Vivo Nex S ဖုန်းရဲ့ ကင်မရာ အထုတ်အသွင်း ပြုလုပ်ပုံကို ပြသ ယခုလအတွင်း ထွက်ရှိလာတဲ့ Vivo Nex S, Nex A စမတ်ဖုန်းနှစ်လုံးနဲ့ Oppo Find X စမတ်ဖုန်းတို့ဟာ အခုတလော လူစိတ်ဝင်စားမှုအများဆုံး စမတ်ဖုန်းတွေဖြစ်ပါတယ်။ ထူးခြားတဲ့ ကင်မရာအထုတ်အသွင်းပြုလုပ်ပုံ ဒီဇိုင်းတွေကြောင့် ကမ္ဘာ့သတင်းမီဒီယာအသီးသီးမှာတောင် နေရာယူနိုင်ခဲ့တဲ့ ဖုန်းတွေပါ။ Vivo ဟာ Nex S နဲ့ Nex A ဖုန်းနှစ်လုံးမှာ ၉၁.၂၄ စခရင်နဲ့ ဘော်ဒီအချိုး ရရှိအောင်နဲ့ ဖုန်းမျက်နှာပြင်အပြည့် ရရှိအောင်အတွက် ဖုန်းရှေ့ကင်မရာကို ဖုန်းကိုယ်ထည် ထည့်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ကင်မရာရိုက်ချင်တဲ့အခါကျမှ ကင်မရာက မော်တာအကူအညီနဲ့ ဖုန်းကိုယ်ထည်အပေါ်ဘက်ကို ထွက်လာမှာပါ။ ဒီ့အပြင် Vivo Nes S စမတ်ဖုန်းမှာ နောက်ထပ်ထူးခြားတဲ့ နည်းပညာတခုက ဖုန်းလက်ဗွေရာဆန်ဆာကို ဖုန်းမျက်နှာပြင်အောက်မှာ ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ အခုအခါမှာတော့ Vivo အနေနဲ့ ဒီနည်းပညာ အသစ်တွေကို ဖုန်းထဲမှာ ဘယ်လိုထည့်သွင်းအသုံးပြုထားလဲဆိုတာကို ဖော်ပြပေးမယ့် Teardown ( ဖုန်းတစစီဖြုတ်မှု) တခု ထွက်ပေါ်လာခဲ့ပါတယ်။ MyFixGuide က ပြုလုပ်ခဲ့တဲ့ Vivo Nex S စမတ်ဖုန်း Teardown အရ ဖုန်းရဲ့ ရှေ့ကင်မရာဆန်ဆာကို မော်တာတပ် ဝက်အူရစ်တက်ဆလိုက်ဒါမော်တာ (Spiral Stepper Motor) နဲ့ တွဲဖက်တပ်ဆင်ထားတာတွေ့ရပြီး၊ ကင်မရာ အပေါ်ဘက်ကို အထုတ်အသွင်းပြုလုပ်ဖို့ကို ဒီမော်တာက အဓိကလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဒီ့အပြင်ကင်မရာမော်ဂျူးမှာ စပရိန်တခု ခံထားတာလည်း တွေ့ရပါတယ်။ စပရိန်ကတော့ အပြင်ကနေ ဖိအား သက်ရောက်လို့ရှိရင် အခံရှိအောင်လို့ ထည့်ပေးထားတာပါ။ Vivo Nex S ဖုန်းရဲ့ Pop-up Camera အလုပ်လုပ်ပုံ ဖြစ်နိုင်တာကတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတုန်း မတော်တဆ ကင်မရာပွင့်တက်လာရင် မကျိုးမပဲ့သွားအောင် အခံသဘောမျိုး ထည့်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ခပ်နိမ့်နိမ့်နေရာကနေ ကင်မရာပွင့်လျက်သား ပြုတ်ကျသွားတဲ့ အခါမျိုးမှာလည်း အနည်းငယ်ခံနိုင်ရည်ရှိလောက်ပါတယ်။ ဒီမော်တာအစိတ်အပိုင်းရဲ့ ဈေးနှုန်းကတော့ များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ ပျက်သွားတာမျိုး ဖြစ်ရင်လည်း Vivo ကုမ္ပဏီကို ပြန်ပို့မှပဲ ရပါလိမ့်မယ်။ Vivo Nex S ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ In-Display Fingerprint Sensor လို့ခေါ်တဲ့ ဖုန်း Display အောက်က လက်ဗွေရာဆန်ဆာပါ။ Nex S နဲ့ Nex A ဖုန်းနှစ်လုံးမှာ Nex S ဖုန်းမှာပဲပါတဲ့ နည်းပညာဖြစ်ပါတယ်။ Vivo ဟာ Vivo X21 မှာတုန်းက သုံးပြခဲ့တဲ့ In-Display Fingerprint Sensor နဲ့ မတူတဲ့ တတိယမျိုးဆက် In-Display Fingerprint Sensor ကို အသုံးပြုထားကြောင်း ဖုန်းမိတ်ဆက်ပွဲမှာလည်း ပြောကြားသွားခဲ့ပါတယ်။ MyFixGuide ရဲ့ ဖြုတ်ကြည့်ချက်အရတော့ ဖုန်းScreen ရဲ့ အောက်ဘက်နားမှာ လက်ဗွေရာဆန်ဆာရှိပြီး၊ အဲဒီ လက်ဗွေရာဆန်ဆာရဲ့ အောက်မှာမှ အထူးပြုလုပ်ထားတဲ့ Super Short-focus ကင်မရာတလုံး ပါဝင်တာတွေ့ရပါတယ်။ အဆိုပါကင်မရာကနေ Screen ပေါ်က လက်ဗွေရာအချက်အလက်ကို လှမ်းဖမ်းယူတာ ဖြစ်နိုင်ပါတယ်။ Vivo Nes ဖုန်းတွေမှာ Earpiece မပါဝင်တဲ့အတွက် ဖုန်းပြောတဲ့အသံကြားရဖို့အတွက်ကတိုတော့ Vibration Motor လို့ ယူဆရတဲ့ Motor လေးတခုကနေ Display ပေါ်ကို တုန်ခါလှိုင်းနဲ့ အသံပို့လွှတ်ပေးတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Display နားမှာ ကပ်ပြီးပြောမှာ အသံကြားရမှာဖြစ်ပြီး၊ ဖုန်းသံကျယ်နေလို့ စပီကာမဖွင့်ရင်တောင် တခြားလူတွေ ကြားနေရတာမျိုး မရှိနိုင်လောက်ပါဘူး။ MyFixGuide ရဲ့ အဆိုအရ Vivo ဟာ Nex ဖုန်းတွေမှာ နည်းပညာအသစ်တွေကို ထည့်သွင်းထားဖို့အတွက် ကြမ်းခံမှုနဲ့ ပြန်လည်ပြင်ဆင်နိုင်မှုကိုတော့ အနည်းငယ်စတေးလိုက်ရတယ်လို့ သိရပါတယ်။ ဒီဖုန်းထဲမှာ အသုံးပြုထားတဲ့ အစိတ်အပိုင်းတချို့ဟာ အပြင်မှာ ဝယ်ယူဖို့ လွယ်ကူမှာမဟုတ်ဘဲ ဈေးလည်းကြီးနိုင်ပါတယ်။ ဒီ့အပြင် ဖုန်းဖွင့်ရတာလည်း အလွန်ခက်ခဲတဲ့အတွက် ပြင်ဆင်ဖို့အတွက်လည်း ပိုမိုခက်ခဲမယ်လို့ သိရပါတယ်။ Ref: Gadgets 360, MyFixGuide The post Vivo Nex S ဖုန်းရဲ့ ကင်မရာ အထုတ်အသွင်း ပြုလုပ်ပုံကို ပြသ appeared first on ဧရာဝတီ.
Source : https://ift.tt/2KrGEQy
via IFTTT
No comments:
Post a Comment