မူးယစ်ဆေးသတင်းပေးလျှင် ဖမ်းမိတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း ဆုချမည် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများနှင့်် ပတ်သက်ပြီး သတင်းပေးတိုင်ကြားသူများကို ဆုချီးမြှင့်ငွေအဖြစ် အနည်းဆုံးကျပ်သိန်း ၁၃၀ ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။ “မူးယစ်ဆေးဝါးသတင်းပေးလို့ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ ကိစ္စတွေမှာ အနည်းဆုံးလူတယောက်ကို သိန်း ၁၃၀ လောက်ပေးဖို့တွက်ထားပြီးပြီ။ဥပမာ သတင်းပေးမှုကြောင့်ရတဲ့ဟာက တန်ဖိုးက သိန်း ၁ ထောင်ရှိတယ်ပေါ့နော်။ သတင်းပေးတဲ့သူက အနည်းဆုံးတော့ သိန်း ၁၀၀ လောက်ရနိုင်အောင်၊ ဖမ်းတဲ့ မူးယစ်ရဲပေါ့ သိန်း ၂၀၀လောက်ရမယ်။ နိုင်ငံတော်က သိန်း ၇၀၀ လောက်ရမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။ နေပြည်တော်ရှိ MICC-2 ခန်းမ၌ ဇွန်လ ၂၇ရက်ကပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ လာရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တိကျသော သတင်းပေးတိုင်တန်းမှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုများကို ဖမ်းဆီးရမိပါက သတင်းပေးတိုင်တန်းသူများကို ဖမ်ဆီးရမှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း၊ ဖော်ထုတ်ဖမ်းဆီးသည့် အထူးရဲတပ်ဖွဲ့ကို ၂၀ ရာခိုင်နှုန်း ပေးအပ်ကာ ကျန်ရှိ ၇၀ ရာခိုင်နှုန်းကို နိုင်ငံတော်မှ သိမ်းယူရန် လျာထားကြောင်း ၎င်းကဆိုသည်။ အဆိုပါလျာထားချက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ၏ နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ “မူးယစ်ဆေးဝါးဥပဒေပြင်လိုက်တယ်။ ပြင်လိုက်တဲ့အပေါ်မှာ နည်းဥပဒေဆွဲမယ်။ နည်းဥပဒေမှာ ၁၀၊ ၂၀ ၊ ၇၀ လို့ အကြမ်းဖျဉ်း လျာထားတယ်။ ဒါပေမယ့်နည်းဥပဒေဆွဲပြီးမှ အတည်ဖြစ်မှာ” ဟု ဦးဇော်ဌေးက ပြောကြားသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန်ဖြူးရောင်းချသူများနှင့် စပ်လျဉ်းသည့်အခြေအနေများကို သတင်းပေးပါက ထိုသူအား နိုင်ငံတော်က ဆုငွေ ချီးမြှင့် မည်ဖြစ်ပြီး ယင်းဆုငွေကို အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ သတင်းပေးတိုင်တန်းသူ၏ လုံခြုံရေးကိုအတွက် ဆုချီးမြှင့်ခြင်းကို သတင်းထုတ်ပြန်ခြင်းမပြုဘဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်တွင် နေပြည်တော်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။ သတင်းပေးတိုင်တန်းနိုင်သည့် မူးယစ်ဆေးဝါးအထူးသတင်းပေးတိုင်ကြားရေးဌာနကို နိုင်ငံသော်သမ္မတရုံးတွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး တပ်ဖွဲ့နှင့်သက်ဆိုင်ခြင်း မရှိကြောင်း၊ တပ်ဖွဲ့အနေဖြင့် ရန်ကုန် မန္တလေး၊ တောင်ကြီး၊ နေပြည်တော် မြို့ကြီးများတွင် အရေးပေါ် ပေါ်ပေါက်လာသည့် အမှုများကို ချက်ချင်း ဖမ်းဆီးနိုင်ရန် အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ အစီအစဉ်ကို ကြိုဆိုကြောင်း၊ သတင်းလုံခြုံမှုနှင့် သတင်းပေးသူ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။ “ သတင်းပေးသူတွေအတွက် လုံခြုံရေးက အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ဆီမှာ ရောင်းဝယ်နေတဲ့သူတွေက လက်နက်တွေပါကိုင်ဆောင်နေကြတယ်ဆိုတဲ့ အနေအထား တွေရှိတယ်လို့ သိရပါတယ်။ သတင်းပေါက်ကြားပြီး ဒါတွေကို ရှောင်သွားတာတွေလည်း ဖြစ်နိုင်တော့ သတင်းလုံခြုံမှုကိစ္စကလည်း အရေးကြီးသလို သတင်းပေးတဲ့သူတွေကို ကာကွယ်ဖို့ ကိစ္စကလည်း အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖြန့်ဖြူးခြင်းသုံးစွဲခြင်းတို့မှာ ပိုမိုများပြားလာသည့်အတွက် အစိုးရအနေဖြင့် ထိရောက်သောနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပြည်သူလူထု၏ ပူးပေါင်းမှုမှာ အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှသန်းက ပြောကြားသည်။ “ဆုကြေးလည်းရမယ်။ တိုင်ကြားသူရဲ့ လုံခြုံရေးလည်းရှိမယ်ဆိုရင်တော့ အဓိကပုဂ္ဂိုလ်ကြီးတွေ မိလာမယ်လို့ထင်ပါတယ်” ဟု ဦးလှသန်းက ပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ အထိ အမှုပေါင်း ၂၂၄၁ မှု ရှိခဲ့ပြီး မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူထားကြောင်း၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ယခုနှစ် အတွင်း မီးရှို့ ဖျက်ဆီးခဲ့သည့် တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၅၃ ၃၂၄ သန်းကျော်၊ အမေရိကန်ဒေါ်လာ ၁၈၇.၆ သန်းကျော်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။ The post မူးယစ်ဆေးသတင်းပေးလျှင် ဖမ်းမိတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း ဆုချမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2txFRXP
via IFTTT
No comments:
Post a Comment