မူးယစ်တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်ကူမည် မြန်မာနိုင်ငံ ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသို့ အကူအညီပေးရေး သဘောတူစာချုုပ် တရပ်ကို အမေရိကန်နှင့် မြန်မာတို့အကြား နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ သဘောတူညီချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ္တရဲမှူးချုပ် အောင်ဝင်းဦး တို့ သြဂုတ်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ သံအမတ်ကြီး မာစီရယ်လ်က “မြန်မာနိုင်ငံအစိုးရက ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးသယ်ပိုးရာမှာ အမေရိကန် ပြည်ထောင်စုက အကူအညီပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် အစိုးရ အင်စတီကျူးရှင်းတွေနဲ့ လက်တွဲဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရ ကိုယ်စားပြု ကျနော်တို့ သံရုံးရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်” ဟု ပြောပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ တရားရုံးများ၊ ဥပဒေအရာရှိများနှင့်ရဲများအပါအဝင် တရားဥပဒေစိုးမိုးရေးကဏ္ဍများအား နည်းပညာ လေ့ကျင့် သင်တန်းပေးခြင်း၊ ရုပ်ဝတ္ထုအကူအညီပေးခြင်းနှင့် တရားရေးကျင့်ဝတ်နှင့် အမှုတွဲ လေ့လာ ဆန်းစစ်ချက်များကို ပိုမိုနားလည် သဘောပေါက်စေရန် ယမန်နှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၁ သန်းကျော် ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ယခုနှစ်တွင်လည်း မြန်မာ့တရားရေးကဏ္ဍ ခိုင်မာစေရေးအတွက် အမေရိကန်ပြည်ထောင်စုသည် ရှေ့နေချုပ်ရုံးနှင့် ပို၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခု သဘောတူညီချက်သည် အမေရိကန်-မြန်မာ မိတ်ဖက် ဆက်ဆံရေးကို ထပ်လောင်းအားဖြည့်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရေး အတွက် အမေရိကန်ပြည်ထောင်စု၏ အလေးအနက်ထားမှုကိုလည်း ပေါ်လွင်စေသည်ဟု အမေရိကန်ဘက်က ဆိုသည်။ သံအမတ်ကြီး မာစီရယ်လ် က မြန်မာနိုင်ငံ အစိုးရ၏ အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ချက် များကိုကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနည်းကျ ထိရောက်၍ တရားမျှတသော တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရန် အမေရိကန်ပြည်ထောင်စုက ခိုင်မာစွာ အကူအညီ ပေးသွား မည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။ The post မူးယစ်တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်ကူမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2x8EG15
via IFTTT
No comments:
Post a Comment