Wednesday, August 30, 2017


အကြမ်းဖက်မှုကြောင့် မြန်မာ့အပြောင်းအလဲ မကျဆုံးပါစေနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရဲနှင့် တပ်စခန်းများကို စစ်သွေးကြွများက သောကြာနေ့ သန်းခေါင်ယံအချိန် တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် မြန်မာ့နိုင်ငံရေးတွင် တဆစ်ချိုး အလှည့်အပြောင်းတခု ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အစိုးရက ဖြစ်ပွားနေသော မငြိမ်မသက်မှုကို လှုံ့ဆော်နေသော Arakan Rohingya Salvation Army ကို အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ကြေညာပြီး ထောက်ခံပံ့ပိုးသူများကိုလည်း အရေးယူမည်ဟု ကြေညာသည်။ ယင်းသည် အစိုးရနှင့် တပ်မတော်တို့ ကြုံနေရသော တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများနှင့်မတူသော စစ်ဆင်ရေးသစ်ကို ဆင်နွှဲရမည်ဖြစ်ကြောင်း တရားဝင် ကြေညာခြင်းဖြစ်သည်။ သို့သော် ယင်းအကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲကို မည်သူက ဦးစီးပြီး မည်သို့ဗျူဟာများဖြင့် ဖြေရှင်းကိုင်တွယ်သွားမည် ဆိုသည်မှာ မရှင်းလင်းလှပေ။ နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ ထုတ်ပြန်ကြေညာချက်များအရ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုမှ ဦးစီးကိုင်တွယ်မည့် အနေအထားဆီသို့ လမ်းကြောင်းနေသော်လည်း ယင်းအဖွဲ့တွင် မည်သူများပါဝင်ပြီး မည်သည့် လုပ်ပိုင်ခွင့်များရှိသည်ကို အများပြည်သူက မသိရှိရသေးပါ။ မြန်မာ့အနောက်တံခါးနှင့် အနီးဆုံးဖြစ်သော ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားများအနေဖြင့်မူ ကာ/လုံ ဟု အတိုကောက်ခေါ်ကြသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အလျင်အမြန် ခေါ်ယူပြီး ယင်းမှတဆင့် ရခိုင်အရေးကို ကိုင်တွယ်ရန် လိုလားတောင်းဆိုနေသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို အရေးပေါ်အခြေအနေ ကြေညာရန် တောင်းဆိုနေကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဖွဲ့ဝင် ၁၁ ဦးပါ ကောင်စီသည် သမ္မတက ဦးစီး၍ အစည်းအဝေး ခေါ်ယူနိုင်ပြီး နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာခွင့်ကို ပေးထားသည်။ ကောင်စီတွင် သမ္မတ၊ ဒု သမ္မတ ၂ ဦး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် စစ်ဘက်က ခန့်အပ်သော ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်သောကြောင့် အချို့က တိုင်းပြည်ရေးရာများ ဆွေးနွေး အကောင်အထည်ဖော်ရန် စစ်ဘက် အရပ်ဘက် တွေ့ဆုံရန် အကောင်းဆုံးဟု မြင်ကြသည်။ ကာ/လုံ အစည်းအဝေးအပါအဝင် မည်သည့် နေရာတွင် တွေ့ဆုံဆွေးနွေးစေကာမူ နိုင်ငံရေးနှင့် စစ်ရေးအရ ဖြစ်ပေါ်လာသော စိန်ခေါ်မှုကို ရင်ဆိုင်ကိုင်တွယ်ရာတွင် အရပ်ဘက်ရော စစ်ဘက်ပါ ပူးတွဲလုပ်ဆောင်ရမည်မှာ သမိုင်း၏ တောင်းဆိုချက် ဖြစ်သည်။ ထို့ပြင် အရေးကြီးသည်မှာ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲသည် မြန်မာနိုင်ငံ တနိုင်ငံတည်း ဖြစ်ပွားနေသည် မဟုတ်၊ နိုင်ငံတကာနှင့် ဒေသတွင်းတွင်ပါ ဖြစ်ပွားနေသည့်အတွက် အကြမ်းဖက်သမားများကို အောင်မြင်စွာ ထိန်းချုပ်နိုင်နေသော နိုင်ငံများ၏ နမူနာများကို အတုယူရမည့်အပြင် ၎င်းနိုင်ငံများ အထူးသဖြင့် ရခိုင်ဒေသနှင့် ကပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း လက်တွဲဆောင်ရွက်ရန် လိုသည်။ ခေတ်ပေါ် အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲသည် စစ်ရေးနည်းလမ်း သက်သက်ဖြင့် အနိုင်မတိုက်နိုင်ဘဲ နိုင်ငံရေး မဟာဗျူဟာပါမှ အောင်မြင်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး အမြွှာညီနောင် အဆောက်အဦး တိုက်ခိုက်ခံရမှု နောက်ဆက်တွဲ အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲကို ကြည့်လျှင်ပင် ဘာသာရေး၊ လူမျိုးရေး စစ်ပွဲအဖြစ် ပုံမသွင်းဘဲ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒီများကိုသာ ပစ်မှတ်ထား ဖော်ထုတ်တိုက်ခိုက်ခြင်း၊ ဘေးထွက်ဆိုးကျိုး နည်းစေခြင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဖြစ်စေခြင်း၊ မိမိနှင့် လက်တွဲမည့် မဟာမိတ် များနိုင်သမျှ များအောင် စည်းရုံးခြင်း၊ အကြမ်းဖက်ဝါဒ ပေါက်ဖွားရာ ရေခံမြေခံများကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စီးပွားဖွံ့ဖြိုးမှုတို့ဖြင့် အစားထိုး တည်ဆောက်ပေးခြင်းစသည့် နိုင်ငံရေး မဟာဗျူဟာ၏ အရေးကြီးပုံကို တွေ့နိုင်သည်။ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ကြုံတွေ့နေရသော ဆင်းရဲနွမ်းပါးမှုကို ပိုမို နက်ရှိုင်းစေမည့် အကြမ်းဖက်မှုနှင့် အစွန်းရောက် လှုပ်ရှားမှုများ သံသရာလည်ဖြစ်ပွားနေခြင်းကို ရှောင်ရှားနိုင်ရန် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစီရင်ခံ တင်ပြထားပြီး ဖြစ်သည်။ ရခိုင်လူမျိုးများ၏ ဘောင်ဝင်သည့် တရားမျှတမှုမရှိဟု ခံစားနေရမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် တပြိုင်နက်တည်းတွင် မွတ်ဆလင်များ၏ နိုင်ငံသား ဖြစ်ပိုင်ခွင့်၊ နိုင်ငံရေးအရ ကိုယ်စားပြုပါဝင်ခွင့်၊ နိုင်ငံသားရပိုင်ခွင့်များကိုလည်း ဖော်ဆောင်ရန် ဖြစ်သည်။ ယခုနောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်ဘက်လူ့အသိုင်းအဝိုင်းကြား မယုံကြည်မှု မြင့်မားနေချိန်နှင့် အတိုက်အခံများ၏ နိုင်ငံရေးဖိအားများအောက်တွင် အစိုးရအနေဖြင့် ထိုအကြံပြုချက်များကို အကောင်အထည်ဖော်ရန် အလွန် အင်မတန် ခက်ခဲမည်ကို နားလည်၍ ရသည်။ The post အကြမ်းဖက်မှုကြောင့် မြန်မာ့အပြောင်းအလဲ မကျဆုံးပါစေနှင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2vs0vLG
via IFTTT

No comments:

Post a Comment