ရန်ကုန် အလုံဈေးသစ် စီမံကိန်း သဘောတူညီချက်များ တရားဝင် ကြေညာပေးရေး ဆန္ဒပြ ရန်ကုန်မြို့ အလုံဈေးသစ် ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဈေးသူဈေးသားများ တောင်းဆိုထားသည့် မူလဆိုင်ခန်း၊ မူလ အကျယ်အဝန်း ပြန်လည်ရရှိရေး သဘောတူညီချက်များကို တရားဝင်ကြေညာပေးရေး အတွက် သြဂုတ် ၂၁ ရက်တွင် အလုံဈေးရှေ့ သစ်တောလမ်းမှ မြို့တော်ခန်းမရှေ့အထိ ချီတက် ဆန္ဒပြကြသည်။ သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် အလုံဈေးသို့ လာရောက်ပြီး လွှတ်တော်ကိုယ်စားလှယ် များ၊ ဈေးသူဈေးသားတချို့နှင့် တွေ့ဆုံခဲ့ပြီး မူလနေရာ၊ အကျယ်အဝန်း မူလဆိုင်ခန်းအတိုင်း ပြန်ပေးမည်ဟု နှုတ်ကတိပေး ခဲ့ကြောင်း၊ ဈေးသူဈေးသားများက အယုံအကြည်မရှိသောကြောင့် သဘောတူညီချက်များကို စာချုပ်စာတမ်းဖြင့် တရားဝင် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြော သည်။ “မြို့တော်ဝန် ကိုယ်တိုင်က မူလနေရာမှာ မူလဆိုင်ခန်း အတိုင်း ပြန်ပေးပါ့မယ် ပြောတယ်။ ဒါဆိုရင် သဘောတူညီမှုစာချုပ် ချုပ်ပါဆိုတော့ မြို့တော်ဝန်ကလည်း ချုပ်မပေးဘူး။ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကလည်း မချုပ်ပေးနိုင်ဘူး။ ဒီလိုပဲ နှုတ် ကတိနဲ့ပဲပြောသွားတယ်။ ကျနော်တို့က အကြိမ်ကြိမ် အလိမ်ခံရတဲ့ အတွက်ကြောင့် ယုံကြည်မှုမရှိတော့လို့ ဒီလိုလာ ရောက်ပြီး ဆန္ဒပြတောင်းဆိုတာ” ဟု ဆန္ဒပြရာတွင် ပါဝင်သူ ကိုသဲမောင်က ဧရာဝတီကို ပြောသည်။ ယနေ့ဆန္ဒပြပွဲတွင် အလုံဈေးသူဈေးသားများက မြို့တော်ဝန်၏ နှုတ်ကတိစကားကို တရားဝင် ကြေညာပေးရန် အဓိက တောင်းဆိုခဲ့ကြပြီး ဈေးဆိုင်ခန်းများ မူလနေရာ အကျယ်အဝန်းအတိုင်း ပြန်လည်ရှိခြင်းမရှိဘဲ ဈေးသစ် တည်ဆောက်ရေး ကို ကန့်ကွက်ကြောင်း၊ ဈေးသူဈေးသားများ လက်မခံသည့် ဈေးသစ်စီမံကိန်း အလိုမရှိကြောင်းနှင့် အလုံဈေးသစ် တည် ဆောက်ရေး တရားမျှတစွာ ဖြေရှင်းပေးရန် ဟူသည့် အချက်များကိုလည်း ကြွေးကြော် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူ ၁၅၀ ခန့်သည် နံနက် ၁၀ နာရီခွဲခန့်တွင် အလုံဈေးရှေ့မှ စတင်ထွက်ခွာ၍ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်အထိ ချီတက်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)ရုံး ရှိရာ မြို့တော် ခန်းမ ကို တပတ်ပတ်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ YCDC မှ တာဝန်ရှိသူတဦး က “မြို့တော်ဝန်က ၁၉ ရက်နေ့က တရားဝင် လမ်းညွှန်ချက်ပေးတာ။ ကျနော်တို့က ဝန်ထမ်း လေ။ မြို့တော်ဝန်က ညွှန်ကြားတာကို ကျနော်တို့က အကောင်အထည် ဖော်ဖို့တာဝန်ပဲ ရှိပါတယ်။ ကျနော်တို့ဘက်က အောင်မြင်အောင် အကောင်အထည် ဖော်မှာပါ။ သူတို့လိုချင်တဲ့ပုံစံ နေရာအကျယ်အဝန်းအတိုင်း လုပ်ပေးဖို့ ဆောင်ရွက် နေပါပြီ” ဟု ဧရာဝတီကို ပြောသည်။ ဆက်လက်၍ ၎င်းက မြို့တော်ဝန်က နှုတ်နှင့်ကတိပေးသည်ကို ၎င်းတို့အနေဖြင့် မလုပ်၍မရကြောင်း၊ ယင်းနေ့တွင် ဈေးသူ ဈေးသားများကို ဖိတ်သော်လည်း မလာသည့်အတွက် မြို့တော်ဝန်၏ လမ်းညွှန်ချက်ကို မသိသွားခြင်းကြောင့် ယနေ့ကဲ့သို့ ဆန္ဒပြခြင်းမျိုး ဖြစ်သွားကြောင်း၊ မြို့တော်ဝန်၏ ပြောကြားချက်များကိုလည်း ရန်ကုန်မြို့တော် သတင်းစာတွင် ဖော်ပြ ထားကြောင်း ရှင်းပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်တွင်လည်း YCDC အနေဖြင့် ဈေးသူဈေးသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုသည်ဟု ဆိုကာ အလုံဈေးသူဈေးသား ၂၀၀ ခန့် က အလုံဈေးရှေ့မှ ဆင်မင်းဈေး အနီးရှိ သိပ္ပံလမ်းသို့ ပထမဆုံးအကြိမ် အဖြစ် ချီတက် ဆန္ဒ ပြခဲ့ကြသေးသည်။ အလုံမြို့နယ်ရှိ အလုံဈေးကိုု ၂၀၁၇ မတ် ၁၀ ရက်တွင် စတင်ဖျက်သိမ်းကာ အလုံဈေးသစ် အဆင့်မြှင့်တင်ရေး လုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကန့်ကွက်မှုများကြောင့် ၂၀၁၇ ဇွန် ၁၉ တွင် ဈေးသစ် တည်ဆောက်ခြင်း လုပ်ငန်းကို ယာယီ ရပ်ဆိုင်းခဲ့သော်လည်း သြဂုုတ်လ အစောပိုင်းတွင် လုပ်ငန်းပြန်လည်စတင်ရန် YCDC က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ The post ရန်ကုန် အလုံဈေးသစ် စီမံကိန်း သဘောတူညီချက်များ တရားဝင် ကြေညာပေးရေး ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2wgMOiD
via IFTTT
No comments:
Post a Comment