Friday, June 29, 2018


၁၄ နှစ်ကျောင်းသားအား အုပ်စုဖွဲ့ ရိုက်နှက်မှု ရုံးချိန်း ထပ်မံ ချိန်းဆို မတ္တရာမြို့နယ် လွင်ဦးကျောင်းတိုက်တွင် ဦးသုစရိတနှင့် အဖွဲ့က အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးနိုင်အား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အမှုအား ဇူလိုင်လ ၆ ရက်သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။ မတ္တရာမြို့နယ် တောင်ကန်အုပ်စု၊ ကင်းရွာရှိ လွင်ဦးကျောင်းတိုက်တွင် ဧပြီလ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဦးသုစရိတ အပါဝင် ၄ ဦးအား မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် (ပ)၃၂၇/၂၀၁၈ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်လှစ်ပြီး အမှုအား ရဲလုပ်ငန်းများ အရ စုံစမ်းစစ်ဆေး၍ မြို့နယ် ဥပဒေရုံးသို့ အကြံပေးရန် တင်ပြ တောင်းခံခဲ့ရာ၌ သာမန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၃ ဖြင့် ပြန်လည် ချထားပေးခဲ့ကြောင်း မတ္တရာမြို့နယ် ရဲတပ်ဖွဲ့က ဆိုသည်။ မတ္တရာမြို့နယ် မြို့နယ် တရားသူ ကြီး ဦးဝင်းမြင့်စိုး က “ဦးသူရနိုင် တရားလိုလုပ်ပြီး ဦးတိုက် လျှောက်ထားလာတဲ့ အမှုကို ကျနော်တို့က လက်ခံခဲ့ပြီးတော့ ရာဇဝတ်ကျင့်ထုံး ၂၀၂ အရ သက်ဆိုင်ရာ ရဲစခန်းကို အမှုနဲ့ ပက်သက်တာတွေ ခိုင်မာ အောင် တည်ဆောက်ပေးဖို့ လွှဲပေးခဲ့တယ်။ ဒီနေ့ ရုံးချိန်းမှာ စခန်းကနေ ပြန်တင်လာခြင်း မရှိသေးတာကြောင့် ရုံးချိန်းကို ထပ်မံ ချိန်းဆိုပေးတာပါ” ဧရာဝတီသို့ ပြောသည်။ ရာဇဝတ်ကျင့် ဥပဒေ ၂၀၂ ဆိုသည်မှာ တိုင်တန်းလာသည့် အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းမှ တိုင်ကြားချက်ပါ အကြောင်းအရာများကို ခိုင်လုံမှုရှိ မရှိ၊ အမှုကြောင်းအရ ပြန်လည်စစ်ဆေးပေးကာ အစီရင်ခံစာ အဖြစ် ပြန်လည် တင်ပြ ရခြင်းမျိုး ဟု သိရသည်။ တရားလို ပြုလုပ်၍ ဦးတိုက် လျှောက်ထားသူ မောင်ဝေဖြိုးနိုင်၏ ဖခင် ဦးသူရနိုင်က “အခုလ ၈ ရက်က ကျနော် ဦးတိုက် လျှောက်ခဲ့တာ။ ဇွန်လ ၂၂ ရက်ကို ပြန်ပြီး ရုံးချိန်းပေးခဲ့တာ။ အခု ဇူလိုင် ၆ ရက်ကို ပြန်ချိန်းပေးပြန်တယ်။ ဒီနေ့ထိ ရဲက လာပြီး စစ်ဆေးတာ မျိုးတွေ တခုမှ မလုပ်သေးဘူး။ဘာကြောင့် လာမစစ်သေးလဲ ဆိုတာ နားမလည်ဘူး။ ကျနော်တို့က မရှိဆင်းရဲသား ဆိုတော့ တောထဲ တောင်ထဲမှာ သွားအလုပ်လုပ်မှ စားရတာ။ သူတို့ လာစစ်မလားဆိုပြီး စောင့်နေတာ အချိန် တော်တော်ကြာနေပြီ” ဟု ပြောသည်။ အဆိုပါ အမှုကို ငွေကြေးရယူခြင်း မရှိဘဲ စေတနာဖြင့် လိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက “အမှုရဲ့အနေအထားက ကာယကံရှင် အမှုသည်တွေက ရဲကို ပြည့်ပြည့်စုံစုံ ဖြစ်ကြောင်းကုန်စင် တိုင်ကြားရမယ် ဆိုတာကို နားမလည်တာရယ်၊ ရဲတွေကလည်း သူတို့ကို ဖြစ်ကြောင်းကုန်စင် အသေးစိတ် မမေးမြန်းတာရယ် အဲဒီ အပြန်အလှန် ကွာဟချက်ပေါ်မှာ ကြန့်ကြာနေတာပါ” ဆိုသည်။ မတ္တရာမြို့နယ် မြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ ဒုရဲအုပ်မောင်မျိုးက “ကျနော်တို့ အဲဒီအမှုကို ရဲလုပ်ငန်းများအတိုင်း စုံစမ်းစစ်ဆေးပြီး မြို့နယ်ဥပဒေရုံးကို အကြံပေးဖို့ တောင်းခံတော့ ဥပဒေပုဒ်မ ၃၂၃ နဲ့ ပြန်ချပေးခဲ့တယ်။ အမှုကို ခိုင်မာ အောင် တရားလို၊ သက်သေတွေ အားလုံးကို စစ်ဆေးနေရတာမို့ ပြန်မတင်နိုင်တာ။ ဒါကိုလည်း ရက်ထပ်တိုးပေးဖို့ တရား သူကြီးဆီမှာ တင်ပြထားပါတယ်။ လာမယ့်ရုံးချိန်းအမီ ကျင့် ၂၀၂ ပြန်တင်နိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု ဖြေကြား သည်။ ဖြစ်စဉ်မှာ ကင်းရွာရှိ လွင်ဦးကျောင်းတိုက်အတွင်း၌ ဧပြီလ၂၁ ရက်တွင် လွင်ဦးကျောင်း၌ ကျောင်းအိပ်ကျောင်းစား နေထိုင် သူ မောင်ဝေဖြိုးနိုင်က ကျောင်းသားအချင်းချင်း စကားပြောကြရာတွင် “ခွေးပါးစပ်က နတ်စကားထွက်” ဟူသော အသုံး အနှုန်းကို သုံးနှုန်းမိရာ ဦးသုစရိတက ၎င်းကို ပြောသည်ယူဆပြီး အုပ်စုဖွဲ့၍ အနိုင်ကျင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ယင်းသို့ ရိုက်နှက်ရာ၌ မောင်ဝေဖြိုးနိုင်အား ဦးသုစရိတ ဦးဆောင်၍ ကျန်ကျောင်းသားများက ဆံပင်အား ဆောင့်ဆွဲ၍ မျက်နှာအား အချက်ပေါင်းများစွာ ရိုက်နှက်ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ ဝါးလုံးဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်းများကို ပြုလုပ်ကြောင်း လည်း သိရသည်။ အဆိုပါ ရိုက်နှက်ခံရမှုကြောင့် မောင်ဝေဖြိုးနိုင်မှာ မတ္တရာပြည်သူ့ဆေးရုံကြီး တွင် ဧပြီလ ၂၁ ရက်က အတွင်း လူနာ အဖြစ် တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ဧပြီ ၃၀ ရက်က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသ မှုခံယူခဲ့ရကြောင်း သိရသည်။ “အခုအမှုကို ရဲတပ်ဖွဲ့အနေနဲ့ မြန်မြန်တော့ လုပ်ပေးသင့်တာပေါ့ ကြာလည်း ကြာနေပြီ။ ရဲမှာက ဖြစ်စဉ်ကို အသေးစိတ် မေးမြန်းတာမျိုး မဟုတ်ဘဲ သူတို့ရဲ့လက်သုံးစကားအတိုင်း လိုရင်းနဲ့အတိုချုပ် ဆိုတော့ နားမလည်တဲ့ အပေါ်မှာ ကျန်ရှိ နေခဲ့တာတွေကို တရားသူကြီးက ထပ်ပြီးတော့ စုံစမ်းမေးမြန်းခိုင်းတာကို မလုပ်သေးလို့ တရားရုံးက ထပ်မံ ရုံးချိန်း ချိန်း ဆိုပေးတာမျိုးပါ” ဟု ဒေါ်အေးသန္တာက ဆက်လက် ပြောသည်။ အဆိုပါ ဖြစ်စဉ်ကို မတ္တရာမြို့ သံဃာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဦးသုစိရတအား လိုအပ်သလို ဥပဒေအရ အရေး ယူနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက “အခုဟာက ဘယ်လိုဖြစ်နေသလဲဆိုတော့ တကယ်နစ်နာတဲ့ တရားလိုကနေ ပြီးတော့ တင်တဲ့အမှုက အခုအချိန်အထိ တရားရုံးမှာ မရောက်သေးဘဲနဲ့ ဦးသုစရိတဘက်က စွဲတဲ့အမှုက စစ်နေပြီ။ ဒါ ကြောင့် မြန်မြန်တော့ စုံစမ်းစစ်ဆေးသင့်တာပေါ့။ တရားလိုဘက်က တကယ်နစ်နာခဲ့တာဆိုတော့ အေးအေးဆေးဆေး လုပ်မနေသင့်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။ ရိုက်နှက်သူ ဦးသုစရိတက အပြန်အလှန် တရားစွဲဆိုရာတွင် မောင်ဝေဖြိုးနိုင် အပါအဝင် ၇ ဦးအပေါ် တရားစွဲထားပြီး မောင်ဝေဖြိုးနိုင်အား သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) နှင့်လည်းကောင်း ၎င်း၏ အဒေါ်နှင့် အစ်မ ဝမ်းကွဲတို့အား ပုဒ်မ ၂၉၄ (ခ) နှင့် အသရေဖျက်မှု ပုဒ်မ ၅၀၀၊ ရာဇဝတ် မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့ဖြင့် စွဲဆိုထားသည်။ The post ၁၄ နှစ်ကျောင်းသားအား အုပ်စုဖွဲ့ ရိုက်နှက်မှု ရုံးချိန်း ထပ်မံ ချိန်းဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2N9UbxQ
via IFTTT

No comments:

Post a Comment