စီမံကိန်းကြောင့် တောင်သမန်အင်း မထိခိုက်စေရဟု ကုမ္ပဏီ အာမခံ တောင်သမန်သစ္စာ ဟိုတယ် စီမံကိန်းကြောင့် ဦးပိန်တံတားနှင့် တောင်သမန်အင်း၏ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အာမခံကြောင်း ယင်းစီမံကိန်း ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ထွန်း က ပြောသည်။ ဇွန် ၂၆ ရက်က တောင်သမန်အင်း ဘေးရှိ ရွာသစ်ကျေးရွာ၌ ပြုလုပ်သော တောင်သမန်သစ္စာ ဟိုတယ် စီမံကိန်းနှင့် ပတ်သက်၍ တတိယ အကြိမ် လူထုတွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ဦးခင်မောင်ထွန်း “ကျနော်တို့က တောင်သမန်အင်း အပေါ် သစ္စာရှိရှိ လုပ်ကိုင်သွားမယ့် အဖွဲ့အစည်း တခုပါ။ ကျနော် ကလည်း ကုမ္ပဏီထက် ဒေသအကျိုး အတွက် သစ္စာခံဖို့ပါ။ ဒီနေရာမှာ မြို့ပြကြီး ဖြစ်လာရင် ကုမ္ပဏီတင်မဟုတ်ဘဲ ရပ်မိ ရပ်ဖတွေပါ ကောင်းကျိုး ခံစားရမှာပါ” ဟု ဆိုသည်။ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာ အုပ်စုတွင် တောင်သမန်သစ္စာ ကုမ္ပဏီက အကောင် အထည်ဖော်မည့် “မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန် ကျေးလက် အပန်းဖြေစခန်း” လုပ်ငန်းကို ၂၀၁၈ ခုနှစ် မတ်လက မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် က ခွင့်ပြုပေးခဲ့ကာ မန္တလေးတိုင်း အစိုးရအဖွဲ့ကလည်း ဆောင်ရွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စီမံကိန်း စတင်ရန် ပြီးခဲ့သည့် မေလက အဆောက်အဦး ဆောက်လုပ်မိန့်အား မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီထံ တင်ပြကာ စောင့်ဆိုင်းလျှက်ရှိသည် ဟု ဦးခင်မောင်ထွန်းက ဧရာဝတီကို ပြောသည်။ တောင်သမန်သစ္စာ ကုမ္ပဏီ၏ ရှင်းလင်းချက်အရ စီမံကိန်း အကောင်အထည်ဖော်မည့် မြေဧက ၄၀ ကျော်သည် ယခင်က ကိုင်းမြေများ ဖြစ်သော်လည်း ယခု လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့် (လန/၃၉) ရရှိပြီး ဖြစ်ကြောင်း၊ စီမံကိန်း မှ ထွက်လာသည့် ရေဆိုးများအား တောင်သမန်အင်းသို့ မစွန့်ပစ်ဘဲ ပန်းရံတော်ချောင်းသို့ စွန့်ပစ်ရန် စီစဉ်ထားသည် ဟု ဆိုသည်။ ထို့ပြင် တောင်သမန်အင်း ပတ်ဝန်းကျင်အား သုံးနှစ်အတွင်း လူလုပ်သစ်တောဧရိယာ တခုအဖြစ် ရောက်ရှိရန်၊ ဒေသခံ များအား အလုပ်အကိုင် အခွင့်အလမ်း ဦးစားပေးရန်နှင့် နှစ်စဉ် အသားတင် အမြတ်မှ ရာခိုင်နှုန်း တခုအား ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားသည် ဟု စီမံကိန်း၏ လူထု ဆက်ဆံရေး တာဝန်ခံ ဦးသိန်းသန်းဦးက ပြော သည်။ “စီမံကိန်းကြောင့် ဒေသခံလူထုကို ထိခိုက် နစ်နာအောင်လုပ်ပြီး ကျနော်တို့ ထမင်းမစားပါဘူး” ဟု ၎င်းက ဆိုသည်။ စီမံကိန်းနှင့် ပတ်သတ်၍ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဝန်းကျင် လေ့လာဆန်းစစ်ချက် သာမက တောင်သမန်အင်းနှင့် ဦးပိန်တံတားအနီး၌ ဆောင်ရွက်မည့် စီမံကိန်း ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ် ထိခိုက်မှု ရှိမရှိ လေ့လာဆန်းစစ် ချက်ကိုပါ ရန်ကုန် အခြေစိုက် OSHE Services ကုမ္ပဏီသို့ အပ်နှံဆောင်ရွက်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအား ပြီးခဲ့သည့် နှစ်က မန္တလေးတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း OSHE ကုမ္ပဏီ ဒါရိုက်တာ ဦးစိုးမြင့် က ပြောသည်။ အဆိုပါ စီမံကိန်းသည် ယခင်အစိုးရ လက်ထက်၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းက ခွင့်ပြုချက် ရရှိထားသော်လည်း စီမံကိန်း နှင့် ပတ်သက်သည့် မြေယာ အသုံးချခွင့်များ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေး အရင်းမြစ်အား သေချာစွာ ချမပြနိုင်ခြင်း၊ ရင်းနှီး မြုှပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် မရရှိခြင်း စသည့် လုပ်ထုံးလုပ်နည်း လိုအပ်ချက် တချို့ကြောင့် လက်ရှိ အစိုးရ တက် လာပြီး လပိုင်း အတွင်း၌ ယာယီ ဆိုင်းငံ့ခံရကြောင်း သိရသည်။ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က “ဖွံ့ဖြိုးရေး စီမံကိန်း တခု လုပ်တယ် ဆိုတာ အရေးကြီးတဲ့ လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လိုက်နာဆောင်ရွက်မှသာ ရေရှည်တည်တံ့ပြီး အများပြည်သူ အတွက် အကျိုးရှိမှာလေ” ဟု ဧရာဝတီကို ပြောသည်။ စီမံကိန်း စတင်သည့် အချိန် ၂၀၁၆ ခုနှစ်အတွင်း၌ တောင်သမန်အင်း အနီး မြေဖို့မှုများကြောင့် ပြီးခဲ့သည့် မိုးရာသီ ၂ နှစ် ဆက်တိုက် အင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ဦးပိန်တံတား လျှောက်လမ်း ထိလုနီးပါး ရေကြီးသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် စီမံကိန်း၌ ပါဝင်သည့် အဆောက်အအုံ တချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် တည်ဆောက်ရမည့် ကန့် သတ်အမြင့်ပေ ၄၀ ထက် ကျော်လွန်နေ သဖြင့် ပြန်ဖျက်ပေးရသည့် ကိစ္စများလည်း ရှိကြောင်းလည်း သိရသည်။ လက်ရှိ အစိုးရလက်ထက်တွင် ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မျှခြေဖြစ်အောင် ဆောင်ရွက်ရမည် ဆို သည့် မူဝါဒ ချမှတ်ထားရာ စီမံကိန်းကြောင့် ဒေသအကျိုးစီးပွား ထိခိုက်ပါက သက်ဆိုင်ရာ တာဝန်ရှိ ဌာနများသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း မန္တလေးတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ တင်မင်းမောင်က ဆိုသည်။ “ကုမ္ပဏီဘက်က သူတို့ပေးထားတဲ့ ကတိကဝတ် အတိုင်း အမှန်တကယ် ဆောင်ရွက်မှု ရှိ/မရှိ လွဲချော်နေတာမျိုး ရှိ ရင်ဖြစ်ဖြစ် ဒေသခံတွေ အနေနဲ့ ကျနော်တို့ ဌာနကို အကြောင်းကြားလို့ ရပါတယ်။ အဲဒါဆိုရင် ချက်ချင်း လာစစ်ပါ့ မယ်” ဟု ၎င်းက ပြောသည်။ လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံအချို့က တောင်းဆိုထားသည့် အရာများကို ကုမ္ပဏီ ဘက်မှ ကတိပြုထားပြီး ဖြစ်သော်လည်း နှောင့်နှေး ကြန့်ကြာနေခြင်း၊ စီမံကိန်း ဧရိယာမြေ သတ်သတ်မှတ်မှတ် ဆောင်ရွက် ထားရှိစေလိုခြင်း၊ ရွာသုဿာန်မြေကို စီမံကိန်း အတွင်း မထည့်သွင်းစေလိုခြင်း စသည့် သဘောထားများအား ပြော ကြသည်။ တောင်သမန်သစ္စာ ဟိုတယ်စီမံကိန်းကို ဦးပိန်တံတား အနီး၌ အကောင်အထည်ဖော်မည် ဖြစ်ရာ စီမံကိန်းတွင် ဟို တယ်၊ လူနေဆိုင်ခန်းများ၊ ကွန်ဗင်းရှင်း စင်တာများ ပါဝင်မည် ဖြစ်ပြီး ၅ နှစ်အတွင်း အပြီး ဆောင်ရွက်မည်ဟု စီမံကိန်း ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ထွန်း က ဧရာဝတီကို ပြောသည်။ The post စီမံကိန်းကြောင့် တောင်သမန်အင်း မထိခိုက်စေရဟု ကုမ္ပဏီ အာမခံ appeared first on ဧရာဝတီ.
Source : https://ift.tt/2KqU4w5
via IFTTT
No comments:
Post a Comment