အိမ်အကူမကရင်မအမှု တရားလိုရှေ့နေ မရောက်ခင် ရုံးထုတ် အိမ်အကူ မကရင်မ အသတ်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်အရာရှိကတော်ကို တရားစွဲဆိုထားသည့် အမှုကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးတွင် ဇွန်လ ၂၈ ရက်က ရုံးထုတ်ရာ တရားလို ရှေ့နေ ရောက်ရှိခြင်း မရှိသေးဘဲ ရုံးထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါရှေ့နေသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဦးဆောင်သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ စေလွှတ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ဖြစ်သည်။ တရားလိုရှေ့နေ မပါဘဲ တရားခံ ရှေ့နေ အားသည့်ရက်အတိုင်း ရုံးချိန်းပေးလိုက်ခြင်းအပေါ် သံသယဖြစ်မိကြောင်း သူက ပြောသည်။ ရှေ့နေ ဒေါ်စန်းစန်းမြင့်က “တရားလို နစ်နာသူဘက်က လိုက်ပါဆောင်ရွက်တယ်ဆိုတာ စာတွေလည်း ပို့ထားပြီးပြီ အဲဒီလိုစာပို့ထားပါလျက်နဲ့ တရားလိုဘက်က ဆောင်ရွက်ပါမယ်။ နစ်နာသူဘက်က ဆောင်ရွက်ပါမယ် ပူးပေါင်းဆောင်ရွက်ပါမယ်လို့ စာတွေပို့ထားပါလျက်နဲ့ ကျမကို ၂ နာရီလောက်မှ အချုပ်ထားပါမယ်လို့ ကတိပေးထားပါလျက်နဲ့ အချုပ်ထုတ်လိုက်တဲ့အတွက် နံပတ် ၁ အခက်အခဲကတော့ ၁၁ ရက်နေ့ရုံးချိန်းယူမယ်လို့ ပြောတယ်။ တကယ်ဆိုရင် ရှေ့နေတွေ မျက်နှာစုံညီမှ ရုံးချိန်းကို ယူတာကထုံးစံပါ”ဟု ပြောသည်။ တရားလို ရှေ့နေ မရောက်သေးဘဲ ရုံးထုတ်ခြင်းမှာ ဥပဒေအရဖြစ်ပြီး တရားလိုရှေ့နေမှာ ပါဝါ(ကိုယ်စားလွှဲစာ)လည်း မတင်ရသေးကြောင်း ဒေါ်သိင်္ဂီစု၏ ရှေ့နေ ဦးအောင်စည်ထွန်းက ဦးအောင်စည်ထွန်းက “အခုရုံးထုတ်လိုက်တဲ့အချိန်က နေ့လည် ၁ နာရီလည်း ကျော်နေပြီ။ တရားလိုရှေ့နေမပါလည်း ရုံးထုတ်လို့ရတယ်။ ဥပဒေအရာရှိ၊ ခရိုင်ဥပဒေ အရာရှိတွေလည်း ငုတ်တုတ်ထိုင်နေကြတာပဲ ၁၂ အထိတော့ စောင့်ကြသေးတယ်။ ရုံးချိန်းပေးတယ် မပေးဘူးဆိုတာက အမှုတွဲမှာပါဝါ တင်ထားတဲ့သူတွေပဲ ရုံးချိန်းပေးလို့ရတယ်။ ပါဝါတင်တဲ့သူတွေပဲ စကားပြောခွင့်ရှိပါတယ်”ဟု တုံ့ပြန်ပြောကြားသည်။ ထို့ပြင် တရားခံဟု ယူဆရသူဒေါ်သိင်္ဂီစုကို ရုံးထုတ်ရာတွင် လုံခြုံရေးပေးထားသော ရဲအင်အားများပြားခြင်း၊ မျက်နှာအုပ်ထားခြင်းကြောင့် မည်သူမည်ဝါ သေချာစွာ မသိရခြင်းတို့ကြောင့် ဝေဖန်မှုများရှိနေသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က “လုံခြုံရေးကတော့လိုတာထက် ပိုပြီးတော့ ပေးထားတယ်လို့ မြင်ပါတယ်။ မပေးရဘူးမဟုတိဘူး ပေးပါ အမျိုးသမီးတရားခံ ဖြစ်တဲ့အတွက် အမျိုးသမီးရဲမေ ၂ယောက်ဝန်းရံပါ။ အမျိုးသမီးရဲမေ ၂ယောက်ကိုပါ အနှောက်အယှက်ပေးမယ်လို့ ယူဆရင် စိုးရိမ်ရင် အမျိုးသားရဲ ၂ယောက်လောက်က ထက်ပြီးဝန်းရံပါ အလွန်ဆုံး ၄ယောက်လောက်ဆိုရင် လုံလောက်ပါပြီ အခုဒီနေရာမှာ ဒီလောက်အင်အားတွေ သုံးထားတော့ ရဲစခန်းမှာ အင်အားကျန်သေးရဲ့လား လို့တောင် မေးချင်ပါတယ်” ဟု ပြောသည်။ ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ် တွင် အိမ်အကူ လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာ ဗရပွဖြင့် ချက်ချင်းသေဆုံးသွားခဲ့သဖြင့် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ချက်ခြင်း ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ မကရင်မကို ဒေါ်သိင်္ဂီစုက ဆွဲကြိုးခိုးသည်ဟုဆိုကာ ရိုက်နှက်နှိပ်စက်ပြီး အခန်းအတွင်း ၅ ရက်ခန့်ပိတ်လှောင်ထားကာ ထမင်းလည်း အငတ်ထားခဲ့ကြောင်း ကရင်မက အိမ်နီးနားချင်းများကို သူမသေဆုံးခင် နာရီပိုင်းအတွင်း ပြောပြခဲ့ပြီး ဒဏ်ရာများကိုလည်း ပြသခဲ့သည်။ ဒေါ်သိင်္ဂီစုကို တွံတေးမြို့နယ် ခလောက်ချိုက်ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ထောင်ဒဏ် ၇ နှစ်နှစ်အထက် ကျခံရနိုင်သည့် ပြစ်မှုကြီးဖြစ်သဖြင့် မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ လွှဲပြေားပေးခဲ့ကာ တောင်ပိုင်းခရိုင်တရားရုံးတွင် ဇွန်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် စတင် တရားစွဲဆိုခဲ့သည်။ ခန္ဓာကိုယ်အနှံ့အပြား နှိပ်စက်ခံရသည့် ဒဏ်ရာများရှိနေသည့်အပြင် အူတွင်းတွင် ပေါက်ပြဲနေသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် မကရင်မတွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အရွယ်အထိ သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ The post အိမ်အကူမကရင်မအမှု တရားလိုရှေ့နေ မရောက်ခင် ရုံးထုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2yPbDEz
via IFTTT
No comments:
Post a Comment