ယမန်နှစ်ထက် ကန်ဒေါ်လာ နှစ်ဘီလီယံခန့် မြင့်တက် ယခုဘဏ္ဍာနှစ်၏ ပထမ လေးလပတ် ကုန်သွယ်မှု ကန်ဒေါ် လာ ၁၀ ဘီလီယံကျော်ရှိပြီး ယမန် နှစ် ကာလတူထက် ကန်ဒေါ်လာ နှစ်ဘီလီယံခန့် ပိုမိုကုန်သွယ်နိုင်ခဲ့ သည်။ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာခြင်း နှင့်အတူ ကုန်သွယ်မှု လိုငွေလည်း ကန်ဒေါ်လာ နှစ် ဘီလီယံ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများ၌ပါရှိသည်။ ပထမလေးလပတ် ဖြစ်သည့် ဧပြီမှ ဇူလိုင်အတွင်း ပို့ကုန်တန်ဖိုး ၄ ဒသမ ၃ ဘီလီယံကျော် ရှိပြီး သွင်းကုန်တန်ဖိုးသည် ခြောက်ဘီလီယံခန့် ရှိ၍ ကုန်သွယ်မှုလိုငွေပြခဲ့သည်။ ပို့ကုန်တန်ဖိုးသည် ယခုဘဏ္ဍာနှစ် လေးလအတွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၉၀၀ ကျော် ပိုများခဲ့ပြီး သွင်းကုန်မှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ဒေါ်လာတစ်ဘီလီယံကျော် ပိုများလာသည်။ ‘‘ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကုန်သွယ်မှုလိုငွေ ပြတတ်ကြပါတယ်။ ဒါကို ရေရှည်ဖြစ်မသွားဖို့ ကိုင်တွယ်ဖို့သာ လိုပါတယ်’’ ဟု စီးပွားရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။ ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ ပို့ကုန်အမျိုးအစား ခုနစ်မျိုးတွင် လယ်ယာထုတ်ကုန်တန်ဖိုးသည် လေးလအတွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၄၃ သန်းကျော် လျော့နည်းခဲ့သည်။ ကျန်ပို့ကုန် အများစု မြင့်တက်ခဲ့သည်ဟု ဆိုသည်။ အထည်ချုပ် လုပ်ငန်းအပါအဝင် စက်မှုကုန်ချော တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူ ထက် ကန်ဒေါ်လာ သန်း ၅၀၀ ကျော် မြင့်တက်ပြီး စုစုပေါင်း ကန်ဒေါ်လာ နှစ်ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်များအနက် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုသည် လေးလအတွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၇၀၀ခန့် ပိုခဲ့ပြီး စုစုပေါင်းတင်သွင်းမှု ၂ ဒသမ ၃ ဘီလီယံခန့်ရှိခဲ့သည်။ ‘‘ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကုန်ကြမ်းတွေ လိုနေဦးမယ်။ အစိုးရက နိုင်ငံ့စီးပွားရေးအတွက် အသေးစား အလတ်စား လုပ်ငန်းတွေကို ဖွံ့ဖြိုးအောင် လုပ်ပေးရ မယ်။ ပို့ကုန်တိုးနိုင်အောင် လုပ်ကို လုပ်ရမယ်။ ဒါကို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဦးပြည့်စုံက ပြောသည်။ ယခု ဘဏ္ဍာနှစ်ကုန်လျှင် ပြည်ပပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ၁၅ ဘီလီယံခန့်ရှိမည်ဟု အစိုးရက နိုင်ငံတော် ရသုံးမှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များ၌ ခန့်မှန်းထားသည်။
Source : http://ift.tt/2hyKLjO
via IFTTT
No comments:
Post a Comment