ကျိုက်မရော ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန် ရပ်စဲမှု ပြန်လည်ပယ်ဖျက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ တရနာ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဥပဒေ ချိုးဖောက်သည်ဟု ဆိုကာ ၂ လနီးပါး တာဝန်မှ ရပ်စဲထားခြင်းအပေါ် ပြည်နယ် အစိုးရ အဖွဲ့က ဇွန် ၂၁ ရက်တွင် ပြန်လည် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။ တရနာ ကျေးရွာ အုပ်ချုပ်ရေးမှူး မိသန်းဌေးအား တာဝန်မှရပ်စဲခဲ့ခြင်းအပေါ် ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင်က လက်မှတ်များရေးထိုး၍ ပြည်နယ်အစိုးရထံ အသနားခံစာ တင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရက ပြန်လည်သုံးသပ်ခဲ့ပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်ကို ပျယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ ပြည်နယ်အစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်သည် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု နည်းနေပါက ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို သုံးသပ်မှုများပြုလုပ်ကာ ပြင်ဆင်၍ရကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ဖြစ်စဉ်မှာ ၎င်းတာဝန်ယူထားသည့် ကျေးရွာ၌ နိုင်ငံခြားသား တဦး နေထိုင်နေခြင်းအား တာဝန်ရှိသူထံ သတင်းမပို့သဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ တာဝန်မှ ရပ်စဲလိုက်ကြောင်း ဧပြီ ၂၆ ရက်တွင် ထုတ်ပြန် ပြီးနောက် ယင်းကို ပြန်လည် ပယ်ဖျက်ခြင်း အကြောင်းကြားစာကို ဇွန် ၂၁ ရက်၌ ပို့လာသည် ဟု တရနာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဌေး (ခ) မိကျလွန်းထောက ဧရာဝတီသို့ ပြောသည်။ “ကျမကို လာတိုင်တဲ့ အချိန် အလုပ်ရှုပ်နေလို့ ရာအိမ်မှူးကို လွှတ်လိုက်တယ်။ သူ တားမရလို့ ကျမက တရနာ ရဲကင်း စခန်းဆီ အပ်ခဲ့ပါတယ်။ ဦးချိုကလည်း ရဲစခန်းမှာ ၂၄ နာရီ ထိန်းသိမ်းခံရတယ်။ အဲဒီအချိန်မှာ သူက နိုင်ငံခြားသား ခံယူ ထားမှန်းလည်း ရဲစခန်းက မသိဘူး။ ရဲစခန်းက သိရင်တော့ (လဝက) ကို အကြောင်းကြားမှာပေါ့။သူတို့ ပြောတဲ့ပုံက ကိုယ့်မှာ အပြစ်ရှိတယ်လိုပဲ။ ကိုယ်က တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်မရှိဘူး ပြင်းပြင်း ထန်ထန် သတိပေးရမယ် ဆိုတဲ့ အပေါ်မှာတော့ စိတ်ကျေနပ်မှု မရှိဘူး” ဟု မိသန်းဌေး က ရှင်းပြသည်။ တရနာ ကျေးရွာရှိ ဒေသခံအများစုမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီးနောက် မိမိမွေးရပ်မြေသို့ ပြန် လာနေထိုင်သည့် အလေ့အထ ရှိခြင်းကြောင့် ဦးချိုသည် မြန်မာနိုင်ငံသားမှ အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားခြင်း ကို မသိခဲ့ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပယ်ဖျက်လိုက်သည့် အပေါ် ကျေးရွာ ဒေသခံများနှင့် တိုင်ပင်ပြီးမှသာ ဆက်လက် တာဝန်ထမ်းဆောင်ခြင်း ပြု၊မပြုကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ၎င်းက ပြောသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၏ အခန်း (၄) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး လုပ်ငန်းတာဝန်များမှ ပုဒ်မ ၁၇ တွင် နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက် တည်းခိုနေထိုင်ခြင်း၊ နိုင်ငံခြားသားများ၏ ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာသို့ သတင်းပို့ရမည် ဖြစ်သည်။ ရပ်/ကျေး ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) သည် အခန်း (၅) ပါ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ် တရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ပုဒ်မခွဲ (ဂ) သည် တည်ဆဲ ဥပဒေ တရပ်ရပ်အရ အရေးယူခံရခြင်း၊ ပုဒ်မခွဲ (စ) သည် ယင်း ဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အရည်အချင်း ပျက်ယွင်းခြင်းဟု ပြဋ္ဌာန်းထားသည်။ The post ကျိုက်မရော ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန် ရပ်စဲမှု ပြန်လည်ပယ်ဖျက် appeared first on ဧရာဝတီ.
Source : https://ift.tt/2KqTNt6
via IFTTT
No comments:
Post a Comment