အနောက်ဂျာဗား ဘာလဲ ဘယ်လဲ ဇွန်လ ၂၇ ရက်နေ့တွင် (ယခင် ကိုလိုနီဟောင်း နယ်သာလန်ထက် သေးငယ်သည့်နေရာတွင် ပြွတ်သိပ်နေသည့်) လူဦးရေ ၄၈ သန်း ရှိသော အနောက်ဂျာဗားပြည်နယ်တွင် ရွေးကောက်ပွဲများ ပြုလုပ်ပြီ ဖြစ်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲက လူဦးရေ ၂၆၅သန်း ရှိသော အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံသား တဝက်ကျော် (မဲပေးပိုင်ခွင့် ရှိသူ ၁၅၂ သန်း) ပါဝင်မည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်ဆိုင်ရာ ရွေး ကောက်ပွဲများ၏ တစိတ်တပိုင်း ဖြစ်ပါသည်။ လက်ရှိသမ္မတ ဂျိုကိုဝီက အပြင်လူတယောက် ဖြစ်ခဲ့ရသော ၂၀၁၄ ရွေးကောက်ပွဲတွင် ထိုပြည်နယ်၌ စိန်ခေါ်သူ ဗိုလ်ချုပ်ကြီးဟောင်းနှင့် အာဏာရှင် ဆူဟာတို၏ သားမက်ဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက မဲ ၁၉ ရာခိုင်နှုန်း အသာဖြင့် အနိုင်ယူသွားခဲ့သည်။ ရာထူးလက်ခံယူခဲ့သည့် နှစ်မှစ၍ ဂျိုကိုဝီက အနောက်ဂျာဗားအတွက် အချိန်နှင့် စွမ်းအားများ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ၏ ဇာတိပြည်နယ်ဖြစ်သည့် အလယ်ဂျာဗား အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ အခြား မည်သည့် အစိတ်အပိုင်းများထက်မဆို ပို၍ အကြိမ်ရေ အများအပြား သွားရောက်ခဲ့သည်။ အနောက်ဂျာဗားသည် ဆန်းဒါးနီးစ် Sundanese လူမျိုးများ၏ နေရာဖြစ်သည်။ သူတို့က လူများစု ဖြစ်သည့် ဂျားဗားလူမျိုးများနှင့် အတော် ကွဲပြားခြားနားသူများ ဖြစ်ကြသည်။ ရှေးရိုးစွဲဆန်သည့် အစ္စလမ်ဝါဒ ကာလကြာရှည်စွာ ရှိခဲ့ရာ နယ်မြေဖြစ်ပြီး ဂုဏ်ယူစရာ သမိုင်းကြောင်းလည်းရှိသော အနောက်ဂျာဗား ပြည်နယ်က အလယ်ဂျာဗားသား ဆိုလိုမြို့တော်ဝန်ဟောင်း ဂျိုကိုဝီကို မည်သည့်အခါတွင်မျှ သဘောကျနှစ်ချိုက်မှု မရှိခဲ့ပါ။ အရွယ်အစား အနည်းငယ် ပို၍ သေးငယ်သော်လည်း အနောက်ဂျာဗားတွင် ကျွန်း၏ အတွင်းပိုင်း၌ ရှိသည့် ဂရုတ် Garut နှင့် တဆစ်မာလာယာ Tasikmalaya မြို့များမှသည် ခန်းနားသပ်ရပ်သော ဒတ်ချ် ခေတ်ပြိုင် ဗိသုကာလက်ရာများရှိသည့် ပြည်နယ် မြို့တော် ဘန်ဒေါင်း Bandung အထိ ကွဲပြားခြားနားသည့် ခရိုင်များဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်၏ လူဦးရေ အထူထပ်ဆုံးနှင့် စက်မှုအဖွံ့ဖြိုးဆံုံး အစိတ်အပိုင်းများမှာ ဂျကာတာကို ဝန်းရံထားသော ဘီကာစီ Bekasi၊ ဘိုဂေါ Bogor နှင့် ဒီပေါ့ Depok တို့၏ ပြန့်ကျဲနေသော ဆင်ခြေဖုံးများ ဖြစ်ဖွယ်ရာ ရှိပါသည်။ ထိပ်ဆုံးမှာ ပြေးနေသူ နှစ်ယောက်ဖြစ်သည့် ရစ်ဝမ်ကမေး (ယာ) နှင့် ဒတ်ဒီမဇ်ဝါ (ဝဲ) အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးက ဂျိုကိုဝီ အစိုးရ၏ အထိမ်းအမှတ်တခု ဖြစ်ခဲ့ပြီး အနောက်ဂျာဗားက အဓိက အကျိုး ခံစားရသော နေရာတခု ဖြစ်ခဲ့သည်။ မကြာသေးမီက ဖွင့်လှစ်ခဲ့သော ကာတာဂျတီ Kertajati အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပါတင်ဘန် Patimban ရေနက်ဆိပ်ကမ်း နှင့် ဘိုဂေါ၊ ဒီပေါ့နှင့် ဘီကာစီတို့ကို မြို့တော် ဂျကာတာနှင့် ဆက်သွယ်ပေးထားသည့် ရထားလမ်းများ အပါအဝင် အခပေးလမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းနှင့် လေဆိပ်အသစ်များ ရှိနေသည်။ ထို့ကြောင့် ယခုအချိန်၌ ပရာဘိုဝို ဆူဘီယန်တို၏ နိုင်ငံရေးပါတီ ဖြစ်သော ဂရင်ဒြာ Gerindra က ပြည်နယ်တွင်း အကြိုစစ်တမ်း ကောက်ယူမှုများတွင် အခြေအနေ မကောင်းသည့် အသွင်ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပါ။ ပါတီနှင့် ၎င်း၏ ရှေးရိုးစွဲ မဟာမိတ်တို့မှာ ရှေ့ဆက် အောင်မြင်မှုရရန် ရုန်းကန်နေခဲ့ရသည်။ လက်ရှိအချိန်တွင် သူတို့သည် ထိပ်ဆုံးမှာ ပြေးနေသူ နှစ်ယောက်ဖြစ်သည့် ရစ်ဝမ်ကမေး Ridwan Kamil နှင့် ဒတ်ဒီမဇ်ဝါ Deddy Mizwar တို့၏ နောက်တွင် ကျန်ရစ်နေသည်။ ရစ်ဝမ်ကမေးနှင့် ဒတ်ဒီမဇ်ဝါတို့ ၂ ဦးလုံးမှာ ပြည်သူလူထု၏ လက်ခံမှုကို အများအပြား ရထားသူများ ဖြစ်ကြသည်။ ဘန်ဒေါင်းမြို့တော်ဝန် အသက် ၆၄ နှစ် အရွယ် ရစ်ဝမ်ကမေးက ဘာ့ကလေ Berkeley တက္ကသိုလ်ထွက် ဗိသုကာ တဦး ဖြစ်ပြီး သူ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလေးပေးမှုက ခေတ်ပြိုင် ခံစားချက်များနှင့် တိုက်ဆိုင်ညီညွတ်နေသည်။ သူ၏ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သော အနောက်ဂျာဗား ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဒတ်ဒီမဇ်ဝါမှာ လူကြိုက်များသည့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာ တယောက်ဖြစ်သလို ပြည်နယ်အတွင်းတွင် လူသိများသူလည်း ဖြစ်သည်။ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွင် မြို့တော်ဝန် ရစ်ဝမ်ကမေးလောက် ကောင်းကောင်း အစွမ်း မပြနိုင်ခဲ့သော်လည်း ဒတ်ဒီမဇ်ဝါက အလေးထားရမည့် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည်။ သို့သော်လည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲများ အားလုံးက အရှိန်တက်နေသည် မဟုတ်ပါ။ အလယ်ဂျာဗားတွင် မေဂါဝါတီ ဆူကာနိုပူတြီ၏ PDI-P ပါတီမှ လက်ရှိ အုပ်ချုပ်ရေးမှူးက ပြတ်ပြတ်သားသားဖြင့် တဦးတည်းလို ဖြစ်နေပြီး နောက်တကြိမ် အာဏာပြန်လည်ရရှိရန် မျှော်လင့်နေသည်။ လာမည့် နှစ်ဆန်းပိုင်း၌ သမ္မတရွေးကောက်ပွဲများ ကျင်းပရန် ရှိနေသည့် အချိန်တွင် အဆိုပါ ဒေသဆိုင်ရာ ရွေးကောက်ပွဲများက နောက်လာမည့် ရွေးကောက်ပွဲအတွက် အကြို ညွှန်ပြချက်တခု ဆိုသည်မှာ သံသယ ရှိစရာ မလိုပါ။ ဥပမာပြရလျှင် အနောက်ဂျာဗား၌ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတခုတွင် ဒေသတွင်း သဘောထား စစ်တမ်း ကောက်ယူသည့် အဖွဲ့ အစည်းတခု ဖြစ်သည့် Indikator Politik Indonesia က ၅၀ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက ဂျိုကိုဝီကို ပြန်လည် ရွေးချယ်မည် ဖြစ်ပြီး ၃၉ ရာခိုင်နှုန်းက ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို ထောက်ခံကြလိမ့်မည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ စာရင်း အချက်အလက်များက အနည်းဆုံး အနောက်ဂျာဗားတွင် တိုးတက်ပြောင်းလဲလာနိုင်သည့် အသွင် ရှိပါသည်။ လက်ရှိ သမ္မတက အားသာချက်များ ပြည်ပြည့်ဝဝ တည်ဆောက်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် PDI-P က ကျောထောက်နောက်ခံပေးထားသည့် ဟာဆန်နူဒင်-အန်တွန်ချာလီယန် Hasanuddin-Anton Charliyan ရှုံးနိမ့်ခဲ့သည်ဆိုလျှင်ပင် ဂျိုကိုဝီ၏ နောက်တကြိမ် ပြန်လည် ရွေးကောက်ခံ ရနိုင်သည့် အခွင့်အရေးများကို အမှန်တကယ် ထိခိုက်စေလိမ့်မည် မဟုတ်ပါ။ အင်ဒိုနီးရှား နိုင်ငံရေးတွင် နောက်ထပ်ရှိနေသည့် တချက်မှာ အကျိုးစီးပွားနှင့် ပုဂ္ဂိုလ်ရေးက အရေးပါပြီး ပါတီက များစွာ အဓိက မကျပါ။ မည်သို့ပင် ဖြစ်စေ အကယ်၍ အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး အရ ဦးတည်ရာကို ခံစားကြည့်ချင်သည်ဆိုပါက အနောက်ဂျာဗားကို စောင့်ကြည့်နေလိုက်ပါ။ (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။) The post အနောက်ဂျာဗား ဘာလဲ ဘယ်လဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2Ms7BEd
via IFTTT
No comments:
Post a Comment