Monday, August 7, 2017


မန္တလေးတွင် ပညာရေးတက္ကသိုလ်၊ ကောလိပ်ကျောင်းသားကျောင်းသူများ ဆန္ဒပြ ပွင့်လင်းမြင်သာမှုမရှိသည့် ဆရာခန့်ထားရေးစနစ်ကြောင့် ဆရာခန့်ထားရေးမူဘောင်ရရှိရေးအတွက် ပညာရေးတက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူ အင်အား ၃၀၀ ကျော် စုပေါင်း၍ ဆန္ဒထုတ်ဖော်ပွဲကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ဆရာခန့်ထားပေးတာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်ခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား ကိုနောင်ထက်အောင်က ပြောသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးပညာရေးကောလိပ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားကျောင်းသူများ စုပေါင်း၍ မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တောင်းဆိုသည့် အချက်များမှာ ၂၀၁၆-၁၇ ပညာ သင်နှစ် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များမှ ဆရာအတတ်ပညာ သင်တန်းပြီးဆုံးထားသူများ အား လုပ်ငန်းခွင်ဝင်ရောက်ရမည့် နေ့ရက်ကို တရားဝင် အတိအကျထုတ်ပြန်ပေးရန်၊ ယခုကဲ့သို့ ပညာရေးဝန်ထမ်းအဖြစ် ခန့်ထားရန် နှောင့်နှေးမှုများကြောင့် ဆက်လက် ပညာ သင်ခွင့်နှင့် ဝန်ထမ်းလုပ်သက် နစ်နာသူများကို ယခုပညာသင်နှစ်အစမှ စတင် ခန့်ထားပေးသည့်နေ့ရက်အထိ ဝန်ထမ်း လုပ်သက်အဖြစ် သတ်မှတ်ထည့်သွင်းတွက်ချက်ပေးရန်၊ နောင်လာမည့် အခြေခံပညာရေး ပညာသင်နှစ်မှ စတင်၍ ပညာ ရေးတက္ကသိုလ်၊ပညာရေးကောလိပ်များမှ သင်တန်းဆင်းမည့် ဆရာ၊ဆရာမလောင်းလျာများကို ပညာသင်နှစ် မစတင်မီ လုပ်ငန်းခွင်သို့ အချိန်မှီ ဝင်ရောက်နိုင်စေရေး တို့ဖြစ်သည်။ “အခု ပညာရေးလောကမှာဖြစ်ပျက်နေတာတွေက ဗဟိုဦးစီးချုပ်ကိုင်မှုတွေရှိနေကြောင်း ပေါ်လွင်နေပါတယ်။ အခုဆို ဆရာ ခန့်ထားရေးမှာ တိကျသေချာတဲ့မှုဘောင်မရှိတော့ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတာ အများအသိပါ၊ နောက်ပြီး ဆရာ၊ ဆရာမတွေကို အလုပ်ခန့်သင့်တဲ့အချိန်မှာ အလုပ်ခန့်မပေးနိုင်ခြင်းက အဓိကအားဖြင့် အခြေခံပညာ ကျောင်းသား လေးတွေ နစ်နာကြရတာပါ၊ အဲဒီလိုပဲ ပညာရေးကောလိပ်၊ တက္ကသိုလ်ဆင်းဆရာ၊ ဆရာမတွေရဲ့ လုပ်သက်တွေ၊ ရာထူးတိုးတာတွေလည်း အကုန်နောက်ကျကုန်ရပါတယ်”ဟု စစ်ကိုင်းပညာရေးကောလိပ်မှ ဆရာတဦးက ပြောသည်။ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပူးပေါင်း၍ သက်ဆိုင်ရာသို့ အချက် ၃ ချက်အား ယခုနှစ် ဇူလိုင်၂၁ ရက်က သတင်းထုတ်ပြန်ချက်ဖြင့် တောင်းဆိုခဲ့ကြောင်း သိရသည်။ ”ပုံမှန်ခန့်ထားတာထက် နောက်ကျမှ ခန့်တယ်၊ အဲဒီအတွက် လုပ်သက်နစ်နာပါတယ်၊ ရာထူးတိုးတွေ နစ်နာပါတယ်၊ မာစတာတက်ဖို့ နောက်ကျတယ်၊ အခက်အခဲရှိတယ်၊ တမိနစ်နောက်ကျတာနဲ့ တနှစ်နောက်ကျသလိုပါပဲ၊ နောင်ပညာ သင်နှစ်မှာ အခြေခံပညာသင်နှစ် မစတင်ခင် ဒီပညာရေးကောလိပ်နဲ့ ပညာရေးတက္ကသိုလ် အသီးသီးက ဆင်းထားတဲ့ ဆရာ၊ ဆရာမလောင်းတွေကို အချိန်မှီ နေရာချထားပေးနိုင်ရေး စတဲ့ အချက်သုံးချက်ကို တောင်းဆိုထားပါတယ်၊ ဒီနေ့ အထိ ညှိနှိုင်းဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ဆန္ဒပြရတာဖြစ်ပါတယ် ” ဟု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သင်တန်းဆင်း ဆရာ ဦးကောင်းကြွယ်က ပြောသည်။ “ဆရာခန့်ထားရေးနောက်ကျတဲ့အတွက် ဆရာအင်အားမလုံလောက်ဘဲ ပညာသင်ယူနေရတဲ့ ကလေးတွေ နစ်နာတယ်၊ နောက် ဆရာအင်မလုံလောက်တော့ သက်ဆိုင်ရာကျောင်းရဲ့ စီမံခန့်ခွဲနေရတဲ့ ကျောင်းအုပ်တွေလည်း အခက်ကြုံရတယ်၊ ဆရာအင်အားမလုံလောက်တော့ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ဆရာ၊ဆရာမတွေလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်၊ ဒါကြောင့် ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှာ အလုပ်ဝင်ကြမယ့်ဆရာ၊ဆရာတွေကို အရည်အချင်းသတ်သတ် မှတ်မှတ်နဲ့ ခန့်ထားပေးနိုင်ဖို့ကို တောင်းဆိုနေကြရတာပါ”ဟု စစ်ကိုင်းပညာရေးကောလိပ်မှ ကိုပြည့်ဇွဲဦးက ပြောသည်။ ပွင့်လင်းမြင်သာမှုမရှိသည့် ဆရာခန့်ထားရေးစနစ်အား ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်း သားသမဂ္ဂမှ ကျောင်းသား ၂၀ ခန့်ကလည်း ဆန္ဒပြမှုတခုကို ရန်ကုန်မြို့၌ သြဂုတ်လ ၆ ရက်မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာရေး သင်တန်းပြီးစီးထားသော ဆရာ၊ ဆရာမ လောင်းလျာ တသောင်းကျော် ကို အလုပ် ခန့်ထားမှု နောက်ကျမှုကြောင့် နစ်နာခဲ့ပြီး နောင်မျိုးဆက်သစ် ဆရာ၊ ဆရာမ လောင်းလျာများ ယခုကဲ့သို့ မဖြစ်စေရန် ညှိနှိုင်းဖြေရှင်းပေးမှု မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ The post မန္တလေးတွင် ပညာရေးတက္ကသိုလ်၊ ကောလိပ်ကျောင်းသားကျောင်းသူများ ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2vFHaXd
via IFTTT

No comments:

Post a Comment