ဒေါ်လာဈေး ဆက်တက်နိုင်ဟု ဗဟိုဘဏ် ပြော ပြည်တွင်း၌ အမေရိကန် ဒေါ်လာဈေး ဆက်လက် တက်ရန် ရှိနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Refercence Exchange) ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း က ဧရာဝတီသို့ ပြောသည်။ “ဒီနေ့လည်း တက်နေတယ်။ ခန့်မှန်းရတာတော့ ဒီနေ့ ကျမတို့ ဈေးနှုန်းကို Refercence Exchange Rate အပေါ် မူတည် ပြီး သတ်မှတ်နေတာ ဆိုတော့ မနက်ဖြန်ဈေးကလည်း တက်ရိပ်ကတော့ ရှိတယ်။ ကံသေကံမတော့ ပြောလို့ မရဘူးပေါ့ နော်။ ဗဟိုဘဏ်အနေနဲ့ ဈေးကွက် အချက်အလက်ပေါ် အခြေခံပြီး လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။ ပြည်တွင်း ဒေါ်လာ လဲလှယ်နှုန်းထားမှာ ဗဟိုဘဏ် ဈေးမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာ ၁၃၄၄ ကျပ်ခန့် ရှိရာမှ ဇွန် ၂၇ ရက် တွင် ၁ ဒေါ်လာ ၁၃၈၀ ကျပ် အထိ ဖြစ်သောကြောင့် ၃၆ ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။ “ကျမတို့ ဗဟိုဘဏ် သုံးသပ်ချက် အရကတော့ အခြားသော ကျမတို့ ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ငွေကြေးက Deviation (မတည်ငြိမ်မှု သဘော) ဖြစ်တာက ကျမတို့နိုင်ငံ ဖြစ်တာထက် ပိုတယ်။ တကယ်တော့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အခြေ အနေ အရ အမေရိကန် ဒေါ်လာ ဖြစ်တဲ့ အတွက်ကြောင့် အမေရိကန်နိုင်ငံရဲ့ ပေါ်လစီက ပိုအရေးကြီးဆုံးပေါ့နော်”ဟု ဒေါ်မေတိုးဝင်းက ဆိုသည်။ ၎င်းက ဆက်လက်၍ “သူတို့နိုင်ငံမှာ အတိုးနှုန်းတွေကို ၀ ဒသမ ၂၅ တက်လိုက်တော့ သူ့ငွေက တန်ဖိုး ပိုရှိသွားတဲ့အခါ ဒီဘက်ကို ပြန်ပြီး လည်ပတ်တော့ Deviation ဖြစ်တာပေါ့။ သူ့ငွေက မာတယ်” ဟု ပြောဆိုသည်။ ဒေါ်လာနှင့် ဆက်နွှယ်နေသော ကမ္ဘာ့ ရွှေဈေးကွက်မှာလည်း ကျနေသောကြောင့် ဒေါ်လာဈေး မြင့်တက်ခြင်း ဖြစ်သည် ဟု လည်း ဆိုသည်။ ပြည်တွင်း အမေရိကန်ဒေါ်လာ ဈေးနှုန်မှာ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှ စတင်ပြီး လက်ရှိအချိန်ထိ ဈေး ဆက်လက်မြင့် တက်လျက် ရှိကြောင်း ဒေါ်လာ အရောင်းအဝယ် လုပ်ကိုင်နေသူများက ပြောသည်။ အဆိုပါ ဒေါ်လာဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ဗဟိုဘဏ် အညွှန်းကိန်း တက်လာခြင်း၊ ကမ္ဘာ့ ရွှေဈေးကျခြင်း၊ ဈေးကွက် အတွင်း ဈေးကစားသူများ ရှိခြင်း၊ ရာသီစာအတွက် ခရီးသွားမည့်သူများက ဒေါ်လာငွေ စုဆောင်းခြင်းတို့ အပါအဝင် အစိုးရဝန်ကြီးဌာနများ နိုင်ငံခြားငွေကို ကိုယ်တိုင်ရှာဖွေ သုံးစွဲရမည် ဆိုသည့် သတင်းများ ကြောင့်လည်း အကြောင်းအရင်း စုံသွားကာ ဈေးတက်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ကိုင် သူများက ပြောဆိုကြသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဦးမိုးက“အခု တရုတ်က ငွေတန်ဖိုးကို ချတယ်။ အဲဒီတော့ သူနဲ့ ဆက် စပ်နေတဲ့ အရှေ့တောင် အာရှ နိုင်ငံအားလုံးရဲ့ ငွေတန်ဖိုးတွေ ကျတယ်။ လောလောဆယ်တော့ အဲဒါပဲ ရှိသေးတယ်။ တက်နေတဲ့ အရှိန်ကို နောက်ထပ် အရှိန်တခုက တွန်းပေးသလို ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဗဟိုဘဏ် ပြီးခဲ့သည့် တပတ်အတွင်း တရက်လျှင် ၃ ကျပ်မှ ၄ ကျပ်အထိ အပြောင်းအလဲ ဖြစ်သော်လည်း ပြင်ပ ဒေါ်လာ လဲလှယ်နှုန်းမှာ ပို၍ ဈေးတက်နေကြောင်း ၎င်းက ဆိုသည်။ “ဒီနေ့တော့ ဗဟိုဘဏ်ဈေးက မတက်သေးဘူး ၁၃၈၀ ကျပ်နဲ့ ရှိနေတယ်။ ပြင်ပဈေးကတော့ ၁ ဒေါ်လာ ၁၃၉၂ ကျပ်၊ ၁၃၉၃ ကျပ် လောက် ရှိတယ်”ဟု ၎င်းက ဈေးကွက် လက်ရှိ အခြေအနေကို ရှင်းပြသည်။ ဆက်လက်၍ ၎င်းက “အခု အတိုင်းသွားနေမယ်။ ပြည်တွင်း တခြား ဈေးကွက်ကို ပြောင်းနိုင်မယ့် သတင်းတွေ ဘာတွေ မရှိ ဘူး။ ဥပမာ-ကမ္ဘာ့ဘဏ်၊ ဗဟိုဘဏ်နဲ့ ဝင်ထိန်းဖို့ မရှိဘူး ဆိုရင် ဈေးက ဆက်တက်နေဦးမှာ ဖြစ်တယ်။ ဒီနေ့ကတော့ ဗဟိုဘဏ်က ၁၃၈၀ ကျပ်နဲ့ ရပ်ထားတယ်။ သူ့ရဲ့ လိုအပ်ချက် ပြည့်သွားတာလားတော့ မသိဘူး။ ၁၄၀၀ တန်းပဲ ကြိုက်တာ လားမသိဘူး”ဟု ပြောသည်။ လက်ရှိ အချိန်သည် ပို့ကုန် တင်ပို့မှု နည်းသည့် အချိန်ဖြစ်ခြင်းကြောင့် ဒေါ်လာ တန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း ခြင်းသည် ပြည်တွင်း ကုန်ဈေးနှုန်းပါ မြင့်တက်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။ ယခု ကာလမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလလည်း ဖြစ်ခြင်းကြောင့် အွန်လိုင်းလောင်းကစား လုပ်ကိုင်မှုများ ရှိနေခြင်း တို့ကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်သည်ဟု နိုင်ငံခြားငွေ ရောင်းဝယ်သူ ဦးခင်မောင်ဝင်း က ပြောသည်။ The post ဒေါ်လာဈေး ဆက်တက်နိုင်ဟု ဗဟိုဘဏ် ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2Ius0pS
via IFTTT
No comments:
Post a Comment