Thursday, June 28, 2018


မယ်ဆိုင်ဂူ ထွက်ပေါက်ရှာဖွေရေး မြန်မာက ဝိုင်းဝန်းကူ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့က ကျောင်းသား ၁၂ ဦးနှင့် ဘောလုံး နည်းပြတဦးတို့ ဝင်ရောက် သွားတဲ့ ထမ့်လုံခွန်နမ့်လိုဏ်ဂူရဲ့ ထွက်ပေါက်တချို့ မြန်မာနိုင်ငံဘက်ခြမ်းက တောစပ်မှာ ရှိမရှိ ကူညီရှာဖွေမှုတွေကို မြန်မာဘက် ဆောင်ရွက်ပေးနေပါတယ်။ ထမ့်လုံခွန်နမ့် လိုဏ်ဂူရဲ့ ထွက်ပေါက် မြန်မာနိုင်ငံဘက်မှာ ရှိလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ ထိုင်းအာဏာ ပိုင်တွေဘက်က တောင်း ဆိုလာမှုအပေါ် မြန်မာအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ကို ချက်ချင်းညွှန်ကြားထားပြီး ရှာဖွေမှု တွေပြုလုပ်စေခဲ့တာဖြစ်ပါတယ်။ မယ်ဆိုင်မြို့တဘက်ကမ်းရှိ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် အနီးရှိ လိုဏ်ဂူပေါက်များကို တာချီလိတ် မြို့ရှိ အဖွဲ့ပေါင်းစုံ ကယ်ဆယ်ရေးအဖွဲ့များကလည်း နိုင်ငံတော်အစိုးရထံက ခွင့်ပြုချက် ကျလာတာနဲ့ တပြိုင်တည်းမှာဘဲ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတာဝန်ခံ ဦးထွန်း က ပြောပါတယ်။ ဦးထွန်း က“ထိုင်းကလူကြီးတွေရဲ့ သဘောထားအရ မြန်မာဘက်ကို ထွက်ပေါက်တွေရှိနိုင်တယ်ပေါ့နော် တချို့ဆိုလည်း ကြားဖူးနားဝ မြန်မာဘက်ကိုလည်း ပေါက်တယ်လို့ ကြားဖူးတာပေါ့ အတိအကျတော့ မသိဘူးပေါ့။ မြန်မာဘက်ကနေ ဂူထွက် ပေါက်တွေကို ကူညီပြီး ရှာဖွေပေးပါ ဆိုပြီး အကူအညီတောင်း လာတဲ့အတွက် ဒီဘက်က ချက်ချင်း ဆောင်ရွက်ပေးတာပါ” လို့ ဧရာဝတီကို ပြောပါတယ် ဒါကြောင့် မြန်မာကယ်ဆယ်ရေး အဖွဲ့တွေဟာ မယ်ဆိုင်ဘက်ကနေ မျက်နှာမူထားတဲ့ တာချီလိတ် ဘက်ခြမ်းက ဂူပေါက်တွေကို အောက်စီဂျင်ဗူးတွေ၊ ယူနီဖောင်း အပြည့်အစုံနဲ့ ဒီကနေ့ညနေပိုင်းအထိ ရှာဖွေနေပေမယ့် ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။ ထိုင်းကျောင်းသား ၁၂ ဦးနဲ့ ဘောလုံးနည်းပြ တဦးတို့ဟာ ဒီလ ၂၃ ရက်နေ့က ထမ့်လုံခွန်နမ့် လိုဏ်ဂူ ထဲကို ဝင်သွားပြီး နောက် ပြန်ထွက်မလာနိုင်ဘဲ အဆက်အသွယ်ပြတ်တောက်နေတဲ့အတွက် ထိုင်းအစိုးရက နိုင်ငံတော် အဆင့် စီမံချက်ချပြီး ရှာဖွေ ကယ်ဆယ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုရှာဖွေမှုတွေပြုလုပ်လာတာ ဒီကနေ့ဆို ၆ ရက်မြောက်ရှိလာပြီဖြစ်ပြီး ထိုင်းဘက်က သုတေသီ တချို့ကတော့ ကလေး တွေဟာ ရေမကြီးခင်ဂူထဲကို အလည်အပတ်ဝင်သွားတာဖြစ်ပြီး ပြန်အထွက်မှာ ရေကြီးပြီး ဂူပေါက်တွေပိတ်နေလို့ ရေလွတ်ရာမှာ ပုန်းရှောင်ရင်း ထွက်ပေါက်တွေကို လိုက်ရှာနေ တာဖြစ်နိုင်ကြောင်း သုံးသပ်မှုပြောဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးတွေထဲက တဝက်လောက်ဟာ အရင်ကလည်း ဒီလိုဏ်ဂူထဲကို စွန့်စား လည်ပတ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း၊ ထွက်ပေါက်လိုက်ရှာရာမှာလည်း အိမ်နီးချင်း မြန်မာနိုင်ငံဘက်က တောစပ်တွေမှာ ရောက်သွားနိုင်ကြောင်း လည်း ဆိုထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်မှာ ရှိနိုင်တဲ့ ဂူပေါက်တွေကို ကူညီရှာဖွေပေးဖို့ ထိုင်းအာဏာပိုင်များက ဒီကနေ့ ဆက်သွယ်လာပြီး နောက်မှာတော့ ပျောက်ဆုံးနေတဲ့ ထိုင်းကျောင်းသား ၁၂ ဦးနဲ့ နည်းပြ တဦး ပြန်လည်တွေ့ရှိရန် ထိုင်းအစိုးရနှင့် ကယ်ဆယ်ရေး အဖွဲ့များ ဆောင်ရွက်နေမှုကို မြန်မာနိုင်ငံ ဘက်ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံးက ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ထိုင်းအစိုးရဘက်က ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရက နိုင်ငံခြား ရေးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကို ညွှန်ကြားခဲ့ပြီးနောက် တာချီလိတ်ခရိုင်က ကယ်ဆယ်ရေးအဖွဲ့တွေဟာ မယ်ဆိုင်ဘက် အခြမ်းနဲ့ ဆက်သွယ်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းက ဂူပေါက်တွေကို ချက်ချင်း ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ “ဒီကိစ္စစဖြစ်ကတည်းက မြန်မာဘက်က ထိုင်းဘက်ကဖြစ်စဉ်ကို ကူညီချင်ကြတာ အများကြီးပါ။ အခုမှ သူတို့ဘက်ကလည်း ဆက်သွယ်လာလို့ လုပ်ဖြစ်သွားတာ” လို့ ဦးထွန်းက ဆိုပါတယ်။ ထိုင်းအစိုးရကတော့ လိုဏ်ဂူအတွင်းကို ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကတည်းက ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ အရှိန်မြင့်ပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး အခုနောက်ဆုံး အခြေအနေမှာ အင်္ဂလန်ကနဲ့ အမေရိကန်တို့က ကျွမ်းကျင်ပညာရှင်တွေကိုပါ ခေါ်ယူရှာဖွေနေပါ တယ်။ လိုဏ်ဂူထဲဝင်ပြီး ပျောက်သွားတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ်ထိ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြ ၁ ဦးဟာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့ပေါ်မှာ ၉ နာရီကနေ ၁၁ နာရီအထိ ဘောလုံး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက်မှာတော့ လိုဏ်ဂူကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။ အဲဒီကျောင်းသားတွေနဲ့ တသင်းထဲဘောလုံး ကစားတဲ့ကလေးငယ် တဦးကတော့ လိုဏ်ဂူကို လိုက်မ သွားဘဲ အိမ်ပြန်ခဲ့ပါတယ်။ သူ့ပြောပြချက်အရ သူလေ့ကျင့်ချိန်အပြီးမှာ မိဘတွေ လာကြိုတာကြောင့် လိုက်မသွားဖြစ်ဘဲ ကျန်ရစ်ခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေရဲ့ စက်ဘီးတွေ၊ ဘောလုံးကန် ဖိနပ်တွေထည့်ထားတဲ့အိတ်နဲ့ ဖိနပ်တွေကိုတော့ လိုဏ်ဂူ အဝမှာဘဲတွေ့ရပါ တယ်။ ဆက်စပ်ဖတ်ရှု့ရန် – ထိုင်းကလေးငယ်များ ပျောက်ဆုံးမှု၊ လိုဏ်ဂူပြဿနာနှင့် ဒဏ္ဍာရီလာမင်းသမီး လွန်း ၏ဝိညာဉ် ပျောက်ဆုံးကလေးများ ရှာဖွေရေး ဂူအတွင်း ရေပြည့်လာ၍ ခေတ္တရပ်ဆိုင်းထား ပျောက်ဆုံးနေသည့် ကလေးများ ကယ်တင်ရေး မိုးသည်းထန်၍ အခက်အခဲဖြစ်နေ ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ The post မယ်ဆိုင်ဂူ ထွက်ပေါက်ရှာဖွေရေး မြန်မာက ဝိုင်းဝန်းကူ appeared first on ဧရာဝတီ.
Source : https://ift.tt/2Izahxt
via IFTTT

No comments:

Post a Comment