“သီးနှံတွေကို တနိုင်ငံတည်း ရောင်းဖို့ စိတ်မကူးဘဲ ကျန်တဲ့နိုင်ငံတွေကိုလည်း ထိုးဖောက်ဖို့ လိုတယ်” သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံက သွင်းကုန်ပေါ်လစီတွင် ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ကန့်သတ်ကုန်စည် အဖြစ် သတ်မှတ် လိုက်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်တဲ့ အတွက် အိန္ဒိယ ဝယ်လိုအား အပေါ် အဓိကမှီခိုနေရတဲ့ မြန်မာ့ ပဲစဉ်းငုံ နဲ့ မတ်ပဲဈေးဟာ ပြည်တွင်းမှာ တရှိန်ထိုး ပြုတ်ကျသွားခဲ့ပါတယ်။ အိန္ဒိယရဲ့ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲသွားတဲ့ အပေါ် အစိုးရချင်းညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပြည်တွင်း ကုန်သည် အဖွဲ့ အစည်းကြီး တချို့က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ထံ အကူအညီ တောင်းခံ စာများ ပေးပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သြဂုတ် ၂၅ ရက်က နေပြည်တော်မှာ စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး နဲ့ ဒေသအသီးသီးက ကုန်သည် အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို မန္တလေးမြို့ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ပဲနှမ်း ကုန်စည်ဒိုင်) ကိုယ်စားပြု သွားခဲ့တဲ့ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်နဲ့ ပဲဈေးကွက် အခြေအနေနဲ့ အလားအလာတို့ကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။ မေး။ ။ နေပြည်တော် အစည်းအဝေးမှာ မန္တလေးကုန်စည်ဒိုင်အနေနဲ့ ဘယ်အချက်တွေကို အဓိကထား ဆွေးနွေးခဲ့လဲ ဆိုတာလေး အရင်သိပါရစေ။ ဖြေ။ ။ ဒိုင်အနေနဲ့ အချက်သုံးချက်ကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ ပထမတချက်ကတော့ အိန္ဒိယ-မြန်မာ အစိုးရချင်း (Government to Government, G to G) အရောင်းအဝယ် စနစ်နဲ့ မြန်မာပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကို ကိုဒါ အများဆုံး ရရှိအောင် ဆောင်ရွက်ဖို့၊ ဒုတိယတချက်က ပြည်တွင်းမှာ ပဲဈေးကွက် ရေရှည်တည်ငြိမ်မှုကို ထိန်းညှိနိုင်ဖို့ အတွက် နိုင်ငံတော်အဆင့် ဝန်ကြီး ဌာနက ကုမ္ပဏီအစုအဖွဲ့ သီးသန့်ဖွဲ့စည်းပြီး အခြေခံဈေး သတ်မှတ်ပေးဖို့၊ နောက်ဆုံး အချက် ကတော့ လက်ရှိ ပဲစဉ်းငုံစိုက်တဲ့ မြေပေါ်မှာ ရာသီဥတုနဲ့ မြေအမျိုးအစား ကိုက်မယ့် ဈေးကွက်ရှိတဲ့ သီးနှံ အမျိုးအစား တွေ ကို ပြောင်းလဲစိုက်ပျိုးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိဌာနတွေက တောင်သူ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီ အချက်သုံးချက်ကို မနေ့က မန္တလေးကုန်စည်ဒိုင်ရဲ့ ကြေညာချက် အဖြစ် လည်း ထုတ်ပြန်ခဲ့ပါတယ်။ မေး။ ။ အဲဒီ အစည်းအဝေး အပြီးမှာကော ဘယ်လို ရလဒ်တွေ ရခဲ့ပါသလဲ။ ဖြေ။ ။ နေပြည်တော် ညှိနှိုင်းအစည်းအဝေး အပြီးမှာတော့ အချက် ၁၀ ချက် ထွက်လာပါတယ်။ အဲဒါတွေကတော့ မြန်မာ ပဲတွေ အိန္ဒိယ တင်ပို့နိုင်ရေး အတွက် လိုအပ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေပြုဖို့ ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ တရပ် ဖွဲ့စည်းရန်၊ အဲဒီ ကော်မတီကနေ နှစ်နိုင်ငံ ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ဖို့ ညှိနှိုင်း ဆောင် ရွက် ရန်၊ လက်ကျန်ပဲတွေ ရှိနေတဲ့အတွက် ပြည်တွင်းပဲဈေးကွက် တည်ငြိမ်ဖို့ အစိုးရ၊ ပုဂ္ဂလိက စိုက်ပျိုး ထုတ်လုပ်သူတွေ ပူးပေါင်းပြီး သင့်တော်တဲ့ နည်းလမ်းနဲ့ ကူညီထောက်ပံ့ပေးရန်၊ မကြာမီပေါ်တော့မယ့် ပဲစဉ်းငုံ အသစ်တွေ အတွက်လည်း တောင်သူတွေ မနစ်နာအောင် ဥပဒေအရ စီစဉ်ဆောင်ရွက်ရန်၊ မတ်ပဲ၊ ပဲစဉ်းငုံအစား ကမ္ဘာ့ဈေးကွက် ဝေစု ရနိုင်မယ့် အခြား ကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ရန်၊ လက်ကျန်ပဲတွေကို ပြည်တွင်း စားသုံးမှုမှာ သုံးစွဲနိုင်ဖို့ နည်းလမ်းရှာရန်၊ ပဲမျိုးစုံကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) လုပ်ပြီး အခြားနိုင်ငံ တွေကို တင်ပို့နိုင်ဖို့ အတွက် ငွေကြေးနဲ့ နည်းပညာရရှိအောင် ဆောင်ရွက်ရန်၊ ပဲမျိုးစုံကဏ္ဍနဲ့ သက်ဆိုင်နေတဲ့ သူတွေ ပါဝင် တဲ့ ဆွေးနွေးပွဲတခု ကျင်းပပြီး နည်းလမ်းများ ဖော်ထုတ်ရန်၊ ပဲတင်သွင်းမှု ဆိုင်ရာ အခြေအနေတွေနဲ့ သီးနှံဈေးကွက် သတင်း အချက်အလက် တွေကို တောင်သူတွေ သိရှိအောင် အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ရန်၊ ပဲမျိုးစုံဈေးကွက်သစ် ရဖို့ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ရှာဖွေရန် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မေး။ ။ အကယ်၍ နှစ်နိုင်ငံအစိုးရချင်း G to G အရောင်းအဝယ်စနစ် ဖြစ်လာခဲ့ရင် ပြည်တွင်း ဈေးကွက်က ဘယ်လိုပုံစံ ဖြစ်သွားနိုင်မလဲ။ ဖြေ။ ။ အစိုးရချင်း အရောင်းအဝယ်ဖြစ်တဲ့ အတွက် ဈေးကွက်ကတော့ ခိုင်မာမယ်။ ဒါပေမယ့် ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကြမ်းခင်း ဈေးနှုန်းတခု ဖြစ်အောင်တော့ သတ်မှတ်ရမယ်။ ဟိုဘက်က (အိန္ဒိယ) ဝယ်သူဆိုတော့ ဈေးကို သူတို့ သတ်မှတ် မယ် ဆိုရင် အောက်ဆုံးဈေးဖြစ်မှာ သေချာတယ်။ အဲဒီအခါကျ ဒီက တောင်သူတွေ၊ ကုန်သည်တွေ နစ်နာမယ်။ အဲဒီလို မဖြစ်အောင်တော့ အပြန်အလှန်ညှိနှိုင်းဖို့ လိုပါမယ်။ မေး။ ။ အဲဒီလိုဆွေးနွေးမှုတွေ လုပ်ပြီးသွားတဲ့နောက် မန္တလေးဈေးကွက်မှာ ဘာတွေပြောင်းလဲမှုတွေ ဖြစ်လာ ပါသေးလဲ။ ဖြေ။ ။ ၂၅ ရက်နေ့ အစည်းအဝေးလည်းပြီးရော ပဲစဉ်းငုံနဲ့ မတ်ပဲ ဈေးလေး နည်းနည်းပြန်တက်လာတယ်။ မနေ့ကဆိုရင် ပဲစဉ်းငုံတအိတ်ကို ကျပ် ၄သောင်းခွဲ လောက်အထိ (သုံးတင်းဝင် တအိတ် ဈေး) ပြန်ဖြစ်လာတယ်။ မတ်ပဲဆိုရင် ၆၈၀၀၀ လောက် ပြန်တက်လာတယ်။ မေး။ ။ အဲဒါဆိုရင် လတ်တလော ဈေးကွက်မှာ ဈေးနည်းနည်း ပြန်တက်လာပြီဆိုတော့ အရောင်းအဝယ် အခြေအနေ ကော ဘယ်လိုရှိပါသလဲ။ ဖြေ။ ။ ဈေးပြန်တက်ပေမယ့် အရောင်းအဝယ်ကတော့ အရမ်းကြီး မဟုတ်သေးပါဘူး။ မဖြစ်မနေဝယ်ဖို့ လိုအပ်တဲ့ လက်လီ သမားလေးတွေပဲ ရောင်းဝယ် နေတာလောက်ပဲ ရှိတာပါ။ အထိနာတဲ့သူတွေ ကလည်း နာနေပြီဆိုတော့ စောင့်ကြည့် အနေ အထားပဲ ဖြစ်နေတယ်။ ရှေ့လမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့မယ်ဆိုတဲ့ အတွက် အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာ အားလုံးက စိတ်ဝင်စားနေကြတယ်။ အဲဒါ ပြီးရင်တော့ တခုခု ထူးခြား လာဖို့ မျှော်လင့်ရတာပါပဲ။ မေး။ ။ ပြည်တွင်းမှာ ပဲစဉ်းငုံနဲ့ မတ်ပဲ လက်ကျန် တန်ချိန်ဘယ်လောက် ရှိပါသေးလဲ။ ဖြေ။ ။ တပြည်လုံး အတိုင်းအတာအရဆိုရင် ပဲစဉ်းငုံက အခုလက်ကျန် တန်ချိန် ၁ သိန်းလောက်ရှိတယ်။ ပြီးတော့ လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ အသစ်ပေါ်မှာဆိုတော့ တန်ချိန် ၃ သိန်းလောက်ရှိမယ်။ ပဲစဉ်းငုံကိုက ပြည်တွင်းမှာ တန်ချိန် ၄ သိန်းလောက် ဖြစ်သွားမယ်။ မတ်ပဲကတော့ တော်သေးတယ် ပြောရမယ်။ သူက အခုထိ မစိုက်ရသေးတဲ့ အတွက် လက်ကျန်အနေနဲ့ တန်ချိန် တသိန်းလောက်ရှိတယ်။ မေး။ ။ အဲဒါဆိုရင် လောလောဆယ်မှာ အိန္ဒိယမဝယ်တဲ့အတွက် ပြည်တွင်းမှာ စုပုံနေတဲ့ အဲဒီပဲတွေကို အခြားနိုင်ငံတွေမှာ ဈေးကွက်သစ် ရှာမယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ။ ဖြေ။ ။ ဈေးကွက်သစ် ရှာမယ်ဆိုရင်တော့ Value Added လုပ်နိုင်ဖို့ အရေးကြီးတယ်။ ပြည်တွင်းမှာလည်း အဲဒီလို ပဲ သန့်စင် ကြိတ်ခွဲစက်ကြီးတော့ ရှိပါတယ်။ လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ အဲဒီလို လုပ်မယ်ဆိုရင် ဥရောပတို့၊ အာဖရိက တို့တော့ ပို့နိုင်မယ်။ ဒါပေမယ့် ဥရောပဆိုရင်တော့ ဒီအဆင့်ကို လက်မခံဘူး။ သူတို့ ဈေးကွက်က ဈေးကောင်းလည်း ရသလို ပစ္စည်း အရည်အသွေးလည်း မြင့်အောင်လုပ်မှ ရမယ်။ ပိုးသတ်ဆေး သုံးတာကအစ ပဲအရွယ်အစား၊ အရောင် အသွေး၊ စိုထိုင်းဆ စတဲ့ အသေးစိတ်တွေ သတိထားဖို့ လိုလာတယ်။ မေး။ ။ ပဲဈေးကွက် အခုလိုဖြစ်နေတဲ့ အချိန်မှာ အိန္ဒိယဘက်ကို ပင်လယ် ရေကြောင်းကနေ မဟုတ်ဘဲ နယ်စပ်ကနေ မှောင်ခိုပို့ဖို့ တာဆူနေတဲ့ ကုန်သည်တွေကော ရှိလား။ ဖြေ။ ။ ဒီကနေ ဒုတိယလမ်းအနေနဲ့ တမူးကိုပို့ဖို့ဆိုပြီး တာဆူနေတာတွေတော့ ရှိတယ်။ တမူးကနေ မွန်ဘိုင်း ဈေးကွက်ကို သွားမှာပေါ့။ ဒါပေမယ့် အခုထိတော့ လက်တွေ့ အကောင်အထည် ဖော်တယ်လို့ အသံ မကြားရသေးဘူး။ ဟိုဘက်က လည်း ဈေးမေးတယ်။ ပစ္စည်းနမူနာတော့ ပို့ခိုင်းတယ်။ လက်တွေ့ ဝယ်သံ မကြားမိသေးဘူး။ ပင်လယ်ရေကြောင်းက သွား သလောက်တော့ အင်နဲ့အားနဲ့ မထွက်နိုင်ဘူးလေ။ အလွန်ဆုံးထွက်ရင် ၃၀ ရာခိုင်နှုန်းလောက်ပဲ ရမယ်။ ဒါပေမယ့် အဲဒီ လမ်းကြောင်းက နယ်စပ်ဘက်မှာ လက်နက်ကိုင် တပ်ဖွဲ့လည်း ရှိတော့ ကုန်သည်အတွက် အန္တရာယ်များတယ်။ ရင်းရမှာ များ တယ်။ မေး။ ။ မန္တလေး ကုန်စည်ဒိုင်က တင်ပြတဲ့အထဲမှာ ပဲစဉ်းငုံအစား အခြားဈေးကွက်ရှိမယ့် ပဲမျိုး ပြောင်းစိုက်ဖို့ ကိစ္စလည်း ပါတော့ လာမယ့်နှစ်မှာ ဈေးကွက် အလားအလာ ရှိနိုင်မယ့် ပဲအမျိုးအစားတွေကို ခန့်မှန်းပေးပါဦး။ ဖြေ။ ။ စားတော်ပဲ၊ မြေတောက်ပဲ ဆိုရင် ဒီနှစ်ဈေး အရမ်းကောင်းသလို ပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်သွားပြီး။ မြေတောက်ဆို ၂ နှစ်ဆက်တိုက် ဈေးကောင်းလာတယ်။ ပြီးတော့ ပဲကြီး၊ ပဲပုပ်စေ့၊ ပဲနီပြား၊ ထောပတ်ပဲ စတဲ့ ပဲတွေလည်း ဈေးကောင်းမယ်လို့ မှန်းပါတယ်။ အဓိကကတော့ ပြည်တွင်း အသုံးရှိတယ်။ လက်ရှိဈေးကွက်မှာလည်း ဈေးကောင်းရနေ တဲ့ ပဲမျိုးတွေကို ပြောင်းစိုက်ဖို့ တောင်သူတွေကို တိုက်တွန်းချင်ပါတယ်။ တကယ်လို့ တောင်သူရဲ့ မြေက အဲဒီပဲတွေကို စိုက်လို့မရဘူး ဆိုရင်လည်း ဈေးကွက် အလားအလာမရှိတဲ့ ပဲကို ထပ်စိုက်မယ့် အစား စိုက်လို့ရအောင် မြေပြုပြင်တာမျိုး တွေ လုပ်သင့်ပါတယ်။ မေး။ ။ ပြီးခဲ့တဲ့တပတ်က ဖေ့စ်ဘုတ်ပေါ် တက်လာတဲ့ ပဲဖိုး သိန်းချီ လိမ်ပြေးတဲ့ သတင်းအမှားလိုမျိုး အခုလို ပဲဈေး မတည်ငြိမ် ချိန်မှာ အဲဒီလိုကိစ္စမျိုးတွေ ဖြစ်လာနိုင်လား။ မဖြစ်အောင် ဒိုင်အနေနဲ့ သတိပေးတာမျိုးတွေ ရှိပါသလား။ ဖြေ။ ။ ငွေကြေး လိမ်ပြေးတာမျိုး အခုထိတော့ မရှိသေးပါဘူး။ အဲဒီလိုကိစ္စတွေက ပဲဈေး အရမ်းတက်သွားတဲ့ အချိန်သာ ငွေမနိုင်တော့ဘဲ ပြေးတာမျိုးတွေဖြစ်တာပါ။ အခုလိုကျသွားတဲ့ အချိန်မှာ ဖြစ်ခဲပါတယ်။ အဲဒီအတွက် သတိပေးတာမျိုး လုပ်ဖို့တော့ မရှိပါဘူး။ မေး။ ။ အခုလက်ရှိ ပဲဈေးကွက် ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် အပေါ် ကုန်သည် တယောက်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။ ဖြေ။ ။ လောလောဆယ်တော့ သူတို့လည်း ဘာမှ မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးဘူး ဆိုတာက ရှေ့လမှာ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တွေ့ကြမယ်ဆိုတော့ သူတို့တွေ့တဲ့ အခါ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအနေနဲ့ ပြောမယ်ဆိုမယ် ဆွေးနွေးမယ်ဆိုရင် သူတို့ရဲ့ ဆွေးနွေးချက်အပေါ် မူတည်ပြီး လုပ်သွားရမှာပဲလေ။ ဆွေးနွေးလို့ ပြေလည် သွားရင်တော့ ဒီနှစ်အတွက် ပြေလည်သွားမှာပေါ့။ ဒါပေမယ့် နောက်နှစ်အတွက်တော့ အတပ်မပြောနိုင်ဘူးလေ။ ပြေလည်တာမပြေလည်တာ နောက်ထားပါ။ ခုန ကုန်သည် တွေ တောင်းဆိုတဲ့ အချက်တွေက ဝန်ကြီးဌာနအနေနဲ့ လုပ်ကိုလုပ်ရမှာပါ။ အဓိကကတော့ ကိုယ့်ပြည်တွင်းက ထွက်တဲ့ သီးနှံတွေ ကို တနိုင်ငံတည်း ရောင်းဖို့ စိတ်မကူးဘဲ ကျန်တဲ့နိုင်ငံတွေကိုလည်း ထိုးဖောက်ဖို့ လိုတယ်။ ကုန်ကြမ်းသွားလို့ မရရင် ကုန်ချော နဲ့ ထိုးဖောက်ရမယ်။ အဲဒီအပိုင်းက သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ ပညာရှင်တွေ ပူးပေါင်းပြီး လုပ်ဆောင်မှု ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ။ The post “သီးနှံတွေကို တနိုင်ငံတည်း ရောင်းဖို့ စိတ်မကူးဘဲ ကျန်တဲ့နိုင်ငံတွေကိုလည်း ထိုးဖောက်ဖို့ လိုတယ်” appeared first on ဧရာဝတီ.
Source : http://ift.tt/2wLJgoZ
via IFTTT
No comments:
Post a Comment