လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့် မွန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား တာဝန်မှ ရပ်စဲ မွန်ပြည်နယ်ရှိ မြို့နယ်များမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇ ဦးအား လုပ်ပိုင်ခွင့်ထက် ကျော်လွန် ဆောင်ရွက်ခဲ့၍ တာဝန်မှ ရပ်စဲစေခဲ့ပြီး ၂ ဦးအား တာဝန်မှ ရပ်စဲရန် ဆောင်ရွက်နေကာ ၂၉ ဦးတို့ကို စုံစမ်း စစ်ဆေးနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ “သူ့လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ရှိတယ်၊ ကျေးရွာအုပ်ချုပ်ရေး ဥပဒေမှာလေ၊ သူတို့က ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေရဲ့ တာဝန်လုပ်ပိုင်ခွင့်တွေထက် ကျော်လွန်ပြီးတော့ ဆောင်ရွက်တာတွေ ရှိတယ်။ စစ်ဆေးလို့ ပေါ်ပေါက်ရင် တာဝန်ကနေ ရပ်စဲတယ်” ဟု ၎င်းက ပြောသည်။ တာဝန်မှ ရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူးများနှင့် စုံစမ်း စစ်ဆေးမှု ခံနေရသည့် အုပ်ချုပ်ရေးမှူးများသည် မြေယာကိစ္စများတွင် တာဝန်နှင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန် ဆောင်ရွက်ခဲ့မှုကြောင့် အရေးယူခံရမှုများ အများဆုံး ဖြစ်ကြောင်း၊ ယခင် မွန်ပြည် နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်တွင်လည်း ထိုအုပ်ချုပ်ရေးမှူးများအား ကိုင်တွယ် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ပြီး ထိုစဉ်၌ စာဖြင့် သတိပေးခဲ့ကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ဒေါက်တာအေးဇံ မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့ပြီးနောက် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများအား တာဝန်မှ ရပ်စဲသည်အထိ အရေးယူ ဆောင်ရွက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ဆိုသည်။ ၂၀၁၇ မတ်လမှ စ၍ သြဂုတ်လ အထိ တာဝန်မှ ရပ်စဲခံရပြီး ဖြစ်သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှာ ပေါင်မြို့နယ်မှ ၃ ဦး၊ ကျိုက်ထို မြို့နယ်မှ ၃ ဦးနှင့် ချောင်းဆုံမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကာ ဆက်လက်၍ တာဝန်မှ ရပ်စဲရန် ဆောင်ရွက်နေဆဲမှာ မုဒုံနှင့် မော်လမြိုင်မြို့နယ်တို့မှ ၁ ဦးစီ ဖြစ်ကြောင်း သိရှိရသည်။ ပေါင်မြို့နယ်အတွင်း တာဝန်မှ ရပ်စဲခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများမှာ သက်ငယ်မုဒိမ်းမှုကို နှစ်ဖက်ကျေအေးရန် ကျပ်သိန်း ၇၀ ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာတွင် ပါဝင်ခဲ့မှု၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း နစ်နာစေရန် အာဏာ အလွဲသုံးစားပြု၍ ဆောင်ရွက် မှုနှင့် ဘုံလယ်မြေကို အကွက်ရိုက် ရောင်းစားမှုဖြင့် ရပ်စဲခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃ ဦးတို့မှာ လည်း မြေယာကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးခံနေရကြောင်း အမည်မဖော်လိုသည့် ပေါင်မြို့ခံ တဦးက ပြောသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ် တော် သက်တမ်း၌ ယခု ၂၀၁၇ ခုနှစ် သြဂုတ်လ အထိ တိုင်စာပေါင်း ၅၀၀ ခန့် ရရှိထားပြီး မြေယာနှင့် ပတ်သက်သည့် တိုင်စာမှာ ၆၀ ရာခိုင်နှုန်းကျော် ရှိကြောင်း မွန်ပြည်နယ် လွှတ်တော်၏ တိုင်စာ၊ အသနားခံစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြော သည်။ “ရွာမြေတွေ ၊ မြေလွတ်တွေကို ကျေးရွာ ရန်ပုံငွေ ခေါင်းစဉ်နဲ့ အကွက်ရိုက်ပြီး ရောင်းတယ်၊ အဲဒီငွေတွေကို သူတို့က စီမံခန့်ခွဲတယ်၊ အဲဒီလိုကိစ္စ တိုင်စာတွေ များတယ်၊ နောက်တခုကတော့ မြေအရောင်း ကိစ္စတွေမှာ ဟိုဘက် ဒီဘက် ပိုက်ဆံယူတဲ့ ကိစ္စတွေပေါ့။ အဲဒီလို ကိစ္စရပ်တွေလည်း များတယ်” ဟု ၎င်းက ဆိုသည်။ ကျိုက်ထို မြို့နယ်မှ သိမ်ဇရပ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဦးကလည်း ၂၀၁၇ ခုနှစ်၊ မေလအတွင်း၌ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများ မြေယာနှင့် ပတ်သက်သည့် အရောင်းအဝယ် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မပြုရန် မွန်ပြည်နယ် ဝန်ကြီး ချုပ်က နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများကိုလည်း ခေါ်ယူ ပြောဆိုခဲ့ကြောင်း ဆိုသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒေါက်တာ အေးဇံ စတင် တာဝန်ယူခဲ့သည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မိန့်ခွန်း ပြောကြားရာ၌ လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှူးများအား ကိုင်တွယ်ရန်၊ ဒေသတွင်း ကြီးထွားလာနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား အသုံးပြုမှုအား ထိန်းချုပ်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တိုးမြှင့် လုပ်ဆောင်ပေးရန် ကတိပြု ပြောကြားခဲ့သည်။ The post လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့် မွန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား တာဝန်မှ ရပ်စဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2wLyE9G
via IFTTT
No comments:
Post a Comment