Saturday, June 30, 2018


ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်း ဇူလိုင်တွင်ရောင်းမည် ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်းကို လာမည့် ဇူလှိုင် ၁ ရက်မှ စတင်၍ နိုင်ငံပိုင် စက်သုံးဆီဆိုင် ၈ ဆိုင်မှ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်၌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ဆီများ ဖြန့်ဖြူးရောင်းချခြင်းမှာ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းထိန်းညှိရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီများအား သင့်တော်သော ဈေးနှုန်းနှင့် ရောင်းချသွားမည်ဟု သိရသည်။ ရောင်းချပေးမည့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ ခုမှာ နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး၊ပဲခူး နှင့် ဟင်းငုတ်ပင်(တောင်ငူ) တို့မှ ဖြစ်ပြီး မော်တော်ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များသုံးစွဲရန်အတွက် လက်လီရောင်းချခြင်း ဖြစ်သည်။ စုစံ စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရေးကုမ္ပဏီမှ Marketing တဦးဖြစ်သူ မတင်တင်ထူးက” စက်သုံးဆီ ဒီလိုမျိုးထုတ်ရောင်းတာကောင်းပါတယ်။ ဆီဈေးတက်ပြီဆို စင်ကာပူဆီကို ပြည်တွင်းက စက်လှေတွေ သင်္ဘောတွေက ဝယ်မသုံးနိုင်တော့ဘူး။ အပြင်ချက်ဆီတို့ ပြည်တွင်းဖြစ်ဆီတွေပဲသုံးတာ။ဒါကြောင့် ပြည်တွင်းက ဆီတွေထုတ်တယ်ဆိုရင် အထောက်အကူဖြစ်တယ်။ “ဟု ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍၎င်းက” စင်ကာပူဆီက ဒေါ်လာအတက်အကျနဲ့ သူ့ဈေးပဲ။ သူ့အနေအထားနဲ့ သူရှိမှာပဲ ပြည်တွင်းဆီကလည်း သူအရည်အသွေး သူဈေးနဲ့ သူရှိမှာပါ။ အစိုးရက ဆီထုတ်ရောင်းပေးမယ့် သူ့အရည်အသွေးအလိုက် သူ့ဈေးနဲ့သူသွားမှာပဲ” ဟု ပြောသည်။ ဇွန်လ ၂၉ ရက် စက်သုံးဆီ ပေါက်ဈေးများမှာ ဒီဇယ် တလီတာလျှင် ၈၉၅ ကျပ် ၊ပရီမီယံ ဒီဇယ် တလီတာ ၉၁၀ ကျပ် ၊ အောက်တိန်း ၉၂ တလီတာကို ၈၇၀ ကျပ်နှင့် အောက်တိန်း ၉၅ တလီတာကို ၉၂၀ ကျပ် ပေါက်ဈေးရှိပြီး ၃ လအတွင်း တလီတာလျှင် ၆၀ ကျပ်ဝန်းကျင်ခန့် ဈေးတက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ် သည့် ပြည်တွင်းထုတ်ဓာတ်ဆီ ဂါလန် ၃ သန်းကို ပြီးခဲ့သည့် ဧပြီလတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း(MPTA)သို့ ပထမအကြိမ် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝန်ကြီး ဌာနမှ သိရသည်။ ပြည်ပ တင်သွင်းသည့် စက်သုံးဆီများကို ပြည်တွင်း၌ သိုလှောင်ကန်ငှါးသည့် ကုမ္ပဏီ ၅ ခုရှိပြီး နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီပေါင်း ၅၀ ခန့့်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီမှာ ပြည်တွင်းလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန် ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းနေရသည်။ The post ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်း ဇူလိုင်တွင်ရောင်းမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2yYyy0s
via IFTTT

No comments:

Post a Comment