Tuesday, August 1, 2017


တရုတ်ထိပ်တန်းအရာရှိ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘာတွေ ဆွေးနွေးမလဲ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ မစ္စတာ ဆောင်းတောင် (Song Tao) သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ၎င်း၏ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ် အသေးစိတ်ကိုတော့ မသိရသေးပေ။ ထိပ်တန်း အကြီးအကဲ ဆောင်းတောင် သည် ၂၀၁၆ ခုနှစ် သြဂုတ်လကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သူ၏ ၄ ရက် ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးသန်းရွှေ၊ ဦးရွှေမန်း တို့အပါအဝင် NLD နှင့် USDP ပါတီတို့မှ ထိပ်ပိုင်း တာဝန်ရှိသူ အချို့နှင့် တွေ့ဆုံသွားသည်။ ထိုခရီးစဉ်အတွင်း ယခင် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကိုလည်း တွေ့ဆုံခဲ့သဖြင့် သတင်းမီဒီယာများက စိတ်ဝင်စားခဲ့ကြသည်။ တရုတ်နှင့် မြန်မာ ထိပ်တန်းအရာရှိများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာပြီးနောက် အပြန်အလှန် လည်ပတ်မှု များပြားလာခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဒေါ်အောင်ဆန်းစုကြည် ၏ ဖိတ်ကြားချက် အရ ယမန်နှစ် ဧပြီလက နေပြည်တော်သို့ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီး နောက် ပထမဆုံး လာရောက် လည်ပတ်သော ပြည်ပ အရာရှိ ဖြစ်သည်။ တရုတ်နိုင်ငံသို့ သမ္မတ ဦးထင်ကျော် က ယခုနှစ် ဧပြီလပိုင်းက သွားရောက်လည်ပတ်ခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်း ၂၀၁၇ နှင့် ၂၀၁၆ ခုနှစ်တို့တွင် သီးခြားစီ သွားရောက် လည်ပတ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နယ်စပ်ဒေသတွင် ဥပဒေအခြေပြု စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရေး ဆွေးနွေးမှုများ ပါဝင်သည် ဟု ဖော်ပြထားသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီမည် ဟု ကတိပြုခဲ့ပြီး လွန်ခဲ့သော မေလက နေပြည်တော် တွင် အစိုးရက မကထပြု ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်း အဝေးသို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တက်ရန် တရုတ် အထူး သံတမန်က ကူညီညှိနှိုင်းပေးခဲ့သည်။ ထိုညီလာခံ မတိုင်မီတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် အကြီးအကဲနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိတ်တဆိတ် လွန်းပျံ သံတမန်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်း မဟာမိတ်ဟု ခေါ်သော တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အားလုံး တို့သည် တရုတ်နိုင်ငံက စီစဉ်ပေးသော စင်းလုံးငှား လေယာဉ်ဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် သွားရောက်သော ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက် ကူညီမည်ဟု သမ္မတ ရှီကျင့်ဖျင်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြောပြီး နှစ်နိုင်ငံ နယ်စပ်တွင် တည်ငြိမ်မှု ထိန်းသိမ်းရန် နှစ်ဘက်လုံးကို တောင်းဆိုသည်။ “မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ပေးသွားဖို့ တရုတ်နိုင်ငံက လိုလားပါတယ်” ဟု ရှီကျင့်ဖျင် က ပြောသည်။ သမ္မတ ဦးထင်ကျော် သည် တရုတ်နိုင်ငံသို့ သွားရောက်သော အခါ တရုတ်ခေါင်းဆောင်များနှင့် ဒေါ်လာဘီလီယံများစွာ ကုန်ကျမည့် ဆည်စီမံကိန်း၏ အနာဂတ် အကြောင်း ဆွေးနွေးခဲ့သည်။ အစိုးရသစ် ခေတ်တွင် ထို အငြင်းပွားဖွယ်ရာ ဆည်စီမံကိန်း၏ သဘာ၀ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လေ့လာရန် မြစ်ဆုံကော်မရှင်ဟု ခေါ်သော ကော်မရှင် တရပ်ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်က သမ္မတ ဦးထင်ကျော် ထံ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း လူသိရှင်ကြား ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ပေ။ တရုတ်နိုင်ငံသည် ပဋိပက္ခဖြစ်နေသော ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင်လည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်။ ထိုခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ရေနံစိမ်း ပိုက်လိုင်း ဆိုင်ရာ သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးခဲ့သည်။ မစ္စတာ ဆောင်းတောင်၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်မှု မတွေ့ရှိရသေးသော်လည်း ယခု ခရီးစဉ်တွင် မြောက်ပိုင်းဒေသ တင်းမာမှုများ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရိုဟင်ဂျာဟုခေါ်သော ဘင်္ဂါလီ ပြဿနာနှင့် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက် လာသူများ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင် အခြေခံဝါဒီများ၏ လှုပ်ရှားမှု ကြီးထွားလာခြင်း အပါအဝင် ကျယ်ပြန့်လှသော ပြဿနာ အများအပြားကို ဆွေးနွေးမည်လိမ့်မည်ဟု မျှော်လင့်ရသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်းသွင်းသူ ရန်ဟီးလီ သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြန်လည် ထွက်ခွာသည်။ ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ကြေညာခဲ့ပြီး ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် စစ်အုပ်ချုပ်ရေးကာလကို ပြန်လည် အမှတ်ရစရာ ဖြစ်နေသည်ဟု လည်း ပြောဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း ရန်ဟီးလီ ၏ ခရီးစဉ် အပြီး ကြေညာချက်ကို စိတ်ပျက်သည် ဟု တုံ့ပြန်ကာ ရန်ဟီးလီ၏ ကြေညာချက်တွင် သိမ်းကျုံး စွပ်စွဲမှုများနှင့် မှားယွင်းသော အချက်အလက်များ ပါဝင်သည်ဟု ကြေညာသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံပေ။ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့ကြသည်။ The post တရုတ်ထိပ်တန်းအရာရှိ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘာတွေ ဆွေးနွေးမလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2w1Rcix
via IFTTT

No comments:

Post a Comment