ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံမှ ပိုမိုကူညီရန် FPNCC တောင်းဆို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် တရုတ်နိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုုင်ငံ အရှေ့မြောက်ပိုင်း အခြေစိုက် တိုုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ – FPNCC က ၎င်းတို့၏ ၆ရက်ကြာ အစည်းအဝေးပွဲအပြီးတွင် မေတ္တာရပ်ခံလိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ပန်ဆန်းတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်သော FPNCC သည် သြဂုတ်လ ၁၈ ရက်မှ စတင်ကာ အစည်းဝေး ကျင်းပနေခဲ့သည်။ ထိုအဖွဲ့သည် အစိုးရနှင့် ညှိုနှိုင်းဆွေးနွေးရေးမူကိစ္စ၊ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ၊ တိုင်းပြည်၏ နိုင်ငံရေးအခြေအနေနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အထက်ပါ ၆ ရက်ကြာ စည်းဝေးပွဲသည် ကြာသပတေးနေ့က ပြီးဆုံးသွားသည်ဟု UWSA ၏ လားရှိုးဆက်သွယ်ရေးရုံးမှ ဦးညီရန်းက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။ သြဂုတ်လ ၂၄ ရက် ကြာသပတေးနေ့က ထုတ်ပြန်သော FPNCC ၏ကြေညာချက်တွင် “ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ရန် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပိုမိုဆောင်ရွက်ပေးသွားရန်အတွက် မေတ္တာရပ်ခံအပ်ပါသည်” ဟု ဖော်ပြထားသည်။ ထိုအဖွဲ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို FPNCC ၏ ဒု ဥက္ကဌ-၂ အဖြစ် ရွေးချယ်တင်မြှောက်ကြောင်းလည်း သိရသည်။ လက်ရှိ ဥက္ကဌမှာ UWSP/A အကြီးအကဲ ဦးပေါက်ယူချန်း ဖြစ်သည်။ “FPNCC ၏ နိုင်ငံရေးဆွေးနွေးညှိုနှိုင်းမှုဆိုင်ရာ မူဝါဒများနှင့် နည်းလမ်းများကို အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးညှိုနှိုင်းရာတွင် FPNCC အမည်ဖြင့်သာ တစုတစည်းတည်း ဆွေးနွေးသွားရန် မူဝါဒများအား ချမှတ်နိုင်ခဲ့ပါသည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ FPNCC အား တရားဝင်ဖိတ်ကြားလာပါက ပါဝင်တက်ရောက်သွားမည်ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ မေလက နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့ပြီး ၃ လနီးပါးကြာသည်အထိ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် FPNCC တို့အကြား မည်သည့်ဆွေးနွေးမှုမျှ မရှိပေ။ အစုအဖွဲ့လိုုက်တွေ့ဆုံမှုများ မဖြစ်ရခြင်းသည် အစိုးရ အထူးသဖြင့် တပ်မတော်က ၎င်းတို့ အစုအဖွဲ့ကို အသိအမှတ်မပြုလိုသောကြောင့်ပင် ဖြစ်သည်။ “FPNCC အနေဖြင့် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိုနှိုင်းဖြေရှင်းကာ ဆွေးနွေးညှိုနိုင်းမှုများမှ တဆင့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရန်အတွက် ဆွေးနွေးပွဲတံခါးကို အစဉ်အမြဲဖွင့်ထားကြောင်း” လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်မတော်၏ ထိုးစစ်များ ချက်ခြင်းရပ်တန့်ပေးရန်လည်း ၎င်းတို့က တောင်းဆိုသည်။ အစိုးရသည် လွန်ခဲ့သော ၆ နှစ်ကျော်က ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားမဟာမိတ်အဖွဲ့ ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ- UNFC နှင့်ဆွေးနွေးပွဲများ ဆက်ရှိနေသည်။ ယခုလအစောပိုင်းက ရန်ကုန်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အစည်းအဝေးတွင် အစိုးရနှင့် UNFC တို့သည် UNFC အဆိုပြုချက် ၈ ချက်အနက် တဝက်ကို သဘောတူညီမှုရခဲ့သည်ဟု ပြောဆိုထားသည်။ ထို ၈ ချက်သဘောတူညီမှုရမှသာ ၎င်းတို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA ကို လက်မှတ်ရေးထိုးမည် ဖြစ်သည်။ UNFC နှင့် FPNCC တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော သဘောထားချင်း မတူကြပေ။ UNFC က ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောလျှင် NCA ကို လက်မှတ်ရေးထိုးမည်ဟု ပြောဆိုထားပြီး FPNCC ကမူ NCA ကို အသစ်တခုဖြင့် အစားထိုး လဲလှယ်လိုသည်။ NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ နှင့် ပတ်သက်သော FPNCC ၏ သဘောထားကို မေလက ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲ လာရောက် တက်ရောက်စဉ်အတွင်း နေပြည်တော်တွင် အစိုးရကို အသိပေးခဲ့သည်။ ထိုသို့ တက်ရောက်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ UNFC အကြီးအကဲ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တခုသည် UWSA ၏ဖိတ်ကြားချက်အရ တနင်္လာနေ့တွင် ပန်ဆန်းသို့ သွားခဲ့သည်ဟု သတင်းများက ဆိုသည်။ UNFC က ၎င်းတို့၏ လျှို့ဝှက်ခရီးအတွက် မည်သည့် သတင်းအချက်အလက်မျှ ထုတ်ပြန်ခြင်း မရှိသော်လည်း ဝနှင့်ကိုးကန့်သတင်းဌာနများက ထိုအစည်းအဝေးသတင်းကို ဖေါ်ပြကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းတိုု့ မဟာမိတ် အဖွဲ့ ၂ ဖွဲ့အကြား နိုုင်ငံရေးအရ သဘောထားမတူသော်လည်း မြောက်ပိုင်းမဟာမိတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများစွာရှိသည်ဟု UNFC ကိုယ်စားလှယ်အဖွဲ့က ပြောကြောင်း တရုတ်ဘာသာဖြင့် ဖော်ပြသည့် ကိုးကန့်သတင်းဌာန Kokang News က သြဂုုတ် ၂၂ ရက်တွင် ဖော်ပြသည်။ ဇွန်လက UNFC ၏ အင်အားကြီး အဖွဲ့ဝင်တဖွဲ့ဖြစ်ခဲ့ပြီး ပူးတွဲတည်ထောင်သူလည်း ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် အဖွဲ့မှ တရားဝင်နှုတ်ထွက်သွားပြီးနောက် UNFC မဟာမိတ်အဖွဲ့သည် တစစီပြိုကွဲတော့မည်လားဆိုသည့် ခန်းမှန်းချက်များထွက်ပေါ်နေစေကာမူ UNFC သည် အစိုးရနှင့် ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နေသည်။ ထိုလတွင်ပင် အခြားအဖွဲ့ဝင်တဦးဖြစ်သော ၀ အမျိုးသားအဖွဲချုပ် -WNO က ထပ်မံနှုတ်ထွက်သွားပြီး UWSA နှင့်ပူးပေါင်းလိုက်သည်ဟု ယူဆရသည်။ UNFC အဖွဲ့ဝင်ဟောင်း ၄ ဖွဲ့ဖြစ်သော KIA ၊ တအောင်းန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ ကိုးကန့်တိုု့၏ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့သည်လည်း FPNCC အဖွဲ့ဝင်များဖြစ်ပြီး UWSA ၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလား) NDAA နှင့် ရက္ခိုင့်တပ်မတော်- AA တို့နှင့် အတူတူဖြစ်သည်။ ၎င်းတို့၏ မြောက်ပိုင်းအခြေစိုုက်အဖွဲ့များ မဟာမိတ် ဖြစ်သည့် FPNCC ဖြစ်တည်လာစေရန် တရားဝင် စုဖွဲ့မှုများ စတင်ခဲ့သည်မှာ ဖေဖေါ်ဝါရီလကဖြစ်သည်။ SSPP သည် လွန်ခဲ့သော၂ ပတ်က UNFC မှ နှုတ်ထွက်စာတင်ခဲ့သည်။ UNFC တွင် ယခုုလက်ရှိတွင် မွန်ပြည်သစ်ပါတီ- NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ- KNPP ၊ လားဟူ ဒီမိုကရေစီအဖွဲ့- LDU နှင့် ရခိုင်အမျိုးသားကောင်စီ – ANC တို့သာ ကျန်ရှိတော့သည်။ နိုင်ဟံသာသည် ၀ ဒေသသို့ ယခုနှစ် ဧပြီလအတွင်းကလည်း သွားရောက်ခဲ့ပြီး ယခု ထပ်မံသွားရောက်ခြင်းဖြစ်သည်။ ပထမတကြိမ်သွားရောက်စဉ်က ပထဝီအနေအထား ဝေးကွာသော်လည်း လူမျိုးစုများ အချင်းချင်းချစ်ကြည်ရေးအတွက် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။ UNFC အဖွဲ့ဝင်များသည် NCA နှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တို့နှင့် ပတ်သက်ပြီး အားလုံးပါဝင်ရေးမူပေါ်တွင် အခိုင်အမာရပ်တည်ပြီး မေလကကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံကို သပိတ်မှောက်ခဲ့သော်လည်း FPNCC အဖွဲ့ဝင်များသည် တရုတ်အရာရှိများ၏ အကူအညီဖြင့် ထိုညီလာခံကို တက်ရောက်ခဲ့သည်။ တချိန်တည်းတွင် နိုင်ဟံသာ ဒု ဥက္ကဌ အဖြစ်ဆောင်ရွက်သော မွန်ပြည်သစ်ပါတီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည် ဖြစ်သည်။ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များသည် ပြည်နယ်အစိုးရအရာရှိများနှင့် ဗုဒ္ဓဟူးနေ့ကတွေ့ခဲ့ပြီး ၎င်းတို့အဖွဲ့သည် တတိယအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမတိုင်မီ NCA ကို လက်မှတ်ထိုးနိုင်ရန် ကြိုးစားနေသည်ဟု ဗဟိုကော်မတီဝင် နိုင်ဝင်းလှက သတင်းထောက်များကို ပြောဆိုခဲ့သည်။ လက်ရှိအချိန်အထိ UNFC အဖွဲ့ဝင် လေးဖွဲ့တို့သည် မဟာမိတ်များအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း နောင်တွင် ထိုအတိုင်းဆက်လက်တည်ရှိမည်လား၊ သို့မဟုတ် ်မြောက်ပိုင်းမဟာမိတ်နှင့် ပူးပေါင်းမည်လားကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ The post ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံမှ ပိုမိုကူညီရန် FPNCC တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wcVpjC
via IFTTT
No comments:
Post a Comment