Saturday, June 30, 2018


ယူရို ၁၅ သန်းတန် တန်ဖိုးကြီးကျောက်စိမ်းတွဲ ရောင်းမထွက် ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေးယူရို ၁၅သန်း သတ်မှတ်ထားသော တန်ဖိုးကြီးကျောက်စိမ်းတွဲမှာ ရောင်းချရခြင်းမရှိကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ပြောကြားသည်။ “၁၅ သန်းတန်က မရောင်းရဘူး။ ၁၀ သန်းအောက်တွေပဲ ရောင်းရတယ်” ဟု ဦးမင်းသူက ပြောသည်။ ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၆၇၉၅တွဲ တင်ပြခဲ့ရာ ၅၂၅၉ တွဲ ရောင်းချရပြီး ယူရို ၄၂၃ သန်းကျော်ရရှိခဲ့ကြောင်း ပြပွဲကျင်းပရေးဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၅၄ ကြိမ်မြောက်ပြပွဲထက် ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၅၀ကျော် ပိုမိုရောင်းချနိုင်ခဲ့သော်လည်း ကျောက်အရည်အသွေး ကွာခြားချက်ကြောင့် ရောင်းရငွေမှာ ယူရို သန်း ၈၀ ခန့် လျော့နည်းရရှိခဲ့ကြောင်း၊ ယူရို ၁ သန်းနှင့်အောက်ရှိ ကျောက်တွဲများမှာမူ ယခင်အတိုင်းရောင်းချရကြောင်း သိရသည်။ ပြပွဲတွင် ကြမ်းခင်းဈေးအမြင့်ဆုံးဖြစ်သော ယူရို ၁၅ သန်းတန် သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲ ရောင်းချရခြင်းမရှိဘဲ ဈေးမြင့်အတွဲများအဖြစ် ယူရို ၉သန်းတန် ၁တွဲ၊ ယူရို ၆ သန်းတန် ၁ တွဲ၊ ယူရိုငါးသန်းတန် ၂ တွဲ စသည်ဖြင့် ယူရို ၁၀ သန်းအောက်အတွဲများသာ ရောင်းချခဲ့ရသည်။ “ ဒီပွဲမှာက ဈေးမြင့်တဲ့၊ အရမ်းကောင်းတဲ့ ကျောက်တွဲတွေ နည်းတာပေါ့။ ပြီးခဲ့ပွဲက ၁၀ သန်းကျော်တွေ ထွက်တယ်။ ဒီပွဲမှာ ငါးသန်းအထက် ၄ တွဲပဲ ရှိတာပေါ့။ ကျောက်အရည်အသွေးပိုင်းက အရင်ပွဲထက် နည်းနည်းလေးနိမ့်တယ်” ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီဥက္ကဌ ဦးမင်းသူက ပြောကြားသည်။ ယင်းကဲ့သို့ ယခင်ပြပွဲထက် ရောင်းရငွေလျော့နည်းခဲ့သော်လည်း ယခုပြပွဲသည် မျှော်မှန်းသည်ထက် ပိုမိုရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ဒုဥက္ကဌဦးဇော်ဘိုခန့်က ပြောကြားသည်။ “၃၀၀( သန်း) ကျော်လောက်မျှော်မှန်းတာ၊ ၄၀၀ ကျော်လောက် ရောင်းရတယ်ဆိုတော့လေ” ဟု ဦးဇော်ဘိုခန့်က ပြောကြားသည်။ ကျောက်စိမ်းတွဲများကို ထုံးစံအတိုင်း တရုတ်ကုန်သည်များမှ အဓိကဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အခြေခံဈေး ယူရိုလေးထောင်နှင့်အထက်သတ်မှတ်ထားသော ကျောက်စိမ်း အတွဲများနှင့် ယူရို တထောင်နှင့် အထက်သတ်မှတ်ထားသော အချောထည် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲကို ဇွန်လ ၂၄ရက်မှ ၂၉ရက်အထိ ပြသခဲ့ပြီး ယူရို ၄၂၃ ဒသမ ၁၁၈ သန်းရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ၅၄ ကြိမ်မြောက်ပြပွဲတွင် ၅၀၉၁ တွဲရောင်းချရခြင်းမှ ယူရို ၅၁၃ ဒသမ ၄၄သန်း ရရှိခဲ့ပြီး ၂၀၁၇၊ နှစ်လယ်ပြပွဲတွင် ၅၀၅၄ တွဲရောင်းချရခြင်းမှ ယူရို ၄၃၈ ဒသမ ၅၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ ယခုပြပွဲတွင် အာမခံစပေါ်ငွေကို ဝယ်ယူလိုသည့်တန်ဖိုး၏ ၅ရာနှုန်းမှ ၁၀ ရာခိုင်နှုန်းသို့တိုးမြှင့်ပေးသွင်းစေခဲ့ပြီး တင်ဒါအောင်ကျောက်တွဲကို ငွေချေမရွေးယူသော ကုန်သည်များအား ပြပွဲတက်ခွင့်ပိတ်သည့်စနစ်ကို ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ပြပွဲပိတ်ခံထားရသော ကုန်သည်များကို တပွဲလျှင် ယူရို ၁ထောင်နှုန်းဖြင့် ဒဏ်ငွေဆောင်စေကာ ပြပွဲပြန်တက်ခွင့်ပြုလိုက်သည့်အတွက် တက်ရောက်ကုန်သည် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ The post ယူရို ၁၅ သန်းတန် တန်ဖိုးကြီးကျောက်စိမ်းတွဲ ရောင်းမထွက် appeared first on ဧရာဝတီ.
Source : https://ift.tt/2tQz6PZ
via IFTTT

No comments:

Post a Comment