မလေးရှား မူးယစ်မှု ကွင်းဆက် ဖမ်းဆီးထားသူများ ခရိုင် တရားရုံး တင် မလေးရှား နိုင်ငံတွင် စံချိန်တင် ဖမ်းမိသည့် မူးယစ် ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးထားသူများအား သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အနောက်ပိုင်း ခရိုင် တရားရုံးသို့ ပြောင်းလဲ တရားစွဲတင်ကာ ယနေ့ ရုံးထုတ်သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀(ခ)၊၂၂(က) တို့ဖြင့် တရားစွဲခံထား ရသည့် မောင်မောင် (ခ) HJ Yassin၊ ဦးမင်းနိုင်နှင့် ဇေယျာဟိန်း တို့ သုံးဦးအနက် ယနေ့ ရုံးချိန်းတွင် မောင်မောင်နှင့် ဦးမင်းနိုင်တို့၏ ရှေ့နေများ က အမှုလိုက်ပါ ဆောင်ရွက်ခွင့် တင်သည်ကို တွေ့ရှိရသော်လည်း ဇေယျာဟိန်း အနေဖြင့် ရှေ့နေ ငှားရမ်း ထားခြင်း မရှိသေးပေ။ အမှုအား အနောက်ပိုင်း ခရိုင် တရားရုံးမှ တွဲဖက် ခရိုင် တရားသူကြီး(၁) ဒေါ်မိုးမိုးအေး က ကိုင်တွယ်နေပြီး လာမည့် ရုံးချိန်းကို ဇူလိုင် ၁၃ ရက်သို့ ပြန်လည် ချိန်းဆိုကြောင်း တရားခွင်၌ တရားသူကြီးက ပြောသည်။ အမှုမှ ကွင်းဆက် သံသယရှိသူများ ဖြစ်သည့် မချင်ကျားမူ(ခ) မကျားဝေ(ခ) မနှင်းဦးလွင်နှင့် ဟူစိန်(ခ) မိုဟာမက် ဟူစိန် တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ အသိပေး အကြောင်းကြားရန် ရဲတပ်ဖွဲ့ က ကြေညာထားသည်။ ယင်းအမှုတွင် နောက်ထပ် ကွင်းဆက် သံသယရှိသူ တဦးဖြစ်သည့် ထားဝယ်မြို့နေ အောင်လွင်(ခ) ထားဝယ်ကြီး ဆိုသူ အား ဇွန်လ ၁၂ ရက်၌ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ အမှုတွင်ပါဝင် ပတ်သက်သည့် မောင်မောင်(ခ) HJ Yassin ထံမှ ကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး(ခ) အောင်လွင်ထံမှ ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း ထံမှ ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်ထံမှ ကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ် သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင် ကျော်တို့အား ကနဦး စိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ မူးယစ် ဥပဒေတွင် မူးယစ်ဆေးဝါး(သို့) စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ ခြင်း၊ ယင်းသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်း လုပ်ငန်းပြုလုပ်ရန် ဆက်သွယ်ခြင်း ပုဒ်မ ၂၀(ခ) ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ နှစ် အကန့်အသတ် မရှိ ထောင်ဒဏ် ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည် ဟု ပြန်ဋ္ဌာန်း ထားသည်။ ပုဒ်မ ၂၂(က) တွင် မူးယစ်ဆေး(သို့) စိတ်ကို ပြောင်းလဲစေသော ဆေးဝါး မှုခင်းများ ကျူးလွန်သည့် ပြည်တွင်း ပြည်ပဂိုဏ်း၊ အုပ်စု၏ အဖွဲ့ဝင် ဖြစ်ခြင်း(သို့) ထိုအုပ်စုများနှင့် ဆက်သွယ်ပြီး ပါဝင် ကျူးလွန်ခြင်း ဖြစ်လျှင် ပြဋ္ဌာန်းထားသည့် အမြင့်ဆုံး ပြစ်ဒဏ်ကို ကျခံရမည် ဖြစ်ကြောင်း သိရသည်။ ဆက်စပ် ဖတ်ရှုရန် – မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား The post မလေးရှား မူးယစ်မှု ကွင်းဆက် ဖမ်းဆီးထားသူများ ခရိုင် တရားရုံး တင် appeared first on ဧရာဝတီ.
Source : https://ift.tt/2tMqcmJ
via IFTTT
No comments:
Post a Comment