အနောက်တံခါးက ပိုအရေးကြီးတယ် သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ် တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး တို့က ပြောဆိုခဲ့ပါတယ်။ လုံခြုံရေးရဲခင်းများနဲ့ ရဲစခန်း ၂၀ ကျော်၊ ၃၀ လောက်ကို ဆက်လက်ပြီး တိုက်ခိုက် ခံနေရတယ် လို့လည်း သိရတယ်။ ယင်း တိုက်ခိုက်မှုက ပြီးခဲ့တဲ့နှစ်များ အတွင်း ကြီးမားတဲ့ တိုက်ခိုက်မှုတခုလို့ သတ်မှတ်နိုင်တဲ့ အပြင် နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး တို့က ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားတွေက တပြိုင်တည်း အချိန်ကိုက် တိုက်ခိုက်မှုလို့လည်း ဆိုပါတယ်၊ အဆိုပါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အတွင်း အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အရေးကို အဆက်မပြတ် လေ့လာနေသူ ဖြစ်သလို တိုင်းရင်းသားအရေးကိုလည်း အဆက်မပြတ် လေ့လာနေသူ ဖြစ်တဲ့ ဆရာဦးမောင်မောင်စိုးနဲ့ ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးတို့ရဲ့ တွေ့ဆုံ မေးမြန်းချက်များ ကို ထုတ်နုတ် တင်ပြလိုက်ပါတယ်။ ကိုကျော်စွာမိုး။ ။ ဆရာမောင်မောင်စိုး အခုမနက်မှာ ဆိုရင်လည်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်၊ ဆရာ မောင်မောင်စိုး အနေနဲ့လည်း အဲဒီဘက်မှာ ထိစပ်မှုတွေရှိတာကိုး၊ အဲဒီအောက်ခြေကနေပြီးတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ ဘူးသီးတောင် မောင်တော ရခိုင်ဘက်ကနေပြီးတော့ ဘာတွေကြားသလဲ… ဒီနေ့မနက်မှာ။ တိုက်ပွဲတွေက ဘယ်လောက်အထိ ဆက်ဖြစ်နေသလဲ။ ဦးမောင်မောင်စိုး။ ။ သူက ညကတည်းက ဖြစ်တဲ့အခါကျတော့ မောင်တောမြို့ပေါ် မှာလည်း တိုက်ခိုက်ခံရတယ်။ အဓိက မောင်တောမြို့မြောက်ပိုင်းမှာ ရှိတဲ့ ကြိမ်ကျောင်းနဲ့ အထက်ဘက် အဓိက တောင်ပြိုလက်ဝဲဘက်မှာ အတော်လေး တိုက်ခိုက်ခံရတယ်။ တောင်ပြိုလက်ဝဲ ဘက်မှာ ဆိုလို့ရှိရင် နံ့သာတောင်ပေါ့ အဲမှာ ပရဟိတ ဘုန်းကြီးကျောင်းလည်း ရှိတယ်၊ အဲဒီဘက်အထိ အတိုက်ခိုက် ခံရတယ်၊ တောင်ပြိုလက်ဝဲနဲ့ တောင်ပြိုလက်ယာ ကြားထဲမှာ ရှိတဲ့ တံတားတစင်း လည်း ဖောက်ခွဲ ခံရတယ်၊ အဲဒါအပြင်ကို အောက်ပိုင်းက တံတားတွေ ဖောက်ခွဲခံရတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။ ကျနော်တို့ ခမောက်ဆိတ်ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်တယ် လို့ဆိုတယ်၊ အဲဒါအပြင်ကို မောင်တောအောက်ဘက် တကြောပေါ့…၊ အလယ်သံကျော် ရွှေရင်အေးတို့ ဒီဘက် ကျောက်ပန်းဖြူ တဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ နောက်ပိုင်း တောင်ဘက်ကျတဲ့ ချိန်ခါလီတို့၊ ကိုးတန်ကောက်တို့ ဒါရသေ့တောင် ဧရိယာထဲ ရောက်သွားပြီ၊ ဒါ ရသေ့တောင် ဧရိယာထဲမှာ ဆိုပေမယ့် ဒါမေရုတောင်တန်းရဲ့ အနောက်ခြမ်း ဧရိယာထဲမှာ တလျှောက်လုံးဖြစ်တာ၊ ချိန်ခါလီ၊ ကိုးတန်ကောက် အောက်ပိုင်း ရောက်လာရင်တော့ အဆုံးပေါ့ အငူမော် ရောက်ခါနီးပြီပေါ့၊ ကိုကျော်စွာမိုး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရော၊ နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ပြောဆိုချက်ကရော ဒါ တကယ့်ကို သေချာ Organize လုပ်ပြီးတော့ တိုက်တာပေ့ါ နော်၊ ခုနပြောတဲ့အတိုင်းပဲ ကိုဖီအာနန်လာတဲ့အချိန် ဒီဟာကို နောက်ဆုံး အစီရင်ခံစာ တင်တဲ့အချိန် ပြီးတော့ UN မှာလည်း အစည်းအဝေးပြီးမယ့် အချိန်ပေါ့နော်၊ ဒီကောင်က ဘယ်လိုမြင်သလဲ ဆရာမောင်မောင်စိုး ဒီဟာက ဆက်ပြီးတော့ လုပ်သွားမယ့် သဘောလား။ ဦးမောင်မောင်စိုး။ ။ ဟုတ်တယ်ဗျ၊ ဘာလို့ဆို မေရုတောင်တန်းရဲ့ မောင်တောနဲ့ ရသေ့တောင် အောက်ခြမ်းမှာတင် ဖြစ်တာ မဟုတ်ဘူး၊ မေရုတောင်တန်း အရှေ့ခြမ်း ဘူးသီးတောင် တောင်တန်းအပေါ်ဘက် တောင်တစတို့၊ ဖောင်တော်ပြင်တို့ မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ ဟိုတလောက ပြဿနာဖြစ်တဲ့ အထက်နန်းနဲ့ အောက်နန်း ဆိုတဲ့ စေတီပြင်ဆိုတာက ဒါက မေရုတောင်တန်းရဲ့ အရှေ့ခြမ်း၊ ဘူးသီးတောင် အောက်ဘက်ခြမ်း အဲ့ဒီဘက်မှာ ဖြစ်သံ မကြားသေးဘူး။ ဒါပေမယ့် ကျနော်တို့က ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်လို့ ယူဆရတယ်။ နောက်တခု အရင်တခေါက်နဲ့ မတူတာက အရင်တခေါက်က တိုက်ပွဲဖြစ်ပြီးတော့ ညတိုက်ပွဲ ဖြစ်တယ်၊ ဝင်စီးတယ်၊ မနက်ကျတော့ ငြိမ်သွားကြတယ်၊ ဆုတ်သွားကြတယ်။ အခုဟာက တနေကုန် တိုက်နေတာ၊ တနေကုန်တိုက်တဲ့ အပြင် အင်အားက ပိုများလာတယ်၊ ဘာလို့ဆို နေရာ ၃၀ လောက်ကို ဖြတ်တိုက်တဲ့ အင်အားက နည်းတာ မဟုတ်ဘူး၊ တနေရာ တနေရာမှာ ရာဂဏန်းနဲ့ တိုက်မယ် ဆိုရင် အင်အားသိပ်ပြီးတော့ကိုများတယ်၊ ဒီရက်အပေါ်မှာလည်း ဆက်ပြီးတော့ သဘောရှိတယ် လို့ ကျနော်မြင်တယ်။ တဖက်ကလည်း လမ်းတွေ ချောင်းတွေ၊ တံတားတွေ ချိုးထားတယ် ဆိုတဲ့ အဓိပ္ပာယ်ကိုက စစ်ကူလာမှာကို တားထားတဲ့ သဘောပဲ။ တားထားတဲ့ အခါကျတော့ ဒီတားထားတဲ့ အပေါ်မှာ စစ်ကူပို့ဖို့ အခက်အခဲတွေ ကြုံရနိုင်တယ်၊ အဲဒါရေရှည်ဒီမှာ တိုက်ဖို့ပြင်ထားတဲ့ အဓိပ္ပာယ်လို့ပဲ ကျနော်ကတော့ မြင်တယ်။ ကိုကျော်စွာမိုး။ ။ ဒါဆိုရင် ခုန ကိုဖီအာနန် လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုဖီအာနန်ရဲ့ အကြံပြုချက်ထဲမှာ ဆိုရင် ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့တွေလိုတယ် ဆိုတာလည်း ပြောသွားတယ်၊ တခြား အကြံပြုချက်တွေလည်း အများကြီးပေါ့၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် တဖက်ကလည်း ဘယ်လောက် အထိ လက်ခံသလဲ ဆိုတာ နားလည်ဖို့ ခက်တယ် ပေါ့လေ။ ဦးမောင်မောင်စိုး။ ။ သူတို့က ကြည့်ရတာက သူတို့ကို တန်းပြီးတော့ နိုင်ငံသားပေးရမယ် ဆိုတဲ့ သဘောပဲ၊ အဲဒါအပြင် ကိုဖီအာနန်ကော်မရှင်မှာ သူတို့ရဲ့ အာဘော်တွေ အရ ကြည့်ရမယ် ဆိုရင် ကိုဖီအာနန်ကော်မရှင်က ပါစေချင်တာက ရိုဟင်ဂျာ လူမျိုးဆိုတာ ပါစေချင်ပုံရတယ်၊ ဒါကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို သုံးသပ်ကြည့်ရင်၊ ဒုတိယတခုက သူတို့တောင်းဆို နေတဲ့ Save Zone လွတ်လပ်တဲ့ ဇုန်တခု သတ်မှတ်ပေးရမယ်၊ သူတို့ ဧရိယာအပေါ် မူတည်၍ ဘင်္ဂါလီ၊ မွတ်ဆလင် ဧရိယာ ဆိုပြီး ဒါကို သူတို့မျှော်လင့်ထားပုံရတယ်၊ ဒါမျိုး ပေါ်မလာတဲ့ အချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ပေါ်လာတယ် လို့ ထင်တယ်။ ကိုကျော်စွာမိုး။ ။ အခုဆိုရင်တော့ အတိအကျပဲ အစိုးရရော၊ တပ်မတော်ကရော ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက် သမားတွေ၊ ဒါသေချာ organize လုပ်ပြီး တိုက်ခိုက်တာပေါ့နော်၊ အဲဒီမှာရော ဘယ်သူတွေ ဆီက နေပြီးတော့ သူတို့ support ထောက်ပံ့မှုတွေ ရနေတာလဲ ပေါ့၊ သတင်းတွေကတော့ မျိုးစုံထွက်နေတယ်၊ ဘာမှ တိတိကျကျ confirm လုပ်လို့ မရဘူးပေါ့၊ နိုင်ငံတကာ သတင်းတွေကလည်း ရေးတာ ရှိတယ်၊ သူတို့ support တွေက ပါကစ္စတန်ဘက်ကလည်း လာနိုင်တယ်၊ ဆော်ဒီဘက်ကလည်း လာနိုင်တယ်၊ ဟိုးအောက်တိုဘာ အထက်တုန်းကလည်း အန်ကိုက်တားတို့နဲ့ ဆက်စပ်မှုရှိတယ် ဆိုပြီးတော့ report တွေ အစီရင်ခံစာတွေ ရှိခဲ့တယ်ပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဆရာမောင်မောင်စိုးတို့ သိသလဲ။ ဦးမောင်မောင်စိုး။ ။ လောလောဆယ် အနေအထားအရ အစဉ်အလာအရတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုတယ် ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ အကြမ်းဖက် တိုက်ခိုက်ရေးကို အားပေးတဲ့ နိုင်ငံတော့ မလုပ်ခဲ့ဘူး။ ဘင်္ဂလားဒေ့ရှ်ကတော့ ဒီကိစ္စမှာ ပါဝင်နိုင်ဖို့ကတော့ နည်းနည်းလေးခက်တာပေါ့။ အဓိကအခန်းကတော့ ဒေသခံတွေရဲ့ အဆိုအရတော့ ARSA ပေါ့။ ဒီဟာတွေရဲ့ အဓိကခေါင်းဆောင်က ပါကစ္စတန်အခြေစိုက် ဖြစ်တယ်လို့ သုံးသပ်ချက်တွေရှိတယ်၊ ဒေသခံတွေက သူတို့နည်း သူတို့ဟန် ဆက်သွယ်ချက်တွေရဲ့ သိရှိထားချက်အရတော့၊ ပါကစ္စတန် အခြေစိုက်ဖြစ်တယ်လို့ ခန့်မှန်းခဲ့တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပါကစ္စတန်မှာလည်း အကြမ်းဖက်အဖွဲ့အစည်း တော်တော်များများက အခြေစိုက်ကြတာကိုး။ ကိုကျော်စွာမိုး။ ။ ဒါပေမယ့် အခု International က လူတွေလည်း သုံးသပ်တာ ကျတော့ ဒါက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်၊ သို့ပေမယ့်လည်း ဒါက နိုင်ငံတကာမှာ ဖြစ်နေတဲ့ အခြား အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ခွဲထွက်တဲ့ သဘောမျိုး လည်း သူတို့က ပြောတယ်။ ဒါ ARSA ခုနပြောတဲ့ ရိုဟင်ဂျာ၊ အာဖဂန်မှာ ရှိတဲ့ ရိုဟင်ဂျာ သူတို့ရဲ့ အခေါ်အဝေါ်အရ ဆိုရင် ဒီကိစ္စတခုကိုပဲ အဓိက တိုက်ပွဲဝင်တဲ့ သဘောမျိုးပေါ့။ ဦးမောင်မောင်စိုး။ ။ ရခိုင်ပြည်နယ်မှာ ကျတော့ ဒါက နယ်မြေသီးခြား လိုချင်လို့ တိုက်ခိုက်တာလို့ပဲ ယူဆကြတယ် ဆိုတော့ ဒါကတော့ ကျနော်တို့ဒီမှာ ပြောနေတဲ့ မတူညီတဲ့ ဘာသာဝင်တွေ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ၊ နောက် အကြမ်းဖက်တိုက်ခိုက်တယ် ဆိုတာ ဒီလိုဗျ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း တိုက်ခိုက်ကြတာပဲ၊ တောင်ပေါ်မှာ ကချင်တို့၊ ရှမ်းတို့၊ ပလောင်တို့ ဒါကတိုင်းရင်းသားလက်နက်ကိုင်တွေက သူ့နက်ကိုင် တပ်ဖွဲ့နဲ့ သီးသန့်တိုက်ပြီးတော့ သူတို့ တိုက်တဲ့ အခါမှာ အရပ်သားပစ်မှတ်တွေကို ဦးတည်မတိုက်ဘူး။ တဖက်ကလည်း အရပ်သားတွေ တိုက်ရိုက်ဖြစ်စေ မတိုက်ဘူး၊ အခုဒီမှာတွေ့ရတာက သူတို့ကို အကြမ်းဖက်လို့ ပြောနေရတဲ့ ကိစ္စက အရပ်သား တွေကို ဦးတည် တိုက်တယ်၊ နောက် သူတို့တိုက်ခိုက်တဲ့ နေရာမှာ အရပ်သားတွေကို ဒိုင်းအဖြစ် ထားပြီးတော့ အကာအကွယ် ယူလေ့ရှိတယ်။ ဒါမျိုးကို ကျနော်တို့က ပြန်တိုက်ရင်လည်း တော်တော်ခက်တယ်။ အခုသတင်းအရ ဘူးသီးတောင်ဘက်မှာ ဆိုရင် ကျန်းမာရေးမှူး တယောက်ဆိုရင် ဓားနဲ့ အခုတ်ခံရတယ်၊ သေတော့ မသေဘူး၊ ရဲက ဝင်လုံးပြီးတော့ ကယ်လိုက်လို့ ဆေးရုံ ရောက်တယ်၊ ကျနော်တို့ အလယ်သံကျော်ကတော့ လဝက ဦးစီးမှူး တယောက် ဓားနဲ့ခုတ်ခံရပြီး သေသွားတယ်၊ ဒါတွေကျတော့ ကျနော်တို့က အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ သတ်မှတ်လို့ ရမလိမ့်မယ်။ ကိုကျော်စွာမိုး။ ။ ဒီနေရာမှာ နိုင်ငံရေးကို ပြောကြည့်မယ် ဆိုရင် ခုနက ဟိုဘက်က တိုက်ခိုက်တာတွေကတော့ အချိန်ကိုက်ပေါ့နော်၊ ကိုဖီအာနန်ဒီကိုလာတယ်…၊ သူတို့ရဲ့ အကြံပြုစာတွေကို အစိုးရသစ်နဲ့ ဟိုဘက်က UN မှာ အစည်းအဝေး ရှိတဲ့ အချိန်နဲ့ပေါ့။ ဒီဘက်က နိုင်ငံရေး အခြေအနေအရ ဆိုရင်လည်း အစိုးရဘက်နဲ့ Statement နှစ်ခု ထွက်လာတာ တွေ့ရတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကလည်း ကိုဖီအာနန်ရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီး Statement တခုလုပ်တယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထွက်တယ်၊ ဒါပေမယ့် မတူညီတဲ့ သဘောထားလေသံ လေးတွေ တွေ့ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုရင်တော့ ကိုဖီအာနန်ရဲ့ အစီရင်ခံစာမှာ ဆိုရင် လျှို့ဝှက်ချက်တွေ ရှိတယ်၊ လွှဲမှားချက်တွေ ရှိတယ်၊ မမျှတမှုတွေ ရှိနိုင်တယ်၊ ဒါတွေကို ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ ဟာတွေလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ Statement အရ ဆိုရင်တော့ ဒါတွေကို တက်နိုင်သလောက် ဒီ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ကိုင်နိုင်ဖို့ ဆိုပြီး ပြောတယ်၊ ဘာပဲပြောပြော မတူညီတဲ့ ရပ်တည်ချက် နှစ်ခုလို့ တွေ့ရတယ်။ ပထမဆုံး ဘာသုံးသပ်မိသလဲ။ ဦးမောင်မောင်စိုး။ ။ ကျနော့်အနေနဲ့ ကတော့ ကိုဖီအာနန်မှာ ပါတဲ့ တချို့အချက်တွေက လက်တွေ့ အကောင်အထည် ဖော်ဖို့ ခက်လိမ့်မယ် ထင်တယ်။ နိုင်ငံသားဥပဒေအရ စလုပ်ရမှာ၊ အဲဒီမှာ ဆိုရင်တော့ မွေးတဲ့ ကလေးတွေနဲ့ပတ်သက်လို့ အခွင့် အရေးပေးဖို့ ဆိုတာ ပါတယ်၊ တကယ်တမ်း သူဆိုလိုချင်တာကတော့ အမေရိကန်မှာလို အမေရိကန်မှာ မွေးရင် ဒါအမေရိကန် နိုင်ငံသား ပေးတာကိုး၊ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဒါ ရှေ့တန်းရောက်တဲ့ နိုင်ငံ တော်တော်များများမှာ ရှိလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ အာရှမှာ အဲဒါ မရှိဘူးဗျ၊ တရုတ်မှာပဲ ဖြစ်ဖြစ်၊ ထိုင်းမှာပဲ ဖြစ်ဖြစ်၊ သွားအလုပ် လုပ်နေတဲ့ မြန်မာတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် သူတို့နိုင်ငံသား မရပါဘူး၊ ပေးလည်း မပေးပါဘူး။ ဒါကျနော်တို့ အာရှနိုင်ငံတွေမှာ မရှိပါဘူး။ ကျနော်တို့ မြန်မာပြည်မှာ အဲဒါရှိဖို့ ခက်တယ်၊ အဲတော့ အဲမှာ နိုင်ငံသားတယောက် ဖြစ်ဖို့ ဆိုရင် နိုင်ငံသားနဲ့ ပတ်သက်တဲ့ အထောက်အထား လိုတာတော့ အမှန်ပဲဗျ၊ ဒီပြဿနာကို ကျနော်တို့က ဖြေရှင်းဖို့လိုအပ်နေတာ၊ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ဟာကို တိတိကျကျ မဖြေရှင်းနိုင်ရင် ကျနော်တို့က ပိုခက်မယ်။ နောက်ထပ် ဝန်ကြီးတယောက် ထပ်ခန့်လည်း ပြဿနာ မပြေလည်နိုင်ဘူး၊ ပြဿနာ ပြေလည်ဖို့ ဆိုတာ ရိုဟင်ဂျာဆိုတာ မပါဘူး၊ ဟုတ်ပြီ၊ ရိုဟင်ဂျာလူမျိုး ဆိုတာ ကျနော်တို့လက်မခံဘူး ဆိုရင် ဒါအတိအလင်း ပြောမလား၊ ဟိုဘက်က ရပ်ခံနေ တာက သူတို့ ရိုဟင်ဂျာ ဖြစ်တယ် ဆိုတာ ရပ်ခံနေတာ။ ဒါပြီးတော့လည်း ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့က ဘင်္ဂါလီတွေ ဘက်က ဦးဆောင်ဖြစ်တဲ့ သူတွေကို မစည်းရုံးနိုင်ဘူး၊ မစည်းရုံးနိုင်တာ အပြင် နောက်တခုက ဘာလဲ ဆိုတော့ Moderate ဖြစ်တဲ့သူတွေကို ရိုဟင်ဂျာနာမည်နဲ့ ပြည်နယ်၊ ရိုဟင်ဂျာ အုပ်ချုပ်ခွင့် တောင်းတဲ့သူတွေက သူတို့ကို ခြိမ်းခြောက် ထားတာတွေ ရှိတယ် လို့ ကျနော်တို့ သိရတယ်။ ဆိုတာက မလုပ်နဲ့ လုပ်ရင် အသတ်ခံရမယ်၊ လည်လီးခံရမယ်ပေါ့၊ တော်တော်များများ အသတ်ခံရတယ်၊ ပျောက်ဆုံးဆိုတာကလည်း ၉၀ ကျော်လောက်က သေဖို့ ၉၀ ရာခိုင်နှုန်းရှိတဲ့ သူတွေပါ၊ ဒီလို ခြိမ်းခြောက်ထားတဲ့ ထဲမှာ မှတ်ပုံတင် အထောက်အထားရှိလို့ မှတ်ပုံတင် လုပ်မယ့်သူတောင် မလုပ်ရဲဘူး၊ အဲတော့ ကျနော်တို့က ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ လက်တွေ့ကျကျ ကြည့်ဖို့လိုတယ်၊ ဒါကြောင့်မို့ ကျနော်ခဏခဏ ပြောတယ် ကိုဖီအာနန်နဲ့တင် မရဘူး၊ ရခိုင်မှာ လက်တွေ့ကြီးလာတဲ့ လူတွေ ပါဖို့လိုတယ်၊ ရခိုင်ဘက်က ခေါင်းဆောင်က ရှာဖို့လွယ်တယ်၊ ဘင်္ဂါလီဘက်က ကိုယ်စားပြုတဲ့ သူကို ဘယ်လိုရှာဖို့ လွယ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဒီဟာကို ကျနော်တို့ အာရုံစိုက်ဖို့ လိုအပ်တယ်လို့ ထင်တယ်။ ကိုကျော်စွာမိုး။ ။ နေပြည်တော် နိုင်ငံရေးပုံစံ၊ နိုင်ငံရေး အခြေအနေကို ကြည့်မယ် ဆိုရင်လည်း ဒီရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ကွဲပြားမှုတွေတွေ့ရတယ်၊ ကိုဖီအာနန်နဲ့ အကြံပြုချက်၊ အစီရင်ခံစာတွေမှာ ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်တဲ့ Statement က တမျိုး၊ ဒီဘက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တမျိုး ရှိတယ် ပေါ့နော်၊ ဒေါ်ခင်စောဝေ တို့က လွှတ်တော်မှာတင်တယ်၊ ဒီကိစ္စကို ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတင်တယ်။ လွှတ်တော်မှာ ဒါကို ၂၃၂ မဲနဲ့ ပယ်ချလိုက်တယ်၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေရော၊ ဒေါ်ခင်စောဝေတို့ရော တချို့က ပြောကြတယ် ပေါ့၊ ဒါသမိုင်း တရားခံ ဖြစ်သွားမယ်ပေါ့။ NLD ရဲ့ တရားခံအနေနဲ့ ဒါကို ခွင့်မပြုဘူး ဆိုရင်၊ မလုပ်ဘူး ဆိုရင်ပေါ့။ ဒီလိုမျိုး ကွဲပြားမှုရှိတယ်။ လွှတ်တော်မှာရော အစိုးရကရော အရမ်း အရေးကြီးတယ် ဒီလိုကိစ္စမျိုးကို တပ်မတော်ကရော အရမ်းအရေးကြီးတယ်၊ ဒီလိုနေရာမှာ သူတို့အချင်းချင်းရဲ့သဘောထားကွဲနေမယ် ဆိုရင် ဘယ်လောက်အထိ ထိရောက်မှု ရှိပါ့မလဲ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ။ ဦးမောင်မောင်စိုး။ ။ အဲဒါဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ သိပ်ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ အားနည်း နေလိမ့်မယ်၊ တဖက်ကလည်း NLD အစိုးရဘက်ကလည်း နိုင်ငံတကာ မျက်နှာစာမှာ ရင်ဆိုင်ရမယ့် ပြဿနာမျိုးကို ဇောင်းပေး ကြည့်လို့ ဒီလိုဆုံးဖြတ်တာဖြစ်ပါတယ်။ တပ်ဘက်ကလည်း လုံခြုံရေးဆိုင်ရာ ပြဿနာကို ကိုင်တွယ်ရင် နိုင်ငံတကာက ဖိအား ပေးလာမှာကို အတူရင်ဆိုင်မှ ဖြစ်မယ်။ တချို့ကလည်း မေးခွန်းထုတ်ကြတယ် တပ်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဒီလို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လာပြီးမှ ဒီရခိုင် မောင်တောကျမှ ဘာကြောင့် မကိုင်တွယ်လဲ ဆိုတဲ့ ပြောဆိုလဲ ရှိတယ်။ ပြဿနာက ဘာလဲ ဆိုတော့ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့မှာ လုပ်တာ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ သူက နိုင်ငံတကာရဲ့ ဖိအားက သိပ်မရှိဘူး။ သိပ်မအော်ဘူး၊ ရခိုင်မှာ ဖြစ်ရင် သိတဲ့ အတိုင်းပဲ နိုင်ငံတကာက ကုန်းအော်ကြပြီ၊ လူ့အခွင့်အရေးဆိုတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာနဲ့ အော်လာပြီ၊ အဲသလို အနေအထားမျိုးမှာ တပ်ကလည်း အစိုးရရဲ့ ထောက်ခံမှုနဲ့ ကျန်တဲ့သူ ထောက်ခံမှုလိုတယ်။ ပြီးခဲ့တဲ့အခါမှာ ANP နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး တွေ့ခွင့်တောင်းတယ်၊ ချက်ချင်းကြိုဆိုပြီး တွေ့ဆုံကြတယ် ဒါပဲ။ တပ်က ဒီနေရာမှာ အလုပ် လုပ်မယ် ဆိုရင် သူ့ရဲ့ ထောက်ခံမှုလိုတယ်။ ဒီအပိုင်း ရှိတယ်၊ ကျနော်တို့က ဘိုင်ပြဿနာကို ကြည့်ရင် တိုင်းရင်းသား ပြဿနာရယ် ဒီပြဿနာရယ် ခွဲကြည့်ဖို့ လိုမယ်လို့ ထင်တယ်။ ကိုကျော်စွာမိုး။ ။ ခုနပြောတဲ့ အတိုင်းပဲ၊ ဒီတိုက်ခိုက်မှုကတော့ ရခိုင်ပြည်မှာ တော်တော်ကြီးတဲ့ တိုက်ခိုက်မှုပေါ့နော်၊ အခုဟာက အစိုးရအနေနဲ့ရော၊ လုံခြုံရေးအရ တပ်မတော်အနေနဲ့ရော စစ်မျက်နှာ နှစ်ဖက်မှာ တပြိုင်တည်းကို ရင်ဆိုင် နေရတဲ့ သဘော ရှိတယ်၊ စစ်မျက်နှာ နှစ်ဖက်ဆိုတာ ကျနော်ပြောချင်တာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကလည်း ငြိမ်းချမ်းရေးက ရသေးတာ မဟုတ်ဘူး၊ တချို့ သဘောတူ လက်မှတ်တွေကလည်း ထိုးလို့ မရသေးဘူး လေ။ တိုက်ပွဲတွေက ကျိုကြား ကျိုကြား ဖြစ်တာတွေ များကြီးပဲ။ ဒီဘက်မှာလည်း ထပ်ပြီး ဖြစ်လာတယ် ဆိုတော့ တကယ့်ကို ဘေးကြပ်နံကြပ်ထဲ ထပ်ရောက်လာတဲ့ သဘောရှိတယ်၊ အစိုးရကလည်း နုနု၊ တိုင်းပြည်ကလည်း မုန်တိုင်း ထန်ထန်ဆို တဲ့ သဘောမျိုး ဖြစ်နေတယ် ဆိုတော့ ဘယ်လိုမျိုး ဒီထက် ပြဿနာတွေ ထပ်တက်နိုင်လာသေးသလဲ၊ စစ်မျက်နှာ နှစ်ဖက်ကို ကိုင်တွယ်ဖို့ အတွက်ကို။ အခက်အခဲ နှစ်ခုပေါ့နော်၊ ပဋိပက္ခ အကြီးကြီးနှစ်ခု။ ဦးမောင်မောင်စိုး။ ။ ကျနော့်အမြင်နဲ့ ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ရှိရင် ဒီလူတွေဟာ အငြင်းပွားစရာ မရှိတဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်၊ တဖက်ကလည်းပဲ သူတို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ အလျော့အတင်း လုပ်လို့ရတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ကျနော့်အမြင်ကတော့ ကွဲလွဲမှုတွေရှိတယ် ဆိုတာကို အလျော့အတင်းလုပ်ပေးလို့ရတဲ့အချက်တွေအများကြီးရှိတယ်။ ကျနော့်အနေနဲ့ ကတော့ ဒီလပိုင်းတွေမှာ မြောက်ပိုင်းက စစ်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ရော တိုက်ပွဲ မဖြစ်အောင် လျော့ချဖို့ ရယ်၊ ဒီလူတွေနဲ့ အပစ် ရပ်နိုင်တောင် အရင်နိုင်ငံရေး ပြဿနာ မဖြေရှင်းနိုင်ရင်တောင်၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခ လျော့ချဖို့ အရင်ကြိုးစားလုပ်သင့်တယ်လို့ထင်တယ်၊ အဲဒါဆိုရင် ကျနော်တို့ အနောက်တံခါးမှာ ရှိနေတဲ့ ပြဿနာကို ကျနော်တို့ စူးစူးစိုက်စိုက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါမှမဟုတ်ရင် ဆရာ ပြောသလိုပဲ စစ်မျက်နှာ နှစ်ဖက် ဖြစ်နေရင်တော့ ဗျာများနေပြီးတော့ သေချာ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ကိုကျော်စွာမိုး။ ။ ကိုမောင်မောင်စိုး ပြောပုံအရဆိုရင် အနောက်ဘက်တံခါးက ပိုအရေးကြီးတယ်လို့ ပြောချင်တာလား။ ဦးမောင်မောင်စိုး။ ။ အနောက်ဘက်တံခါးကတော့ ပိုအရေးကြီးတယ် ဗျ၊ ဘာဖြစ်လို့လဲ ဆိုရင် နိုင်ငံတကာနဲ့ ရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်တယ်၊ နောက် ကျနော်တို့လုပ်တာ မကောင်းရင် အဲနယ်မြေဟာ ပဲ့ထွက်သွားနိုင်တဲ့ အလားအလာ ရှိတဲ့ နယ်မြေ ဖြစ်ပါတယ်။ The post အနောက်တံခါးက ပိုအရေးကြီးတယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wjSx4P
via IFTTT
No comments:
Post a Comment