုနှင့် နိုင်ငံရေး ပါတီများနှင့် မီဒီယာများ၏ စွမ်းဆောင်ရည်များကိုလည်း မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီ တခုကို ရွေးချယ်ရခြင်း၏ အဓိက အကြောင်းရင်းကို မေးသောအခါ ၃၄ ရာခိုင်နှုန်းက ပါတီကို ရွေးပြီး ၂၃ ရာခိုင်နှုန်းက ပါတီခေါင်းဆောင်ကို ရွေးကာ ၁၂ ရာခိုင်နှုန်းကသာ ကိုယ်စားလှယ်လောင်း၏ အရည်အသွေးကို ရွေးသည်။ စစ်တမ်းတွင် ဖြေကြားသူ ၈၅ ရာခိုင်နှုန်းက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြောင်း ဖြေကြားပြီး ၁၆ ရာခိုင် နှုန်းက မဲမပေးဟု ဖြေသည်။ သို့သော် ၇၇ ရာခိုင်နှုန်းက လာမည့် ၂၀၂၀ ခုနှစ ်ရွေးကောက်ပွဲတွင် မဲပေးကောင်း ပေးမည် ဟု ဖြေကြားခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ယှဉ်ပြိုင်သူ အမျိုးသမီး ၇၉၁ ဦးအနက် ၁၅၀ ဦးသာ အနိုင်ရသည်။ ပြည်သူ့လွှတ်တော်တွင် ၄၄ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၂၃ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ၈၃ ဦးသာ ရှိပြီး အမျိုးသမီးများ၏ ကိုယ်စားပြု ပါဝင်မှုမှာ ၁၃ ရာခိုင်နှုန်းသာ ရှိသည်။ ယခင်အစိုးရထက် ၃ ဆနီးပါး သို့မဟုတ် ၈ ရာခိုင်နှုန်း တိုးတက်လာသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် စမ်းယမင်းအောင်၏ Myanmar Voters Prefer Male Candidates: Survey ကို ဘာသာပြန်သည်။) The post အမျိုးသား ကိုယ်စားလှယ်လောင်းကို မြန်မာမဲဆန္ဒရှင်အများစု ပိုမို လိုလား appeared first on ဧရာဝတီ.
Source : http://ift.tt/2vbM7aw
via IFTTT

No comments:

Post a Comment