မန္တလေးတိုင်းရှိ တရုတ် နိုင်ငံသား စာရင်း အတိအကျ မဖြေကြားနိုင်သေးဟု ဆို မန္တလေးတိုင်း အတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ၏ အရေအတွက် အတိ အကျကို လောလောဆယ် မဖြေကြားနိုင်သေးကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။ ဇွန် ၂၈ ရက်နေ့က ပြုလုပ်သော မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ (၁) နှစ်တာ သက်တမ်း အတွင်း ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် ဧရာဝတီ သတင်း ဌာန၏ မေးမြန်းချက် ကို ၎င်းက ထိုသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော တိုင်းအစိုးရအဖွဲ့ ပထမ ၁ နှစ်တာ ကာလ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်း ဝန်ကြီးချုပ် က မန္တလေးတိုင်း အတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ စာရင်းအား ကောက် ယူ မည်ဟု မီဒီယာများအား ပြောကြားထားသည်။ ထို့ကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရ ဆောင်ရွက်ချက်အား မေးမြန်းရာ ဒေါက်တာ ဇော်မြင့်မောင်က “အတိအကျ စာရင်းလိုချင်ရင်တော့ တနလာၤနေ့ လုံခြုံရေး အစည်းအဝေးရှိပါတယ်။ အဲဒီ အစည်းအဝေးတိုင်းမှာ လဝက က တိုင်းအတွင်း တရုတ်နိုင်ငံသား အဝင်အထွက် စာရင်း တင်ပြရ ပါတယ်”ဟု ဧရာဝတီကို ပြောသည်။ သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ အပါအဝင် တိုင်းအဆင့် ဌာနဆိုင်ရာများ အားလုံး တက်ရောက် ကြသော်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက မတက်ရောက် သဖြင့် ဝန်ကြီးချုပ် အနေဖြင့် စာရင်း အတိအကျ ပြန်လည် မဖြေကြားနိုင်ခြင်း ဖြစ်သည် ဟု ဆိုသည်။ ၎င်း၏ ရှင်းလင်း ဖြေကြားချက်အရ တိုင်းအစိုးရအဖွဲ့၏ အပတ်စဉ် လုံခြုံရေး အစည်းအဝေးတိုင်း၌ လူဝင်မှုကြီး ကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက တိုင်းအတွင်းသို့ အဝင်အထွက် လုပ်နေသည့် တရုတ်နိုင်ငံသား အပါ အဝင် နိုင်ငံခြားသားများ၏ စာရင်းအား တင်ပြရသည်ဟု သိရသည်။ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များကြောင့် တိုင်းအတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအား မည်သည့် အကြောင်းအရာများကြောင့် ရောက်ရှိသည့် အချက်နှင့် အရေအတွက် စာရင်း အား စောင့်ကြည့် ကောက်ယူရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ထို့အတွက် ဟိုတယ် မိုတယ်များတွင် လာရောက် တည်းခိုသည့် နိုင်ငံခြားသား အရေအတွက်အား လဝက သို့ စာရင်း ပေးပို့စေခြင်း၊ အိမ်များတွင် လာရောက် နေထိုင် အလုပ်လုပ်ပါက မည်သည့် အလုပ်အတွက် နေထိုင်ခြင်းဆိုသည့် တို့အား သက်ဆိုင်ရာ မြို့နယ် လဝက ကို အကြောင်းကြားရပြီး ပျက်ကွက်ပါက လဝက ဥပဒေဖြင့် အရေး ယူလျက် ရှိသည်ဟု ဆိုသည်။ မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ် ကို ဆက်သွယ် မေးမြန်းရာ ပြီးခဲ့သည့် မေလအတွင်း မန္တလေးတိုင်းတွင် လာရောက်နေထိုင် အလုပ် လုပ်ကိုင်နေသော တရုတ်နိုင်ငံသား အရေအတွက်၂၃၅ ဦး ရှိပြီး အများအားဖြင့် စီးပွားရေး ဗီဇာဖြင့် လာရောက်သူများ ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။ ဒုတိယ အကြိမ် မန္တလေးတိုင်း လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေးတွင်လည်း မိတ္ထီလာ မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က မန္တလေး တိုင်းအတွင်း တရားမဝင် နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက် နေထိုင်သော နိုင်ငံခြားသားများအား စီမံချက်ဖြင့် စစ်ဆေးဖော်ထုတ်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက “တရားဥပဒေ စိုးမိုးမှုနဲ့ စစ်ဆေးမှု အားနည်းတာကတော့ ဒီကိစ္စ ရဲ့ ဇစ်မြစ်လို့ ပြောလို့ ရတာပေါ့။ နောက်တခုက ဧည့်စာရင်းစစ်တဲ့ ဥပဒေကလည်း ဖျက်သိမ်းလိုက်တော့ ဒီအပေါ်မှာ နယ်မြေခံ အုပ်စု အုပ်ချုပ်ရေးမှူး တွေကလည်း စစ်ဆေးဖို့ အပိုင်း အားနည်းသွားတာလည်း ရှိမယ်။ အဲဒီမှာလည်း မစစ်ဆေး ရဲလို့လား၊ စစ်ဆေးလို့ မရလို့လား ဆိုတဲ့ အခြေအနေတွေလည်း ရှိနိုင်တယ်လေ” ဟု ဧရာဝတီကို ပြောပြ သည်။ လက်ရှိ အစိုးရသက်တမ်း ၂ နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသား ၈၀ အား လ.ဝ.က ဥပဒေ ဖြင့် အရေးယူ၍ ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကို တာဝန်ယူထားသော တိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က အဆိုပါ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မန္တလေးခရိုင် အပါအဝင် တံတားဦး၊ စဉ့်ကိုင်၊ မြစ်သား စသည့် မြို့နယ်များတွင် တရုတ်လူမျိုးများက ဖရဲ၊ သခွား စိုက်ပျိုးရေး လုပ်ငန်းများတွင် လည်းကောင်း၊ မန္တလေး ကျောက်ဝိုင်းတွင် ကျောက် အရောင်းအဝယ် ပြုလုပ်ရန် လည်း ကောင်း လချီနေထိုင် လျက်ရှိရာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့်အညီ နေထိုင်ခြင်း ရှိ မရှိကို ရှောင်တခင် စစ်ဆေး ခြင်းများ မကြာခဏ ပြုလုပ်ကာ တွေ့ရှိပါက ထိရောက်သည့် အရေးယူမှုမျိုး ဆောင်ရွက်သင့်ကြောင်း မန္တလေး မြို့ခံ များ က ပြောဆိုကြသည်။ မန္တလေးမြို့မှ အလွတ်တန်း စီးပွား/စီမံ အကြံပေး ဦးကောင်းလွန်းက “ဒီကို လာတဲ့ တရုတ်တွေက ပြည်တွင်းပေါက် တရုတ် တွေနဲ့လည်း သိပ်မကွာတော့ ပြဿနာ မဖြစ်မချင်းက တရားဝင်နေလား၊ မနေလား ဆိုတာ မသိနိုင်သလို အရေး ယူလို့လည်း မရဘူး။ ဧည့်စာရင်း စနစ်ကလည်း ဖျက်သိမ်းလိုက်တော့ စိစစ်ဖို့ ပိုခက်သွားတဲ့ အနေအထား တခု လည်း ဖြစ်နိုင်တယ်”ဟု ဧရာဝတီကို ပြောသည်။ ၎င်းက ဆက်လက်၍ “ပြီးတော့ ကိုယ့်နိုင်ငံသားတွေ အတွက်ကျ စီးပွားရေး အခွင့်အလမ်းရော၊ Work force မှာပါ တဖြည်းဖြည်းကျုး လာတယ်လို့ ယူဆတယ်။ ဒါကို အစိုးရက ကြတ်မတ်နိုင်ဖို့ ဥပဒေ ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်း ရှိပြီး သား ဥပဒေကို အသက်ဝင်အောင် လုပ်ဖို့ လိုပါတယ်” ဟုလည်း ပြောဆိုသည်။ The post မန္တလေးတိုင်းရှိ တရုတ် နိုင်ငံသား စာရင်း အတိအကျ မဖြေကြားနိုင်သေးဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2lKGOb1
via IFTTT
No comments:
Post a Comment