Saturday, June 30, 2018


KNPP စီးပွားရေး ကယား အစိုးရ နှင့် ဆွေးနွေး ကယားပြည်နယ် အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP)က ပြည်နယ် အစိုးရ အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရရှိသည်။ ယင်းဆွေးနွေးပွဲကို ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး KNPP နှင့် ပြည်နယ် အစိုးရ အဖွဲ့ကြား ယခင်လက သဘော တူညီချက် များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ ပြန်လည် သုံးသပ်ခြင်းနှင့် စီးပွားရေး လုပ်ကွက် တင်ဒါ ချပေးမှု အခြေ အနေများကိုလည်း ဆွေးနွေးကြကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ခေတ္တ) ဦးသိန်းဇော် က ပြော သည်။ ဦးဆောင် ဆွေးနွေးသူလည်း ဖြစ်သည့် ဦးသိန်းဇော် က“သူတို့ရဲ့ ဒေသမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ရင် ပထမ အချက် က သူတို့ သိချင်တယ်ပေါ့။ နောက်တချက်က KNPP ကနေ သူတို့ ကုမ္ပဏီ ရှိတယ်။ သူတို့ ကုမ္ပဏီကို တင်ဒါ လုပ်ငန်းတွေ ပေးပါလို့ ဆိုတယ်။ ကျပ် ၁၀ သန်း အောက် ဆိုရင် ကော်မတီဖွဲ့ပြီး ပေးလို့ရတယ်။ ၁၀ သန်းအထက် ဆိုရင် အဲဒီလို ပေးလို့ မရဘူး။ တင်ဒါခေါ် ရတယ်။ အဲဒီတော့ တင်ဒါခေါ်တဲ့ အချိန်မှာ သူတို့ ကုမ္ပဏီကို လာလျှောက်ဖို့ လာလျှောက်မှ သူတို့ အမှတ်ပေး စည်းမျဉ်းနဲ့ ဘာနဲ့ ဒီလိုမျိုးလေး လုပ်လို့ ရတယ်လေ”ဟု ဧရာဝတီသို့ ပြောသည်။ ထို့ပြင် တင်ဒါ ခေါ်စဉ် KNPP အနေဖြင့် ၎င်းတို့ ထူထောင်ထားသော ကုမ္ပဏီဘက်က လျှောက်ရန် လိုအပ်ကြောင်း၊ လာ မလျှောက်ပါက အစိုးရဘက်က ကူညီပေးနိုင်ခြေ မရှိကြောင်း၊ တချို့တိုင်းနှင့် ပြည်နယ်၌ တိုင်ကြားမှုများ ရှိသည့် အတွက် ထိုသို့ အဖြစ်မျိုး အဖြစ်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တင်ဒါ လျှောက်လျှင်လည်း စည်းမျဉ်း ၁၊ ၂၊ ၃ အတွင်း ဝင်ပါက ဒေသခံ ဟုဆိုကာ ပေးနိုင်ကြောင်း စည်းမျဉ်း နံပါတ် ၁၀ ခန့် ဝင်လျှင်မူ အဆင်မပြေနိုင်ကြောင်း ဦးသိန်းဇော်က ပြောသည်။ KNPP မှ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က “ဒေသဖွံ့ဖြိုးရေး လုပ်တဲ့အခါ ကျနော်တို့ တပ်လှုပ်ရှားတဲ့ ဧရိယာ အတွင်း လုပ်မယ်ဆိုရင် ကျနော်တို့နဲ့ အရင် ညှိနှိုင်းပါ။ လုပ်လို့ရရင် ကျနော်တို့ ကုမ္ပဏီနဲ့ KNPP ရဲ့ ကုမ္ပဏီနဲ့ ပေါ့ ဗျာ လုပ်ချင်တယ် ပြောတယ်။ အဲဒီလိုပြောတော့ သူတို့က နိုင်ငံတော် သမ္မတရဲ့ ညွန်ကြားချက် အမှတ် ၁/၂၀၁၇ နဲ့ အညီ ကော်မတီ ဖွဲ့ပြီးမှ ဆောင်ရွက်မယ်ပေါ့။ လုပ်ငန်း စည်းမျဉ်းစည်းကမ်းနဲ့ အညီ လျှောက်ထားဖို့ ပြောတယ်”ဟု ပြောဆိုသည်။ အဆိုပါ နှစ်ဖက် တွေ့ဆုံရာတွင် မြေယာ ကိစ္စများ အပါအဝင် တနိုင်ငံလုံး အပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးနိုင်ရေး ကိစ္စများ၊ လစဉ်ပုံမှန် တွေ့ဆုံမှု ကော်မတီ၏ တာဝန်ဝတ္တရား ကိစ္စ (TOR)၊ ဖွံ့ဖြိုးရေး လုပ်ငန်း ကိစ္စ တို့ကို ဆွေးနွေးကြောင်း တွေ့ဆုံ ဆွေးနွေးသူများက ပြောသည်။ KNPP မှ ခူညေးရယ် က ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကြေးရုပ်တု တည်ဆောက်မည့် ကိစ္စအပေါ် KNPP မှ ပြည်သူလူထု ထောက်ခံလျှင် မိမိတို့လည်း ထောက်ခံသွားမည် ဖြစ်ပြီး လူထု ကန့်ကွက်ပါက မိမိတို့ ကန့်ကွက်ကြောင်းလည်း ဆွေးနွေးခဲ့ သည်ဟု ပြောသည်။ ထို့ပြင် KNPP သည် လွိုင်ကော်မြို့ မြောက်ဘက်ရှိ စက်မှုဇုန်တွင် သစ်အချောထည် ထုတ်လုပ်မည့် စက်ရုံ တရုံ တည် ဆောက် ရန် မြေကွက် ဝယ်ထားရာ မြေဂရန် မကျသေးသဖြင့် အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရေးကိုလည်း တင်ပြ ခဲ့ကြောင်းနှင့် ဒီမော့ဆိုမြို့ အရှေ့ဘက် ညောင်ကိုင်း ကျေးရွာတွင်လည်း ကားဝပ်ရှော့ လုပ်ရန် မြေကွက်များ ဝယ်ယူ ထား ရာ တရားဝင် မကျသေးခြင်းကြောင့် အခက်အခဲများ တွေ့နေရသည်ကို ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။ ဦးသိန်းဇော်က “ဒီမော့ဆို ဘက်က မြေယာ ကိစ္စကလည်း ရပ်ကျေး အဆင့် ပြီးပါပြီ။ မြို့နယ်အဆင့် လုပ်နေပါတယ်။ ဒါလည်း ကျနော်တို့ ဘက်ကနေ တွန်းတွန်း တိုက်တိုက်နဲ့ တွန်းအားပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆို သည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု၌ ကယားပြည်နယ် အစိုးရဘက်က အတွင်းရေးမှူး ဦးသိန်းဇော် ဦးဆောင်၍ ရဲမှူးကြီး အောင် စန်းမြင့်၊ တပ်မတော်က ဗိုလ်မှူးကြီး သက်နိုင်၊ ကျန်းမာရေး ဌာနနှင့် မြေစာရင်းဌာနတို့က တာဝန်ရှိသူ တဦးစီ ပါဝင်ကြ ကြောင်း သိရသည်။ KNPP ဘက်က KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်၊ ဗိုလ်မှူးကြီး ဖုန်းနိုင်၊ ခွန်သောရယ်၊ သတင်း ပိုင်း နှင့် မှတ်တမ်းပိုင်းက တဦးစီ ပါဝင်ကြကြောင်း KNPP က ပြောသည်။ The post KNPP စီးပွားရေး ကယား အစိုးရ နှင့် ဆွေးနွေး appeared first on ဧရာဝတီ.
Source : https://ift.tt/2MCrmJ5
via IFTTT

No comments:

Post a Comment