Wednesday, May 23, 2018


မြန်မာသီချင်း ဆိုဖို့အတွက် မြန်မာစာကို လေ့လာနေတယ်ဆိုတဲ့ “အဝင်း” “အဝင်း”လို့ မြန်မာပရိသတ်က ချစ်ခင်အားပေးကြတဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းက မြန်မာဘာသာနဲ့ သီချင်းများကို ကိုယ်တိုင်ရေးစပ် သီဆိုချင်တဲ့အတွက် မြန်မာစာသားကို ရေးစပ်ရန် မြန်မာစာ လေ့လာနေတယ်လို့ ဆိုပါတယ်။ “မြန်မာသီချင်း ဆိုဖို့ အစီအစဉ် ရှိတာပေါ့။ ကျနော်က သီချင်းလည်း ကိုယ့်ဘာသာ စပ်တယ်ဆိုတော့ အခုက မြန်မာစာသားကို ရေးဖို့အတွက် လေ့လာစရာတွေ အများကြီး၊ စာတွေ ပြန်ကျက်ရမှာ ရှိသေးတော့ စာကျက်ရင်းနဲ့ တကြောင်း နှစ်ကြောင်း ရေးကြည့်နေတယ်။ ပထမဆုံး ကျနော် သီဆိုချင်တာကတော့ ကျနော့်ကို အားပေးနေတဲ့သူတွေ အတွက် ကျေးဇူးတင်တဲ့ သီချင်းလေးကို စပ်ချင်တယ်လို့ စိတ်ကူးထားပါတယ်”လို့ အဝင်းက ပြောပါတယ်။ မကြာသေးမီ အချိန်ကလည်း ဟောလိဝုဒ် ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတဲ့ “Ready Player One” ရုပ်ရှင်မှာ ဟောလိဝုဒ် သရုပ်ဆောင်တွေနဲ့အတူ အဝင်းက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ “Ready Player One” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံကို မေးကြည့်တဲ့အခါ “ဒါရိုက်တာ Steven Spielberg က တကယ့် Legend ပေါ့ ။ ကျနော့်ဘက်က ကြည့်မယ်ဆိုရင် အလွယ်တကူ စကားပြောခွင့် ရတာတောင် ကျေးဇူးတင်ရမယ်။ အရမ်းကြီးမားတဲ့ အတွေ့အကြုံတခုကို ရခဲ့တယ်။ ရိုက်ကွင်းမှာဆိုရင် သူက Steven Spielberg အနေနဲ့ မဟုတ်ဘဲ ကျနော်တို့ လူငယ်တွေနဲ့ အိုက်တင်လုပ်နေတဲ့ မင်းသား၊ မင်းသမီးတွေကို စိတ်ဓာတ် တက်ကြွနေအောင် မြှင့်တင်ပေးပြီး ပါဝါတွေ အရမ်းပေးတယ်လို့ ခံစားရပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။ မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Ready Player One” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၉ ရက်နေ့က ဟောလိဝုဒ်မှာ ပြသခဲ့ပြီး မြန်မာနိုင်ငံမှာတော့ မတ်လ ၂၀ ရက်နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကား အတွက် ၂၀၁၅ ခုနှစ်မှာ အဝင်းက Audition ဝင်ခဲ့ပြီး ၄ လခန့် စောင့်ဆိုင်းခဲ့ရကာ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံသို့ ၄ လ ကြာသွားရောက် ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ မိုရီဆာကီဝင်း(ခေါ်) အဝင်းကို မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားပြီး အသက် ၁၀ နှစ်မှာ ဂျပန်နိုင်ငံကို မိဘများနဲ့အတူ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာတော့ အနုပညာနယ်ပယ်ကို ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ “Prizmax Boy Band” ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ “Sherry” ဇာတ်ကားနဲ့ ပွဲထုတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံမှ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကား “ဇာတိမြေ” ရုပ်ရှင်မှာ မင်းသား အောင်ရဲလင်း၊ မင်းသမီး ဝတ်မှုန်ရွှေရည် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင် ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး The post မြန်မာသီချင်း ဆိုဖို့အတွက် မြန်မာစာကို လေ့လာနေတယ်ဆိုတဲ့ “အဝင်း” appeared first on ဧရာဝတီ.
Source : https://ift.tt/2x5LGQk
via IFTTT

No comments:

Post a Comment