ဒုက္ခသည် ပြန်လက်ခံရန် မြန်မာ အသင့်ဖြစ်ပြီဟု တရုတ် ယုံကြည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလုံနေသော သိန်းနှင့်ချီသည့် မွတ်စလင် ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ အသင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား ဇွန်လ ၂၉ ရက်နေ့က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ကြောင်းနှင့် ဒုက္ခသည် ပြန်လည်လက်ခံရေး ပြဿနာကို မြန်မာနိုင်ငံက မည်သို့ ပြန်လည်ဖြေရှင်းရန် ကြိုးစားနေကြောင်းကို ကြားသိရကြောင်း တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဝမ်ယိက ဇွန်လ ၂၈ ရက်နေ့က ပြောခဲ့သည်။ “မြန်မာနိုင်ငံဘက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့သူတွေကို ပြန်လက်ခံဖို့ စီစဉ်ထားပြီးပြီလို့ ကျနော် အခိုင်အမာ ယုံကြည်တယ်” ဟု ဝမ်ယိက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟက်ဆန် မာမွတ်အလီနှင့်အတူ သတင်းထောက်များအား ပြောဆိုသည်။ “အဲဒီလို ပြန်လာကြတဲ့လုပ်ငန်းစဉ်ကို ကျနော်တို့ အရမ်းကို မျှော်လင့်တယ်၊ အထူးသဖြင့် ပထမ အသုတ် ပြန်လာဖို့ အမြန်ဆုံး ဖြစ်လာစေချင်တယ်” ဟု ဝမ်ယိက ဆိုသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ တိုက်တွန်းပြောဆိုချက်သည် ဇွန်လ ၂၇ ရက်၌ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခံရချက်များကို ချေပရန် အိုင်စီစီ ခေါ် နိုင်ငံတကာ ရာဇဝတ် ခုံရုံးက နောက်ဆုံးထားတောင်းဆိုချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိုင်စီစီနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ARSA စစ်သွေးကြွအဖွဲ့က ရခိုင်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်အပြီး ဖြစ်ပေါ်လာခဲ့သော မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှစတင်ပြီး မွတ်စလင် ၇၀၀၀၀၀ ခန့်သည် ထွက်ပြေးနေရပြီး လူအများအပြားအား သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် ရွာများ မီးရှို့ခြင်း ခံရသည်ဟု ဆိုကာ တပ်မတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားလာခဲ့ကြသည်။ ဇွန်လ ၂၅ ရက်တွင် နေရပ်စွန့်ခွာ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာက တိုက်တွန်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောဆိုခဲ့သေးသည်။ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များ အတိုင်း ဆောင်ရွက် မည်ဆိုသော်လည်း လက်တွေ့၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ဘင်္ဂလားဒေ့ရှ် အနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ “ဘာကြောင့် ကြန့်ကြာနေရတယ် ဆိုတာကတော့ သူတို့အကြောင်း သူတို့ပဲသိမယ်။ ကျနော်တို့ လုပ်ရမှာက ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း အားပေးမှု ပြုရမယ်။ နိုင်ငံအသီးသီးကနေ သက်ဆိုင်ရာတွေကနေ အားလုံး တိုက်တွန်းရင် မြန်သွားမယ်လို့ယူဆတယ်”ဟုလည်း ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် ၌ လက်မှတ် ရေးထိုးထားပြီး ဖြစ်၍ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းများတွင် ပိုမိုကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေသောအချိန်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ တိုက်တွန်းမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကူညီမည်ဖြစ်ကြောင်းနှင့် အပြုသဘောဆောင်သော အခန်းမှပါဝင်ကာ ပြန်လာသူများအတွက် အသင့် တည်ဆောက်နိုင်သော နေအိမ်များကို မြန်မာနိုင်ငံသို့ ပေးပို့ပြီး ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့လည်း ရွက်ဖျင်တဲများနှင့် လူသားချင်း စာနာမှုအကူအညီများ ပေးပို့ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။ “မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြိုးစားပမ်းစားလုပ်ဆောင်ပြီး ပြန်လည်ပို့ဆောင်ရေး အစီအစဉ် အမြန်ဆုံး စတင်တာကို ကျနော်တို့ အမြန်ဆုံး တွေ့မြင်ယုံကြည်လိုတယ်” ဟုလည်း ဝမ်ယိက ဆိုသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ပုန်ကန်မှု နှိမ်နှင်းရေးဟု မြန်မာအရာရှိများက သတ်မှတ်သည့် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကိုလည်း ထောက်ခံထားသည်။ ကိစ္စ အသေးစိတ်ကို ဝမ်ယိနှင့် ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟက်ဆန် မာမွတ်အလီက ပြောသည်။ “ဒီနေရပ်စွန့်ခွာလာသူတွေ သူတို့နေရင်းဒေသကို အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးဖို့ ရခိုင်ပြည်နယ်မှာ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ကျနော်တို့ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ “ဒီပြဿနာကို ဘယ်လို ဖြေရှင်းမယ် ဆိုတာနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံဆီက ကြီးမားတဲ့အကူအညီတွေ ကျနော်တို့ ရရှိထားတယ်” ဟုလည်း သူက ပြောသည်။ ကိုးကား ။ ။ Reuters The post ဒုက္ခသည် ပြန်လက်ခံရန် မြန်မာ အသင့်ဖြစ်ပြီဟု တရုတ် ယုံကြည် appeared first on ဧရာဝတီ.
Source : https://ift.tt/2tRV714
via IFTTT
No comments:
Post a Comment