၂၀၁၈ ခုနှစ် ဒေါ်လာဈေးမြင့်တက်မှု စံချိန်ချိုးမလား ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယခင်နှစ်များထက်ပိုမိုမြင့်တက်မှု ရှိ၊ မရှိ ကို စောင့်ကြည့်နေရသည်ဟု ဒေါ်လာရောင်းဝယ်သူများကပြောသည်။ ဒေါ်လာဈေးမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၃၄၄ ကျပ်ခန့်ရှိခဲ့ရာမှ ဇွန်လ ၂၉ ရက်တွင် ၁ ဒေါ်လာ လျှင် ၁၄၀၃ ကျပ်အထိမြင့်တက်လာသောကြောင့် ရက်ပေါင်း ၂၉ ရက်အတွင်း ၅၉ ကျပ်ခန့် ဈေးမြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဒေါ်လာဈေးသည် ပြီးခဲ့သည့် ၆နှစ်၊ ၇ နှစ်ခန့် ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်ထားသည့် အတွက် ဆက်လက် ဈေးတက်၊ မတက်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ Delta maubin ကုမ္ပဏီ money changer ပိုင်ရှင် ကိုအောင်ဆန်းက “အခုဒေါ်လာက ကမ္ဘာ နိုင်ငံအသီးသီးမှာကို ဖြစ်နေတာ။ ကျနော်တို့နဲ့ နီးစပ်တဲ့ တရုတ်နဲ့ ထိုင်းကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ဒေါ်လာက ၆ဒသမ ၃၁ ကနေ ၆ဒသမ ၄၁ ဆိုတဲ့ နှုန်းကိုသွားနေတယ်။ အဲဒီလိုတန်ဖိုးအရ ကြည့်မယ်ဆိုရင် ပွိုင့် ၂ ယွမ်ပေါ့။ အဲဒါအပြင် ထိုင်းငွေကြေးကို ကြည့်မယ်ဆိုရင်လည်း ဘတ်က ၃၂ ကနေ ၃၃ ကျပ်ဖြစ်သွားတယ်။ အဲဒီမှာ ၁ ဘတ်ရဲ့ တန်ဖိုးက ၄၀ နဲ့ ၄၂ ကျပ်လောက်ရှိတယ်။ တရုတ်ငွေကလည်း ၂၀၀ နဲ့မြှောက်ရင် ၄၀ လောက် ရှိတယ်” ဟု ပြောသည်။ ဆက်လက်၍ ၎င်းက”တရုတ်နိုင်ငံမှာလည်း ၄၀ ယွမ်လောက်တက်တယ်။ ထိုင်းမှာလည်း ၄၀ ဘတ်လောက်တက်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကလည်း ၁၃၄၄ ကျပ်ကနေ ၁၃၈၄ ၊ ၁၃၉၄၊ ၁၄၀၀ ကျပ် ကျော်ရောက်လာတာပေါ့။ ဒါကြောင့် ၄၀ကျပ်နဲ့ ၅၀ ကျပ်လောက်တက်လာတာက ဒေါ်လာတက်တဲ့ နှုန်းတခု အရ လိုက်တက်တာပဲ။ တခြား ဘာပယောဂမှ မပါဘူး” ဟု ရှင်းပြသည်။ လက်ရှိဒေါ်လာဈေး အတက်နှုန်းမြန်နေခြင်းမှာ ဗဟိုဘဏ် အညွှန်းကိန်း တက်လာ ခြင်း၊ ကမ္ဘာ့ ရွှေဈေးကျခြင်း၊ ဈေးကွက် အတွင်း ဈေးကစားသူများ ရှိခြင်း၊ ရာသီစာ အတွက် ခရီးသွားမည့်သူများက ဒေါ်လာငွေ စုဆောင်းခြင်းတို့ အပါအဝင် အစိုးရ ဝန်ကြီးဌာနများ နိုင်ငံခြားငွေကို ကိုယ်တိုင်ရှာဖွေ သုံးစွဲရမည် ဆိုသည့် သတင်းများ ကြောင့်လည်း အကြောင်းအရင်း စုံသွားကာ ဈေးတက်နေခြင်း ဖြစ်သည် ဟု နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ကိုင် သူများက ပြောဆိုကြသည်။ “ဇွန် ၁၂ရက်က အမေရိကန် ထိပ်သီးခေါင်းဆောင်နဲ့ မြောက်ကိုရီးယား သမ္မတ လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လက္ခာဖြစ်တယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ဒီအခြေအနေဆိုရင် ရွှေဈေးကိုအကျဘက်ကိုမှန်းတယ်။ အမေရိကန်ရဲ့ စွမ်းဆောင်ရည်မြင့်တယ်ဆိုပြီး ဒေါ်လာက ကမ္ဘာမှာ ပိုပြီး မာလာတဲ့ သဘာရှိတယ်” ဟု ၎င်းကရှင်းပြသည်။ ဒုတိယတချက်အနေဖြင့် ဇွန်လအလယ်တွင် FONC ဟုခေါ်သော အမေရိကန်ဘဏ်အတိုးနှုန်းမှာ ထပ်ပြီး တင်လိုက်သောကြောင့် ယင်းအချက်များသည် ကမ္ဘာရွှေဈေးအကျနှင့် ဒေါ်လာဈေးအတက်ကို ဦးတည်ကြောင်း ၎င်းကပြောသည်။ “အဲဒီတော့ ကမ္ဘာနိုင်ငံအသီးသီးမှာ ဒေါ်လာဈေးက မာသွားတယ်။ ကျျနော်တို့လို နိုင်ငံမှာ ကျတော့လည်း ငွေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများတဲ့အခါကျတော့ အခုဦးတည်ချက်ကိုကြည့်ရင် နည်းနည်းလေးထပ်တက်မှာကို မြင်နေရတုန်းပဲ” ဟု ၎င်းက ပြောသည်။ ယခင်က ဒေါ်လာဈေးအမြင့်ဆုံးဖြစ်ခဲ့သည့် လွန်ခဲ့သော ၆နှစ်၊ ၇ နှစ်အချိန်သည် ငွေကြေးဈေးကွက်က ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ဗဟိုဘဏ်မှ reference value ထုတ်ပေးမှု မရှိခြင်း၊ ငွေလဲကောင်တာများမှာလည်း တရားဝင်အတည်မရှိခြင်း ငွေကြေးအားဖြင့်လည်း တရားဝင်ကိုင်ဆောင်ခြင်းမဟုတ်သဖြင့် ဈေးကွက်မှာ မှောင်ခိုဈေးကွက် အနေနှင့်ရှိသည်။ ထို့ကြောင့် ဈေးကွက်အတွင်း ကောလဟာလများနှင့် သတင်း၊ အဖျင်းများသာရှိပြီး ယင်းအပေါ်သာမှီခိုဝယ်ယူရသောကြောင့်ဈေးမြင့်ခဲ့ရသည်ဟု ဒေါ်လာရောင်းဝယ်သူများက ပြောကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် ဆက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက “ဒေါ်လာဈေးက အခုတင်ပဲ ကမ္ဘာ့ဘဏ်တို့နဲ့ ပြောနေပါတယ်။ ဒါက ဒေသတွင်းဖြစ်စဉ်တွေပါ။ တခြားနိုင်ငံတွေမှာလည်း ဒါလေးတွေတော်တော်များများ ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်နေတာရှိပါတယ်။ ဒါကလည်း အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းလေး မြင့်တင်လိုက်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လည်း အထိုက်အလျှောက် ကျပ်ငွေကျဆင်းမှုလေးတွေရှိတယ်။ မကြာခင်တော့ ပြေပျောက်သွားနိုင်မယ်လို့ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာနိုင်ငံသည် သွင်းကုန်ကိုအားထားနေရသဖြင့် ယခုကဲ့သို့ ငွေကြေးမငြိမ်သက် မှု ကြောင့် ပြည်တွင်းကုန်စည်ဈေးနှုန်းမှာ အထိုက်အလျှောက်တက်လာသည်။ သို့သော် မကြာခင် ပြန်လည်တည်ငြိမ်မည်ဟု မျှော်မှန်းသဖြင့် ဒေါ်လာဈေးတက်သဖြင့် ယခုအချိန်တွင် ပို့ကုန် တင်ပို့မှုကိုတိုး၍ သွင်းကုန်ကိုလျှော့သင့်ကြောင်း ဒေါက်တာ မောငေ်မာင်လေးက သုံးသပ်သည်။ ” ငွေကြေးရိုက်ထုတ်မယ့်အစား သက်သက်သာသာနဲ့ ငွေတွေကို ချေးပေးနိုင်ရင် ကောင်းမယ်”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Reference Exchange)ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ” ကျမတို့ ဗဟိုဘဏ်သုံးသပ်ချက်ကတော့ အခြားသော ကျမတို့ ကုန်သွယ်ဖက်နိုင်ငံ တွေရဲ့ ငွေကြေးက Depreciation ဖြစ်တာက ကျမတို့နိုင်ငံ ဖြစ်တာထက် ပိုတယ်။ အမေရိကန်နိုင်ငံမှာ အတိုးနှုန်းတွေကို ဝဒသမ ၂၅ တက်လိုက်တော့ သူ့ငွေက တန်ဖိုးပိုရှိသွားတယ်။ သူငွေတန်ဖိုးကမာတယ်”ဟု ၎င်းကပြောသည်။ ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်အနေနှင့် ဈေးကွက်အချက်အလက် များပေါ် အခြေခံပြီး လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။ ဆက်စပ်ဖတ်ရှုရန်- ဒေါ်လာဈေး ဆက်တက်နိုင်ဟု ဗဟိုဘဏ် ပြော The post ၂၀၁၈ ခုနှစ် ဒေါ်လာဈေးမြင့်တက်မှု စံချိန်ချိုးမလား appeared first on ဧရာဝတီ.
Source : https://ift.tt/2KwcgnP
via IFTTT
No comments:
Post a Comment