ဧရာဝတီမြစ်ရေ တပတ်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင် ဧရာဝတီ မြစ်ရေ ဝင်ရောက်နေသည့် မြို့အချို့သည် မြစ်ရေ စတင်ကျနေပြီဖြစ်ပြီး လာမည့် တပတ် အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ၂ ပေခန့်စီ ကျော်လွန် နေပြီး ဟင်္သာတမြို့တွင် နောက် ၃ ရက်အတွင်းနှင့် ဇလွန်မြို့တွင် နောက်၄ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အသီးသီးအောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။ “ဧရာဝတီဘက်ထဲမှာ ရှိတဲ့ ဟင်္သာတ၊ ဇလွန်၊ ဆိပ်သာ၊ မအူပင်တို့မှာ စကျနေပြီ။ အကျတော့ နှေးတယ်။ အဓိကက မြစ်ဝကျွန်းပေါ် ဖြစ်နေတော့ ဒီရေကလည်း တိုးတဲ့အတွက်ကြောင့်မို့လို့ နောက် ၃ရက်အတွင်းမှာ ၁ ပေလောက်ကျနိုင်တယ်။ နောက် ၆ ရက် ၇ရက်လောက်အတွင်းမှာ စိုးရိမ်ရေမှတ်အောက်ကို ရောက်သွားနိုင်တယ်” မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။ မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၂ ပေခန့်ကျော်လွန်နေသော ဟင်္သာတမြို့သည်လည်း မြစ်ရေ စတင်ကျနေပြီဖြစ်ပြီး ယခုရက်ပိုင်းတွင် တက်ခဲ့သော မြစ်ရေသည် ယခင်လက တက်ခဲ့သော မြစ်ရေလောက် မများသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဧရာဝတီသို့ ပြောသည်။ “ မြစ်ရေကတော့ ပြန်ကျနေတယ်။ တအိအိပြန်ကျနေတယ် ဝုန်းခနဲတော့ ပြန်မကျဘူးပေါ့ ။ စိုးရိမ်စရာ မရှိပါဘူး။ ပထမရေလောက်ကို မတက်သေးပါဘူး ပြန်လည်း ပြန်ကျနေပါပြီ” ဟု ၎င်းက ပြောသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ The post ဧရာဝတီမြစ်ရေ တပတ်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2xyk82o
via IFTTT
No comments:
Post a Comment