ရခိုင်အရေးဝေဖန်မှုကို အဆိုတော် သားငယ် ပြန်လည်ဖြေရှင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အရေးကိစ္စများနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားတယောက်အနေနဲ့ ငြိမ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အဆိုတော် သားငယ်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ် စာမျက်နှာမှာ ပြန်လည် ဖြေရှင်းပြောဆိုလိုက်ပါတယ်။ “ခု သားငယ် ကိုယ့် ရခိုင်လူမျိုးတွေ သေကြေတာကို ဘာမှမလှုပ်ရှားမပါဝင်ဘူးပေါ့ ပြောကြတယ်။ ကျနော် စစ်တွေမှာ ကိုယ့်ပြည်နယ်အတွက် (အဲဒီလိုပြောရင်လည်း တစ်နိုင်ငံလုံးက တဘို့တည်းသမားလို့ ပြောခံရပါလိမ့်မယ် နေပါစေ) လိုအပ်တဲ့နေရာမှာ ပါဝင်နိုင်အောင်လို့၊ အထူးသဖြင့် ခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ရင် ကူညီနိုင်ဖို့ “သားငယ်ဖောင်ဒေးရှင်း “ ဆိုတာ သပ်သပ်ရှိတယ်။အဖွဲ့ဝင်တွေကို မေးကြည့်နိုင်တယ်။ ဒါပေမယ့် စဖွဲ့တဲ့နေ့ကတည်းက ကျနော်သိုသိုသိပ်သိပ်ပဲထားတယ်။ ကြီးကြီးကျယ်ကျယ် လုပ်တယ်ဖြစ်မှာစိုးလို့ လိုအပ်ရင် အမြဲအသင့်ရှိပြီးသား၊ အခုလည်း စီစဉ်ပြီးသား၊ အဲဒါ ကျနော့်စေတနာ၊ အသိအမှတ်မပြုလည်း ကိစ္စမရှိပါဘူး။ ကိုယ့်လူမျိုးတွေ အဆင်ပြေရင် ကျနော်ကျေနပ်ပြီ။ မဝေဖန်ခင်တော့ အရင်လေ့လာပါဗျာ” လို့ ရေးသားထားပါတယ်။ အဆိုတော် သားငယ်ဟာ ရခိုင်တိုင်းရင်းသားတဦးဖြစ်ကာ ယခုလက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ပတ်သက်လို့ ပေါ်ပေါ်တင်တင် လှုပ်ရှားပါဝင်မှုမရှိတဲ့အပေါ် ပရိသတ်တချို့က ပြောဆိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး သူက တခြားဝေဖန်မှုများကို ဖြေရှင်းလေ့မရှိပေမယ့် ရခိုင်အရေးနဲ့ပတ်သက်ပြီး ဝေဖန်ကြတဲ့အတွက် ပြန်လည်ဖြေရှင်းတာ ဖြစ်တယ်လို့လည်း ရေးသားပြောဆိုထားပါတယ်။ “တော်ရုံဝေဖန်တာတွေလောက်ကို ကျနော်ဖြေရှင်းလေ့မရှိပါဘူး။ ဒါပေမယ့် ခုတော့ နည်းနည်းရေးပါရစေ၊ ရခိုင်အရေးမှာ သားငယ်ငြိမ်လှပါလား၊ Vote ပေးရကျိုးမနပ်လိုက်တာ ဘယ်သူကတောင် ဘာလှူတာ၊ ဘယ်လောက် လှူတာ၊ ထားပါ။ဒါ သာဓုခေါ်သင့်တဲ့ကိစ္စလေ။ ကျနော် မုဒိတာပွားပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ (ဝေဖန်သူတွေကိုပြောတာ) ဘုမသိဘမသိ မှန်းရမ်းပြီး မစွပ်စွဲနဲ့ဗျ။ ကျနော် မြန်မာနိုင်ငံသား (ရခိုင်လူမျိုး) ကိုယ့်နိုင်ငံသားကို ထိရင်နာတယ် (ကိုယ့်လူမျိုး ထိတော့ ပိုဆိုးပေါ့)”လို့ လည်း သားငယ်က ရေးသားထားပါတယ်။ ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ အဆိုတော် သားငယ်ဟာ ပြီးခဲ့တဲ့ Myanmar Idol Season 2 တွင် ပရိသတ်အများဆုံး ကြိုက်နှစ်သက်သူတဦးဖြစ်ကာ အဆိုပါပြိုင်ပွဲရဲ့ Winner တဦးလည်းဖြစ်ခဲ့ပါတယ်။ The post ရခိုင်အရေးဝေဖန်မှုကို အဆိုတော် သားငယ် ပြန်လည်ဖြေရှင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2xMaybi
via IFTTT
No comments:
Post a Comment