မူးယစ် သတင်းပေးမှု ချီးမြှင့်ငွေ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဟု ဆို မူးယစ် ကုန်သည်များနှင့် ရောင်းဝယ် သူများ၏ အခြေအနေများကို သတင်းပေးပါက ထိုသူအား နိုင်ငံတော်က ဆုငွေ ချီးမြှင့် မည်ဖြစ်ပြီး ယင်းဆုငွေကို အခွန်ကင်းလွတ်ခွင့် ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။ ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ၃၁ ကြိမ်မြောက် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောစဉ် သမ္မတ က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သမ္မတ ဦးဝင်းမြင့်က “သတင်းပေး တိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေး ကို အထူးဂရုပြုတဲ့ အနေနဲ့ သတင်း ထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ သတင်းပေး တိုင်ကြားသူများ၏ တိုင်ကြားမှုအား ဗဟို၌ ဖွဲ့စည်းထားသည့် အထူးအဖွဲ့၏ ဖော်ထုတ်ဖမ်းဆီးမှု အရေးယူမှုများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်သည့် အချိန်၌ မူးယစ်ကုန်သည်များနှင့် ရောင်းဝယ် ဖောက်ကားသူများ၏ တရားမဝင် ပိုင်ဆိုင်မှုများကို သတင်းပေး တိုင်ကြားသူ၊ လက်ရ ဖမ်းဆီးသူတို့အား အစိုးရက သင့်တင့်လျောက်ပတ်သော အချိုးအစား ဖြင့် ပြန်လည် ခွဲဝေပေးမည် ဖြစ်ကြောင်းလည်း ဆိုသည်။ မူးယစ်ဆေးဝါး တားဆီး ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရန် ဆုငွေ ချီးမြှင့်ရေး အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်များကို အရှိန် အဟုန် မြှင့်တင်ပြီး ဆောင်ရွက်နေသည်ဟု သမ္မတ ဦးဝင်းမြင့် က ပြောသည်။ သတင်းပေးသူများနှင့် ပေးပို့လာသည့် သတင်း အချက်အလက်များ လုံခြုံမှုကို အထူးဂရုပြုသည့်အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ၊ ရောင်းဝယ်မှုများနှင့် စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြား ရေး ဌာန တခုကို နိုင်ငံတော် သမ္မတရုံး၌ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ လေ့လာသုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင် က“ယေဘုယျအားဖြင့် ပြောရရင်တော့ အဲဒီလို လုပ် တာ ကောင်းတယ်လို့ ယူဆတယ်။ သို့သော် သတင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ နိုင်ငံတော် ဘက်က တာဝန် ယူပေးဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ အဲဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့လူတွေက ငွေရေးကြေးရေးလည်း သုံးစွဲနိုင်တယ်။ ဂိုဏ်းဂဏနဲ့လည်း လုပ်ဆောင်တာရှိတယ်။ သူတို့မှာ လက်နက်ကိုင်ဆောင်တဲ့ အလေ့အထလည်း ရှိတယ်။ အဲဒီလို လူတွေ နဲ့ ပတ်သက်တဲ့ ကိစ္စမှာ နိုင်ငံတော်ဘက်က လုံခြုံမှုကို အပြည့်အဝ အာမခံချက် ပေးနိုင်တဲ့ အင်အားတွေ ရှိရင်တော့ ကောင်း ပါတယ်”ဟု ပြောသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း ကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး သတင်းပေးသူများ၏ လုံခြုံရေး အတွက် အထူးလိုအပ်ပြီး အကာအကွယ် မည်မျှ ပေးနိုင်မည်ကို မေးခွန်းထုတ်ဖွယ် ဖြစ်ကြောင်း ပြောသည်။ စိုင်းဝမ်းလှိုင်းခမ်း က “မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေမှာ ဆက်နွယ်သူများဘက်မှ သက်သေများကို ငွေပေးပြီး အမှန်မထွက်ဆိုအောင် ပြုလုပ်နေတာမျိုးတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒါကို တန်ပြန်တဲ့သဘောနဲ့များ ဒီလိုနည်းလမ်း ထွက်လာ သလား ပေါ့။ သတင်းပေးသူများရဲ့ လုံခြုံရေးက အထူးလိုအပ်ပြီး ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာ မေးခွန်း ထုတ်ရ ပါလိမ့်မယ်။ ရှမ်းမြောက် တကြောမှာ ခဏခဏပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေရှိနေပြီး ဒီလိုနည်းလမ်းကျတော့ သတင်း ပေးရဲတဲ့သူ ရှိမလားပေါ့။ စဉ်းစားစရာပါ”ဟု ပြောဆိုသည်။ သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်မှ စတင်တိုးချဲ့ ဖွဲ့စည်းပြီး ဒေသ အလိုက် အထူး စစ်ဆင်ရေး ၂၃ ခုကို ၂၀၁၃ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် ယနေ့ အချိန်အထိ ဆောင်ရွက်နေကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။ သမ္မတ ဦးဝင်းမြင့် က “ကျနော်တို့ လူ့အဖွဲ့အစည်း တရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး ကျနော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့ ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို တစစီ နင်းချေပစ်နေတဲ့ ဒီမူးယစ် ဆေးဝါး အန္တရာယ်ကို ကျနော်တို့ အားလုံး ပြည်သူနဲ့ အတူ စုပေါင်းပြီး နှိမ်နင်းကြဖို့ အထူး အလေးအနက်ထား တိုက်တွန်း ပြောကြားလို ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ ထို့နောက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း ၁၃၆၄၀ ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ငါးသိန်း ၂ သောင်းကျော် (၅၂၀၀၀၀ ကျော်) ဖြစ်ကြောင်း၊ ဧပြီလ ၁ ရက်က ဇွန် ၁၉ ရက်ထိ မူးယစ် ဆေးဝါး ဖမ်းဆီးရမိသည့် အမှု ပေါင်း ၂၂၄၁ မှုရှိပြီး မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူထားပြီး ဖြစ်ကြောင်း သမ္မတက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ဘိန်းစိုက်တောင်သူများ၏ ဘဝကယ်တင်နိုင်ရေး၊ တောင်တန်းဒေသနေ တိုင်းရင်းသားများ၏ လူမှု ဘဝ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ဘဝ ပြန်လည် ထူထောင်ရေးတို့ အတွက် မဟာဗျူဟာ ၂ ရပ်၊ နည်းဗျူဟာ ၃ ရပ် ချမှတ်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းများကို ၅ နှစ်စီ ၄ ပိုင်းခွဲ၍ ဆောင်ရွက်နေရာ ၂၀၁၉ ခုနှစ်တွင် စီမံ ကိန်း ကာလ ကုန်ဆုံးမည် ဖြစ်ကြောင်းလည်း ဆိုသည်။ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကုလသမဂ္ဂ အထူးညီလာခံ (UNGASS) အစည်းအဝေး၏ လုပ်ငန်း အကြံပြုချက်များကို အခြေခံသည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် တရပ်ကိုလည်း ရေးဆွဲ ပြဌာန်း ထားပြီး ဖြစ်ကြောင်း သမ္မတက ပြောသည်။ ၁၉၈၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန် ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ် ချိန်ကစ၍ ကမ္ဘာ့နိုင်ငံ အသီးသီးနည်းတူ မြန်မာနိုင်ငံ၌လည်း နှစ်စဉ် ကျင်းပလာရာ ယခုနှစ်ဆိုလျှင် ၃၁ ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ The post မူးယစ် သတင်းပေးမှု ချီးမြှင့်ငွေ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2yJvwgx
via IFTTT
No comments:
Post a Comment