ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ မြန်မာအပေါ် တဘက်သတ် အကောင်းမမြင် ဖြစ်နေဟု ဆို မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ရခိုင်အရေး လေ့လာရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကိုယ်စား လှယ်အဖွဲ့သည် မြန်မာအပေါ် လုံးဝ အကောင်းမမြင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်များ ပြဿနာနှင့် ပတ်သက် ၍ မြန်မာအစိုးရကိုသာ အပြစ်တင်နေကြောင်း ၎င်းအဖွဲ့နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူတချို့က ဧရာဝတီသို့ ပြောသည်။ ယမန်နေ့ ညပိုင်းက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယင်းကိုယ်စားလှယ် အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အလုပ်သဘော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ၏စဉ် နှစ်ဖက် ဆွေးနွေးရာ၌ အဆင်မပြေမှု တချို့ရှိခဲ့ကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။ မြန်မာ အစိုးရအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည် ခေါ်ယူရာတွင် အချိန်ဆွဲနေကြောင်း၊ ပီပြင်၍ လွယ်ကူအောင် မဆောင်ရွက်ဘဲ အလုပ်လုပ်နေခြင်းကို မေးခွန်းထုတ်ခဲ့ကြောင်း၊ မြန်မာဘက်မှ ရခိုင်အရေး တာဝန်ရှိသူများ၏ ရှင်းလင်း ပြောဆိုချက်များကို နားမထောင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က အထောက်အထားမရှိ တဖက်သတ် ကြားသိရမှုများကိုသာ အဓိက မေးခွန်းထုတ်ဖြေရှင်းခိုင်းခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညိုက ပြောသည်။ “တယောက်ချင်း ပြောတော့လည်း ဘင်္ဂလားဒေ့ရှ်က လူတွေ ဘယ်လို ခံစားနေရတယ်။ သူတို့ ဒုက္ခ ရောက်နေတာ ဗမာပြည်ကြောင့်။ အဲဒီ ဘင်္ဂလားဒေရှ်ဘက်က လက်ညိုးထိုးတာကို ကျမတို့ ဘက်ကို သူတို့က အပြစ်တင်တယ်။ ဒါမျိုးကိုပဲ ဆွဲပြီး ဒီလိုပုံစံမျိုးပဲ ကျမတို့ကို မြင်နေတာ။ ဒီလူတွေ ဒုက္ခ ရောက်တာ ဗမာပြည်ကြောင့်ပဲ ပြောနေတယ်”ဟု ၎င်းက ရှင်းပြသည်။ ယင်းညစာစားပွဲ မစမီတွင် မြန်မာဘက်မှ ဝန်ကြီး ဦးကျော်တင့်ဆွေ၊ UEHRD မှ ဒေါက်တာ အောင်ထွန်းသက်၊ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့က ရခိုင်အရေးကို ရှင်းလင်း တင်ပြခဲ့ကြပြီး ဒေါက်တာ ဝင်းမြတ်အေး ရှင်းပြမှု မပြီးခင်မှာပဲ ကုလ ကိုယ်စားလှယ်အဖွဲ့က ထပြန်မည်လုပ်၍ ညှိနှိုင်းမှုများ လုပ်ခဲ့ရကြောင်းလည်း သိရသည်။ “ဦးကျော်တင့်ဆွေ ရှင်းပြတယ်။ စိတ်မရှည်စွာနဲ့ နားထောင်တယ်။ နောက်ဒေါက်တာ ဝင်းမြတ်အေး လည်း ရှင်းပြတော့ ဆုံးအောင်တောင် နားမထောင်ဘူး။ ဝုန်းကတည်း မတ်တပ်ထရပ်တယ်။ သွားတော့မယ်။ အချိန်မရှိတော့ဘူး။ ထမင်းပွဲ ပြင်ထားပါတယ်။ စားပါဦးဆိုတာတောင် အချိန်မရှိ ဘူး။ CSO တွေနဲ့ ချိန်းထားတယ် ရှိတယ်။ သွားတော့မယ်ဆိုတော့။ မစားရင် အခြေအနေတွေက ပိုဆိုးသွားမယ်လေ။ စားတော့လည်း အေးအေးဆေးဆေးစားပြီး ထိုင်ပြီး စကားပြောနေတာပဲ။ ဆိုလိုတာက ကျမတို့ ပြောနေတာကို နားမထောင်ချင်ဘူး။ ဒါတွေပဲ အပ်ကြောင်းထပ်ပြောနေတယ် ပေါ့”ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဒေါ်ခင်ညိုက “ကျမတို့ဘာပြောပြော မကျေနပ်တဲ့ မျက်နှာတွေက သူတို့ဆီမှာ အကုန်ပေါ်နေတယ်။ ပြောချင် တာပြောဆိုတဲ့ ပုံစံ။ သူတို့နားထဲကို မဝင်ဘူး။ ကြည့်ရတာ ဟိုဘက်ကဟာတွေ ဝင်နေတော့ နည်းနည်းတော့ ခက်တယ်။ ဟိုက ကုလားမတွေ ငိုပြလိုက်တာ။ သူ့ယောကျာ်းကို သူ့ရှေ့မှာ သတ်တာ။ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ။ ကလေးတွေကို မီးပုံ ထဲ ပစ်ထည့်လိုက်တာ။ ဒါတွေပဲ ပြောနေတယ်”ဟု ပြောသည်။ မြန်မာဘက်က ယင်းအချက်များမှာ စွပ်စွဲချက်များဖြစ်၍ အထောက်အထားရှိပါသလားဟု မေးရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ၏ ပါးစပ်ပြောများသာ ဖြစ်နေကြောင်း၊ ထို့ကြောင့် မြန်မာဘက် တွင်လည်း သေဆုံး၊ ဒုက္ခရောက် သူများ ရှိကြောင်း ပြန်လည် ဆွေးနွေးရာ ၎င်းတို့အဖွဲ့ကို ခေါ်ပြခဲ့ပါ သလား၊ ခေါ်ပြနိုင်ပါသလား စသည့် မေးခွန်းများ ထုတ်ခဲ့ကြောင်း သိရသည်။ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ သဘောတူထားသည့် လက်ခံရေး ပုံစံများ တွင် လည်း လိုအပ်ချက် များ ရှိနေကြောင်း၊ ဓာတ်ပုံ၊ လက်ဗွေရာများ မပါဝင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေးချင်ရာများ ရေး၍ ပို့ပေးလိုက်ကြောင်း ဆွေး နွေးရာတွင်လည်း အမြင်မကြည်မှုများရှိ၍ လုပ်ရကိုင်ရာ ခက်ခဲကြောင်း ပါဝင်ခဲ့သူတဦးက ရှင်းပြသည်။ “ကျမတို့ကလည်း ခေါ်လို့ရလည်း ARSA ကို ဘယ်လို လုပ်မလဲမေးတော့ ဒီ ARSA ပဲ ထည့်ပြော နေတာပဲတဲ့။ ကျမတို့ကို သူတို့က ဘယ်ဘက်ကမှ အကောင်းမမြင်ဘူး။ ကျမတို့က လူဆိုးတွေ ဖြစ်နေ တာ။ ဟိန္ဒူတွေ အသတ်ခံရတာ ဆိုတာ ကျတော့ လိုက်ပြတဲ့။ လိုက်ပြဆိုတာကိုပဲ နင်းတယ်။ အဲဒါတွေ အကြည့်ခံလေတဲ့”ဟု ပါဝင်ခဲ့သူ တဦးက ဆိုသည်။ ညစာစားပွဲ မတိုင်မီ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့ပြီး သတင်းထုတ်ပြန်မှုများအရ ရခိုင်အရေး ကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြသော်လည်း အပြုသဘောဆောင်၍ ကောင်းမွန်သည့် ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဂျေယောဂူတို့နှင့် လွှတ်တော် အဆောက်အဦ I – 5 တွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် လေယာဉ်ချိန် အပြောင်းအလဲဖြစ်ကာ မတွေ့ဆုံခဲ့ရသဖြင့် ၎င်းတို့၏ ဆွေးနွေးလိုချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ထည့်ပေးလိုက်ရကြောင်း ဒေါ်ပြုံးကေသီနိုင်က ပြောသည်။ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကေ်ာမတီဝင်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်က “ဘာပဲဖြစ်ဖြစ် ကုလ သမဂ္ဂ အဖွဲ့ရဲ့ တာဝန်က ငြိမ်းချမ်းရေးရအောင် ကြိုးစားပေးရမှာ။ ပြဿနာကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းပေးရမှာ။ ပဋိပက္ခကို ထပ်ပြီး ဖြစ်စေမယ့် ကိစ္စမျိုးတွေကို ရှောင်ရမယ်ဆိုတာ သူတို့ လိုက်နာရမှာပါ”ဟု ပြောသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အဖွဲ့ဝင် ၁၅နိုင်ငံမှ ကိုယ်စားလှယ်များသည် ယမန်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေခြင်း ဖြစ်ပြီး၊ နှစ်ရက်ကြာ ခရီးစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နေ့ချင်းပြန်ခရီး သွားရောက်လျက်ရှိကာ ယနေ့ ညနေပိုင်းတွင် နေပြည်တော် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပရန်လည်း ရှိနေသည်။ The post ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ မြန်မာအပေါ် တဘက်သတ် အကောင်းမမြင် ဖြစ်နေဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2FwHxnw
via IFTTT
No comments:
Post a Comment