Friday, August 25, 2017


Galaxy Star သီချင်းဆိုပြိုင်ပွဲ ဒိုင်တွေရဲ့သုံးသပ်ချက် ဘယ်လိုရှိလဲ ထူးခြားတဲ့ တင်ဆက်မှုများ၊ မက်မောစရာ ဆုကြေးများနဲ့အတူ ဆွဲဆောင်ထားတဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲကြီးကတော့ ဖိုင်နယ်ကို တဖြည်းဖြည်းနီးကပ်လာပြီး World Star ဘယ်သူဖြစ်မလဲဆိုတာကို ပြိုင်ပွဲဝင်များနဲ့ထပ်တူ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကလည်း မြှင့်တက်လို့ နေပါတယ်။ မြန်မာပြည်အနှံ့အပြားမှ ပြိုင်ပွဲဝင်များကို အဆင့်ဆင့်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကာ ကိုရီးယားနိုင်ငံအထိပါ သွားရောက် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးဆန်ခါတင် ၁၀ ဦးကို သြဂုတ်လ ၁၁ ရက်နေ့စတင် ယှဉ်ပြိုင်စေခဲ့ရာ ယခုအခါ ပြိုင်ပွဲဝင် ၅ ဦးသာကျန်ရှိပြီး ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့ညတွင် အဆိုပါ ၅ ဦးထဲမှ Grand Final သို့ တက်ရောက်ရန် ၂ ဦးသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ Galaxy Star ရဲ့ Winner ဖြစ်ရန်အတွက် ပရိသတ်ရဲ့ မဲပေးဆုံးဖြတ်မှုကလည်း အရေးပါတဲ့အကြောင်းကို Galaxy Starရဲ့ ဒိုင်တဦးဖြစ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက “အစ်မတို့ ဒိုင်တွေကတော့ ၅၀ ရာခိုင်နှုန်းပဲပေးခွင့်ရှိပါတယ်။ ကျန်တာကတော့ ပရိသတ်လက်ထဲမှာပေါ့။ ပရိသတ်ကြီးကလည်း အစ်မတို့နဲ့ ညီတူမျှတူပဲဆိုတော့လေ။ အစ်မတို့ အနေနဲ့ကတော့ အခုနောက်ဆုံး Top 5 ထဲက ဘယ်သူပဲရသွားရသွား မတူညီတဲ့ အားသာချက်တွေနဲ့ဖြစ်တဲ့အတွက် ကြောင့် ဝမ်းသာတယ်၊ကျေနပ်တယ် ပရိသတ်ရွေးချယ်မှုပေါ့နော်။ မြန်မာပြည်ရဲ့ ပထမဦးဆုံး ကမ္ဘာကျော်ဖြစ်မယ့် အနုပညာရှင်ကို ဘယ်တယောက် ဖြစ်စေချင်လဲ၊ကိုယ်ဖြစ်စေချင်တဲ့သူ ကိုယ်မြင်ချင်တဲ့သူကိုသာ ပုံအောပြီးတော့ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်များ နှုတ်ဆက်ထွက်ခွာသွားရတဲ့အခါတွေမှာ ဝေဖန်မှုများရှိနေသည့်အပေါ် ဒိုင်တဦးဖြစ်သူ ဂျေမီက “Voting စနစ်နဲ့သွားတာကတော့ ရှင်းရှင်းပြောရရင်တော့ အရင်ကတည်းက အားမပေးဘူး။ ကြိုက်လည်းမကြိုက်ဘူး။ ဒါပေမယ့် အခု Voting က အရမ်းအရေးပါမှန်းသိရင်တော့ ကိုယ့်ပရိသတ်ကို တခါတည်းအဆင်ပြေပြေနဲ့ ရပ်တည်ပေးမယ့်သူတော့ ရှိထားသင့်တာပေါ့။ မကောင်းဘဲနဲ့ Voting များနေတဲ့သူတွေကတော့ ရွာလိုက်တွေ Voting ပေးနေလားလည်း မသိဘူးလေ။ နင်တို့ ငါ့ကို Voting ပေး ငါနိုင်သွားရင်တရွာလုံးကို ဒန်ပေါက်ကျွေးမယ် ဆိုတဲ့ပုံစံမျိုးတွေဖြစ်ရင်ဖြစ်မယ်။ပြောလို့မရဘူး။ မကောင်းဘဲနဲ့ပါသွားတဲ့သူရှိသလို ကောင်းရဲ့သားနဲ့ ပြုတ်သွားတဲ့ သူတွေလည်းရှိတယ်။ ဒါကပြိုင်ပွဲတော်တော်များများရှိနေကြပဲ” လို့ သူက ဆိုပါတယ်။ ပြိုင်ပွဲဝင်များတွင် မတူညီတဲ့အရည်အချင်းများစွာ ရှိနေကြပြီး ပရိသတ်ရဲ့ အမြင်မတူခြင်းများ၊ အားပေးမှု ကွာဟခြင်းကြောင့်သာ ပြိုင်ပွဲဝင်များက ထွက်ခွာသွားရတာဖြစ်တယ်လို့လည်း ဖြူဖြူကျော်သိန်းကပြောပါတယ်။ ဆက်လက်ပြီး ဂျေမီက ယခုကျန်ရှိနေခဲ့တဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ တလျှောက်လုံး ကောင်းခဲ့သူတွေသာဖြစ်ပြီး တော်ပေမယ့် မတော်တဆလွဲချော်သွားတာမျိုးပဲရှိကာ ပြိုင်ပွဲဝင်တွေဟာ သူတို့ဘာသာသူတို့အနေနဲ့ သဘောကျနှစ်ခြိုက်သူက တေးစီးရီးထုတ်ပေးတာမျိုး မြေတောင်မြှောက်ပေးတာမျိုး လုပ်ပေးလို့ရနိုင်ပေမယ့် သူတို့တွေအနေနဲ့ ပြိုင်ပွဲက ရလာတဲ့အတွေ့အကြုံ၊ပြိုင်ပွဲက ပေးအပ်မယ့်ဆု၊ ပြိုင်ပွဲရဲ့တင်ဆက်ပုံ စတာတွေဟာ သူတို့အတွက် တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြတဲ့အတွက်ကြောင့်သာ ဒီလိုပြိုင်ပွဲမျိုးကို ရွေးချယ်ကြတာဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကို ဆိုပါတယ်။ Galaxy Star သီချင်းဆိုပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်တွင် အနိုင်ရရှိသူ Grand Winner ဟာ ဆုကြေးငွေအဖြစ် မြန်မာငွေကျပ် သိန်းတစ်ထောင်ကို ရရှိပိုင်ဆိုင်နိုင်မယ့်အပြင် အနိုင်ရရှိပြီး တနှစ်အတွင်း ပထမဆုံး ကိုယ်ပိုင် တေးစီးရီးကို ကိုရီးယားနိုင်ငံတွင် ရိုက်ကူးထုတ်လုပ်နိုင်မယ့် အခွင့်အရေးရရှိကာ ကမ္ဘာကျော် အနုပညာငွေကြယ်ပွင့် တဦးဖြစ်လာရန် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Galaxy Star သီချင်းဆိုပြိုင်ပွဲကိုတော့ ကိုရီးယားနိုင်ငံရှိ Namin Entertainment နှင့် Samsung Myanmar တို့က ပူးပေါင်းတင်ဆက်ပြီး Ooredoo Myanmar မှ ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။ The post Galaxy Star သီချင်းဆိုပြိုင်ပွဲ ဒိုင်တွေရဲ့သုံးသပ်ချက် ဘယ်လိုရှိလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2gbco21
via IFTTT

No comments:

Post a Comment