မောင်တောတွင် ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများဖမ်းမိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးအုပ်စု၊ ဇူလာရွာကျေးရွာအတွင်း ကျပ်သိန်းပေါင်း ၃ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သန်းခန့်ကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။ ကြိုတင်သတင်းအရ သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး တရားခံ အာဆော့ဒူလာမှာ ယခင်ကတည်းက မူးယစ်ဆေးပြား ရောင်း ဝယ်ဖောက်ကားနေသူအဖြစ် သတင်းထွက်ပေါ်နေသူ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောသည်။ ဦးမြင့်ခိုင် က “မနေ့က ကျနော်တို့ သတင်းရတာနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ သွားရှာတဲ့အခါမှာ။ သူ့ရဲ့ မြို့လမ်းဘေးက ဆန်ဂိုဒေါင်ထဲ က ရှာတွေ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေအတွက်မှာ ၁၈၁၃၅၀၀ ဖြစ်ပြီး ဆေးပြား ၁ ပြားကို ကာလတန်ဖိုး ကျပ် ၂၀၀၀ နှုန်းဖြင့် တွက်ချက်လျှင် ဖမ်းဆီးရမိသည့် ဆေးပြား များမှာ တန်ဖိုးကျပ်သိန်းပေါင်း ၃၆၂၇၀၀၀၀၀၀ တန်ဖိုး ရှိကြောင်း မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆိုသည်။ မောင်တောဒေသ အတွင်း အဆိုပါ မူးယစ်ဆေးပြားများ ရောင်းဝယ် ဖောက်ကားမှုများကို လုပ်ဆောင် နေသာ ဂိုဏ်းများသည် ဒေသအတွင်း ဖြန့်ဝေခြင်းမျိုးမဟုတ်ဘဲ ကုန်းလမ်းထက် ရေလမ်းကြောင်းကို အသုံးပြုကာ တစ်ဘက်နယ်စပ်သို့ ကုန်သွယ် ခြင်းမျိုးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။ “မူးယစ်ဂိုဏ်းတွေကို ဖမ်းဆီးရမိရေးအတွက် ကျနော်တို့ လုပ်နေတယ်။ အဖွဲ့တွေဖွဲ့ပြီးတော့ပေါ့။ မြို့အဝင် အထွက်ဂိတ်၊ ကားလမ်းကြောင်း တလျောက် ဂိတ်တွေမှာ မူးယစ်နဲ့ ပတ်သက်ပြီးတော့ ဦးစားပေးပြီးတော့ ဆောင်ရွက်တာတွေ ရှိပါတယ်။ အခုဆိုရင် မူးယစ်ဆေးဖမ်းတဲ့ ခွေးတွေဘာတွေက အစ ရောက်လာပြီ။ အသံတွေ တစိုက်မတ်မတ် ထွက်လာတယ်။ ဆေးပြားတွေ မိတယ်ဆိုတာတွေက ကျနော်တို့ ဖမ်းလို့မိတာဖြစ်တယ်။ မူးယစ်ဆေးဝါးတွေ များလှချည်းလား ဆိုတာတွေက ဖမ်းလို့၊ မိလို့ ပေါ်လာတာပေါ့” ဟု ဦးမြင့်ခိုင်က ရှင်းပြသည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း WY စိတ်ကြွ ဆေးပြား ကာလတန်ဖိုး ၁၂ ဒသမ ၇၃၈၆ ဘီလီယံ ကျော် ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ ယင်းသို့ စိတ်ကြွဆေးပြားများကို စံချိန်တင် ဖမ်းဆီးရမိရာတွင် စစ်တွေမြို့နယ်နှင့် မောင်တော မြို့နယ်များတွင် အများဆုံး ဖမ်ဆီးရမိကြောင်း၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာတွင် WY စိတ်ကြွဆေးပြားများအပြင် ဆေးခြောက်၊ ဗျူပရီနော်ဖိန်းများ ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇူလိုင်လအထိ ဆေးခြောက် ၄၀၇၃၁ . ၅ ဂရမ် ကာလတန်ဖိုး ကျပ် ၁၂၂၁၉၄၅၀ နှင့် နော်ဖိန်း ၁၀၄၃ ပုလင်း ကာလတန်ဖိုး ကျပ် ၃၁၂၉၀၀၀ တို့ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ မူးယစ်းဆေးဝါး ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် တရားခံ ကျား ၉၄ ဦးနှင့် မ ၁၂ ဦး၊ စုစုပေါင်း ၁၀၆ ဦးတို့ကို ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။ ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မေယု အမည်ရှိ စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှာ လက်ရှိအချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်ကြောင်း သိရသည်။ The post မောင်တောတွင် ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2ilGqAJ
via IFTTT
No comments:
Post a Comment