Wednesday, May 23, 2018


ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ် လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာဝင်များကို ရိုဟင်ဂျာ စစ်သွေးကြွများက ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အထောက်အထားများသစ်များကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -AI က ထုတ်ပြန်လိုက်သည်။ ထိုသို့ထုတ်ပြန်သောကြောင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် ၎င်းတို့ပြောဆိုနေသည့် အကြီးအကျယ် ထိန်ချန်ထားသော ARSA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပထမဆုံး ထုတ်ဖော်ပြောဆိုသော နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်လာသည်။ အင်္ဂလန်အခြေစိုက် ထိုအဖွဲ့က ဗုဒ္ဓဟူးနေ့နံနက်ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ ARSA အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူများကို နောက်ထပ် သတ်ဖြတ် ဖမ်းဆီးမှုများလည်းကျူးလွန်ခဲ့သည်ဟု သိရသည်။ အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားသော ထိုအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းမှ လုံခြုံရေး စခန်းများကို တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကို သတ်ဖြတ်ပြီး နောက် အထက်ပါ ဖမ်းဆီးသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် မြန်မာ စစ်ဖက်က ထိုဒေသတွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည် ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့ သည်။ ထိုဒုက္ခသည်များ ကလည်း လုံခြုံရေးတပ်များ ၏ အငြင်းပွားဖွယ်ရာ သတ်ဖြတ်၊ နှိပ်စက်၊ အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲပြောကြားသည်။ ထိုမှစတင်ပြီး ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာမှ အာရုံစိုက်မိလာသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့က မြန်မာ စစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်သည်။ လူ့အခွင့်အရေး အဖွဲ့များက စစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး – ICC တွင် စစ်ဆေးရန် တောင်းဆိုသည်။ ထိုပြဿနာကို စစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့ အဖွဲ့များစေလွှတ်သည်။ ထိုအဖွဲ့က ရိုဟင်ဂျာများ ဘေးကင်းစွာ ပြန်လာရေးအတွက် နေပြည်တော်ကို တိုက်တွန်းသည်။ သို့သော် ARSA ကိုပြစ်တင်ရှုတ်ချမှု အနည်းငယ်သာရှိသည်။ ARSA ကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ကင်းမဲ့ခြင်း ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂ အဖွဲ့ဝင်အချို့သည် ဇာတ်လမ်း၏တဖက်ကိုသာ နားထောင်ပြီး ARSA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မသိကျိုးကျွံပြုထားသည်ဟု စွပ်စွဲသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်သစ်သည် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု ဒါဇင်ပေါင်း များစွာနှင့် အထောက်အထား ဓာတ်ပုံများကို သေမှုသေခင်း စစ်ဆေးသူများ၏ တွေ့ရှိချက်များ ကို အခြေခံသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောသည်။ “လက်တွေ့အခြေအနေကို အဖွဲ့ရဲ့ နောက်ဆုံးစုံစမ်းစစ်ဆေးမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ထုတ်ဖော် မပြောနိုင်လောက်အောင် မှောင်မိုက်တဲ့သမိုင်းအတွင်း အကြီးအကျယ် ထိန်ချန်ထားတဲ့ ARSA အဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ အကျပ်အတည်းဖြေရှင်းရေး ဒါရိုက်တာ တီရာနာ ဟက်ဆန်က ပြောကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ARSA အဖွဲ့ရဲ့ လုံး၀ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လျစ်လျှူရှုထားဖို့ ခက်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ ရှင်ကျန်လွတ်မြောက်သူတွေမှာ မေ့ဖျောက်မရတဲ့ စိတ်ဝေဒနာတွေ ဖြစ်စေခဲ့ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိမှုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေ လုပ်ဆောင်ခဲ့တဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလိုပဲ အရေးကြီးပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည် ဟုဆိုသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ တွေ့ရှိချက်များသည် မောင်တောမြို့နယ်ရှိ ခမောင်းဆိပ်ကျေးရွာ အုပ်စုနှင့် မြို့သူကြီးကျေးရွာများမှ ဟိန္နူအသိုင်းအဝန်းအား ဖမ်းဆီးသတ်ဖြတ်မှုများကို အဓိကထားသည်။ ထိုဖြစ်ရပ်များကို ဧရာဝတီသတင်းဌာနကလည်း စက်တင်ဘာလက ကျယ်ကျယ်ပြန့်ပြန့် သတင်း ထုတ်ပြန်ခဲ့သည်။ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ARSA သည် ထို ဟိန္နူ အသိုင်းအဝန်းကို ခမောင်းဆိပ်ကျေးရွာ အုပ်စုမှ အနောက် ခမောင်းဆိပ် ကျေးရွာတွင် တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တွေ့ရှိခဲ့သည်။ “နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သို့ ပေးပို့သော သေဆုံးသူစာရင်း အသေးစိတ်အရ အနောက် ခမောင်းဆိပ်မှ သတ်ဖြတ်ခံရသူများတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး နှင့် ကလေး ၂၃ ဦးပါဝင်ပြီး ၎င်းတို့အနက် ၁၄ ဦးမှာ အသက် ၈ နှစ်အောက်များဖြစ်သည်။ ထိုတွေ့ရှိချက်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရှင်ကျန်လွတ်မြောက်သူများ၊ မျက်မြင်သက်သေများနှင့် ဟိန္နူအသိုင်းအဝန်း ခေါင်းဆောင်များထံမှရရှိသည် သက်သေထွက်ဆိုချက်များနှင့်လည်းကိုက်ညီသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟိန္နူအမျိုးသမီး ၈ ဦးနှင့် ၎င်းတို့၏ ကလေး ၈ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ARSA အဖွဲ့ဝင်များက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေကာ အသက်ချမ်းသာခွင့် ပေးခဲ့သည်ဟုလည်း ထိုသတင်းထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။ ရက်အတန်ကြာသောအခါ ထိုသူများကို ARSA တိုက်ခိုက်ရေးသမားများနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည်။ ၎င်းတို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ အကူအညီဖြင့် အောက်တိုဘာလတွင် နေရပ်သို့ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ သြဂုတ်လ ၂၅ ရက်နေ့တွင်ပင် အနီးရှိ ရဲဘောက်ကျားရွာအနီး ဟိန္နူအမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၄၆ ဦးတို့ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့ကို ARSA အဖွဲ့က သတ်ဖြတ်လိုက်သည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဟိန္နူ အသိုင်းအဝိုင်းက ယုံကြည်နေသည်။ ထို့ကြောင့် စုစုပေါင်း သတ်ဖြတ်ခံရသူစာရင်းမှာ ၉၉ ဦးရှိသည်ဟု ယုံကြည်ရသည်။ အနောက်ခမောင်းဆိပ်ကျေးရွာမှ သတ်ဖြတ်ခံရသူ ၄၅ ဦးတို့၏ အလောင်းများကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားသော နေရာ ၄ ခုမှ စက်တင်ဘာလတွင် ပြန်လည်တူးဖော် နိုင်ခဲ့သည်။ ထိုကျေးရွာမှ ကျန်သတ်ဖြတ်ခံရသူများနှင့် ရဲဘော်ကျ ကျေးရွာမှ ပျောက်ဆုံးသူ ၄၆ ဦးတို့၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို မတွေ့ရှိသေးပါ။ ARSA နှင့် မြန်မာစစ်ဖက်တို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြည့်အ၀ ဖော်ထုတ် နိုင်ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအဝင် လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုရေးကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုသည်။ “ထိုသို့ ရက်စက်ကြမ်းကြုတ် ဆင်ခြင်တုံ တရားမဲ့သော လုပ်ရပ်တွင် ARSA အဖွဲ့ဝင်များသည် ဟိန္နူ အမျိုးသား၊ အမျိုးသမီးနှင့်ကလေး ဆယ်ပေါင်းများစွာကို ဖမ်းဆီးပြီး ၎င်းတို့၏ရွာများ ပြင်ပတွင် မသတ်ဖြတ်မီ အကြမ်းဖက်ခဲ့ကြသည်။ ထိုသို့စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှု ကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ရမည်” ဟု တီရာနာ ဟက်ဆန်ကပြောသည်။ “ရှင်ကျန်လွတ်မြောက်သူနှင့် သတ်ဖြတ်ခံရသူများအားလုံး၏ မိသားစုများအားလုံးသည် ၎င်းတို့ခံစားခဲ့ရသော ကြီးမားလှသည့် ဘေးဒုက္ခကြီးအတွက် တရားမျှတမှု၊ အမှန်တရားနှင့် နစ်နာမှုအတွက် ပြန်လည်ပေးဆပ်မှုများကို ခံစားခွင့်ရှိသည်” ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ The post ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IDn1rL
via IFTTT

No comments:

Post a Comment