ဘူးသီးတောင်ကိုလာသည့် မောင်တောဒေသခံများ တိုက်ခိုက်ခံရ၍ သေဆုံး ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကြောင့် မောင်တောမှ ဘူးသီးတောင် ဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် သွားသည့် ရခိုင်တိုင်းရင်းသားအချို့ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးသွားကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မှ သိရသည်။ အဆိုပါ ရခိုင်တိုင်းရင်းသားများသည် မောင်တောမှ ဘူးသီးတောင်ဘက်သို့ လာစဉ် မောင်တောမြို့နှင့် ၃ မိုင်အကွာ ဇူလာ (ဘင်္ဂါလီ)ရွာ၌ သြဂုတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ၍ ရခိုင်လူမျိုး ၄ ဦး သေဆုံးသွားခဲ့ကြောင်း ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီကို ပြောသည်။ “မောင်တောအခြေအနေက အဆိုးဆုံးပါ။ မောင်တောက ဘူးသီးတောင်ကို လာတဲ့ ရခိုင်လူမျိုးတွေကို ဝိုင်းခုတ်သတ်လို့ အခု ၄ ယောက် သေပါတယ်။ အခင်းဖြစ်တာ မောင်တော ၃ မိုင် ဇူလာကုလားရွာမှာပါ။ အခုပဲ အကူအညီ တောင်းပါ တယ်”ဟု ဆိုသည်။ မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့် ၂ မိုင်အကွာရှိ လဘော်ဝါကျေးရွာ၌လည်း မြိုတိုင်းရင်းသား ၁၅၀ အဝိုင်းခံနေရပြီး အကူအညီ တောင်းနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်း ရောက်ရှိ သတင်းယူနေသော ဧရာဝတီသတင်းထောက်က “အသတ်ခံရတဲ့နေရာနားမှာ လုံခြုံရေး ၁၀ ယောက်ရှိတယ်။ ဘာမှ လုပ်မပေးနိုင်ဘူး။ သုံးမိုင် သာစည်ရွာနဲ့ ကပ်လျက်ရှိနေတဲ့ ဇူလာ မွတ်စလင်ရွာမှာ ၁၁ နာရီ လောက် မီးလောင်နေတာတွေ့လို့ လယ်ကွင်းနားကို ရွာသား၅ယောက်က သွားကြည့်တယ်။ အဲဒီအချိန်မှာ လယ်ကွင်းထဲ ပုန်းနေတဲ့ အကြမ်းဖက်သမား ၁၀ ယောက်လောက်က ရုတ်တရက် ခုန်ထွက်လာပြီး ဓားနဲ့ခုတ်တယ်။ အဓိက ခုတ်တာက ၄ ယောက် လောက်ပါပဲ။ ဖြစ်တာက ကားလမ်းမနဲ့ ဇူလာရွာကြားမှာ။ နည်းနည်းလှမ်းတော့ တပ်က မပစ်ရဲဘူး။ မိုးပေါ်ထောင်ပြီး လေးချက်ပစ်တယ်။ မပြေးကြဘူး။ တပ်ကလည်း အဲဒီကို မသွားရဲဘူး။ အဲဒီရွာက လူတွေမှာက သေနတ်ရှိတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်က ရဲကင်း ၃၀ ကို Arakan Rohingya Salvation Army(ARSA) အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုများ တပြိုင်တည်း ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒိူဘာသာဝင် ၆ ဦးတို့ သေဆုံးခဲ့သည်။ လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP)သည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၇ ရက်က အစည်းအဝေး ကျင်းပပြီး ပိတ်မိနေသူများ ကယ်ထုတ်ရေး အပါအဝင် စားနပ်ရိက္ခာ လိုအပ်နေသောနေရာများသို့ ရိက္ခာထောက်ပံ့ပေး ရေးနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရေး အချက် ၃ ချက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ANP မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က“ တစ် အချက်ကတော့ အခက်ခဲဆုံးပါ။ ကိုယ်တိုင် လုပ်ခွင့် မရှိဘူး။ လုံခြုံရေးနဲ့တပ်ကို ရရှိသတင်းကို အထပ်ထပ် စိစစ်ပြီး ပေးပို့ အကူအညီ တောင်းခံရပါတယ်။ မနေ့ (သြဂုတ် ၂၉ ရက်) က မြဝတီရွာအနားမှာ ကျန်ရှိနေတဲ့ မြို တိုင်းရင်းသားတွေကို တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ပေးရတယ်။ မောင်တော တောင်ပိုင်း ကျောက်ပန်းတူကျေးရွာမှာလည်း နေမကောင်းဖြစ်နေတဲ့ လူများနေကြောင်း ရခိုင်ရွာတခုခုကို ကယ်ထုတ် ပေးဖို့ ဆက်သွယ်တာ ရှိနေပါတယ်။ အဓိကအခက်အခဲက မောင်တော မြောက်ပိုင်းပါ။ လမ်းမှာ လက်လုပ်မိုင်း အပြည့် ထောင်ထားပါတယ်” ဟု ဧရာတီကို ပြောသည်။ ဘူးသီးတောင်မြို့နယ်သို့ ANP အတွင်းရေးမှူး ဦးသာထွန်းလှနှင့် အဖွဲ့က သွားရောက်၍ စားနပ်ရိက္ခာ ထောက်ပံ့ မှုများ ပြုလုပ်နေပြီး မောင်တောမြို့နယ်ကို ANP ဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးနှင့် အဖွဲ့အပြင် မောင်တောမြို့ နယ် ANP အဖွဲ့ဖြင့် ပူးပေါင်းကာ စားနပ်ရိက္ခာထောက်ပံ့မှုများ ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ ANP ပါတီက လေးမိုင် ဒုက္ခသည်စခန်းနှင့် လေးမိုင် ရပ်ကွက် အထက ခွဲ-၂ ရှိ ရွှေရင်အေး၊ ခရေမြိုင်၊ ငွေတောင်၊ ကင်းချောင်း၊ ပြားသားရွာ၊ သာယာကုန်း၊ မကျည်း ကုန်း၊ သစ်တောရွာ၊ ရွှေဗဟို ကျေးရွာများမှ လာရောက် ခိုလှုံ နေကြသော ဒေသခံတိုင်းရင်းသားများထံ ဆန်၊ ဆီ၊ စား၊ ငရုတ် ၊ ငါးပိတို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ The post ဘူးသီးတောင်ကိုလာသည့် မောင်တောဒေသခံများ တိုက်ခိုက်ခံရ၍ သေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2gqIvLn
via IFTTT
No comments:
Post a Comment