နာဂ တို့၏ တောင်းဆိုချက် (သို့) ဖြေရခက်မည့်ပုစ္ဆာ မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား လူမျိုးစု တခုဖြစ်သည့် နာဂ တိုင်းရင်းသား ခေါင်းဆောင်များက လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နမိတ် သတ်မှတ်မှုအရ စည်းခြားသွားသည့် ၎င်းတို့၏ နာဂ တိုင်းရင်းသားများကို တစုတစည်းထဲ ပြန်လည်ပေါင်းစည်းရေးနှင့် လွတ်လပ်ရေးကို ယနေ့အချိန်အထိ ဆုပ်ကိုင် ပြောဆိုနေကြဆဲဖြစ်သည်။ နာဂ တိုင်းရင်းသားများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီး၊ လဟယ်၊ နန်းယွန်း နှင့် ခန္တီးမြို့နယ်တွင် နာဂလူမျိုး ၃ သိန်းကျော်နေထိုင်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ဒေသများဖြစ်သော မဏိပူရ်၊ အာသံ၊ မီဇိုရမ်နှင့် နာဂလန်းစသည့် ပြည်နယ်များတွင်လည်း နာဂလူမျိုး ၃ သန်းခန့် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ နာဂ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသည့် အဖွဲ့အစည်း အသီးသီး ရှိသည့်အနက် နာဂ လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီသည် အထင်ရှားဆုံး ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလုံးတွင် အခြေစိုက်လှုပ်ရှားနေလျှက် ရှိသည်။ S.S.Khaplang ဦးဆောင်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့က မြန်မာနိုင်ငံဘက် အခြမ်းတွင် အခြေစိုက် လှုပ်ရှားပြီး၊ Isak Chisi Swu နှင့် Thuingaleng Muivah တို့ ဦးဆောင်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-IM) ကတော့ အိန္ဒိယ နိုင်ငံဘက်အခြမ်းတွင် အခြေစိုက် လှုပ်ရှားသည်။ ထိုနှစ်ဖွဲ့သည် ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) မှ ၁၉၈၈ ခုနှစ်တွင် နှစ်ခြမ်း ကွဲသွားသည့် အဖွဲ့များဖြစ်ပြီး ၎င်းတို့၏ ရပ်တည်ချက်မှာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များတွင် အခြေချ နေထိုင်သည့် နာဂ မျိုးနွယ်စုများနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်းရှိ နာဂမျိုးနွယ်စုများ ပြန်လည်သွေးစည်းညီညွှတ်ရေး၊ နာဂ အမျိုးသားများ လွတ်လပ်ရေး ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံဘက်တွင် အခြေစိုက် လှုပ်ရှားနေသည့် NSCN-K အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “ကျနော်တို့ နာဂလူမျိုးတွေက မြန်မာဘက်မှာရော၊ အိန္ဒိယဘက်မှာလည်း နေကြတယ်။ နှစ်နိုင်ငံစလုံးက လွတ်လပ်ရေးယူလိုက်ပြီး နယ်မြေစည်းမျဉ်း သတ်မှတ်လိုက်တော့ ကျနော်တို့တွေ ဟိုဘက် ဒီဘက် ကွဲကုန်တယ်။ နာဂလူမျိုးတွေ တစုတစည်းတည်း ဖြစ်ဖို့လိုတယ်” ဟု ပြောသည်။ အိန္ဒိယအစိုးရက ၁၉၆၃ ခုနှစ်က နာဂလူမျိုးများအတွက် ပြည်နယ်သတ်မှတ်ပေးခဲ့ကြောင်း သို့သော် အိန္ဒိယတွင် နေထိုင်သော နာဂများက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းကြောင့် အိန္ဒိယအစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာဘက်ခြမ်းမှ နာဂလူမျိုးများနှင့် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K)ကို မြန်မာအစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း စသည့် သုံးမြို့နယ်အား နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ် ပေးထား သော်လည်း ၎င်းတို့သည် ခန္တီးမြို့နယ်ကို ထပ်မံထည့်သွင်းပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးများကို ဆောင်ရွက်ပေးရန် တောင်းဆို ထားကြသည်။ ခန္တီးမြို့နယ်အား နာဂဒေသအတွင်း ထည့်သွင်း ပေးရေးမှာ ရှုပ်ထွေးနေပြီး ရှမ်းနီများကလည်း ၎င်းတို့ အပိုင် ဟုဆိုကာ ကန့်ကွက်မှုများ ရှိနေသဖြင့် ထိုဒေသရှိ ရှမ်းနီအမျိုးသား တပ်မတော် (SNA) နှင့်ပါ တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ နာဂ တိုင်းရင်းသား ခေါင်းဆောင်များသည် နှစ်နိုင်ငံအတွင်းရှိ နာဂလူမျိုးများ တစုတစ်စည်းတည်း နေထိုင်နိုင်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိသော ဒေသတခု) ရယူနိုင်ရေး ကိစ္စကို အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ပြောဆိုမှုရှိသည်ဟု သိရသည်။ ထို့ကြောင့် မြန်မာ အစိုးရမှ ကမ်းလှမ်းနေသော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို NSCN-K အနေဖြင့် လက်မှတ်ရေးထိုးခြင်းမပြုသေးပဲ နာဂလူမျိုးများ တစုတစည်းတည်း ဖြစ်ရေးအပေါ် ပထမဦးစားပေး အနေဖြင့် ကြိုးပမ်းနေပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတွင်ရှိသော နာဂလူမျိုးများအား လွှမ်းခြုံနိုင်သည့် စေ့စပ်ညှိနှိုင်းမှုကို စောင့်ဆိုင်းနေသည်။ “မြန်မာအစိုးရက ဖော်ဆောင်တဲ့ NCA ကကောင်းပါတယ်။ ထောက်ခံပါတယ်။ ဒါပေမဲ့ NCA ထက် ကျနော် တို့ နာဂ အတွင်းရေးက ပိုရှုပ်ထွေးတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးက နာဂတွေကို လွှမ်းခြုံနိုင်တဲ့ စေ့စပ် ညှိနှိုင်းမှုလိုတယ်။ မဟုတ်ရင် မြန်မာဘက်က နာဂတွေ အဆင်ပြေပေမယ့် အိန္ဒိယဘက်က နာဂတွေ အဆင်မပြေပြန်လည်း မဖြစ်ပြန်ဘူး”ဟု ဦးကျော်ဝမ်းစိန် က ပြောသည်။ မြန်မာအစိုးရသည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း အခြေစိုက် လှုပ်ရှားနေသော NSCN-K နှင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း ပြည်ထောင်စု အဆင့်နှင့် NCA စာချုပ် လက်မှတ် ရေးထိုးနိုင်ရေးကိုတော့ ငြင်းဆိုထားသည်။ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ် က “ကျနော်တို့ မြန်မာဘက်က နာဂတွေကတော့ NSCN-K အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရင် ကန့်ကွက်စရာ မရှိပါဘူး။ ဒီလက်နက်ကိုင် အဖွဲ့တွေကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ တခုတည်းပေါ်မှာ အမှီသဟဲပြုပြီးမှ သူကထူထောင် ထားတာမဟုတ်ဘူး။ အိန္ဒိယ ဘက်ခြမ်းမှာရှိတဲ့ နာဂတွေ ပါဝင်နိုင်မှ ကျနော်တို့ မြန်မာနိုင်ငံဘက်မှာရှိတဲ့ နာဂတွေကလည်း အားလုံးပါဝင်မှာ၊ ပါဝင်တယ် ဆိုတာ အကုန်လုံးက ကြည်ကြည် ဖြူဖြူ ဖြစ်မှပဲ လက်မှတ် ထိုးချင်တယ်ဆိုတဲ့ အစိတ်အပိုင်းပေါ့” ဟု ပြောသည်။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K)နှင့် မြန်မာ့တပ်မတော်တို့ အကြားတွင် ၂၀၀၀ ခုနှစ်က စပြီး နှစ်ဘက်အကြား တိုက်ပွဲများ မရှိတော့ကြောင်းနှင့် NCA ကို လက်မှတ်ရေထိုးနိုင်ရန် အတွက်လည်း တံခါးဖွင့်ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောသည်။ “NCA ကိုတော့ မထိုးနိုင်သေးဘူး။ ဒါပေမဲ့ သူတို့ (NSCN-K) အတွက် ဆွေးနွေးပွဲက တံခါးဖွင့်ထားပါတယ်။ သူတို့ ပါလာအောင်တော့ အချိန်ယူရအုံးမယ်” ဟု ဦးလှမောင်ရွှေ က လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။ မြန်မာဘက်ခြမ်းတွင် လှုပ်ရှားနေသော NSCN-K နှင့် တပ်မတော်အကြား တိုက်ပွဲများမရှိသော်လည်း အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသော တခြားနာဂလက်နက်ကိုင်အဖွဲ့များနှင့် အိန္ဒိယနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မြန်မာဘက်ခြမ်း၌ အခြေစိုက်လှုပ်ရှားနေခြင်းကြောင့် အိန္ဒိယအစိုးရဘက်မှ တိုက်ထုတ်ပေးရန် မကြာခဏ တောင်းဆိုလေ့ရှိသည်။ အန္ဒိယအစိုးရကို နာဂလက်နက်ကိုင် အဖွဲ့များနှင့် မဏိပူလက်နက်ကိုင်အဖွဲ့၊ ကသည်းလက်နက်ကိုင်အဖွဲ့ များက အိန္ဒိယနယ်မြေ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာ၍ စစ်ရေး လှုပ်ရှား နေခြင်းကြောင့် နယ်စပ်လုံခြုံရေးအပေါ် စိန်ခေါ်မှုများရှိလာခဲ့သည်။ မြန်မာ-အိန္ဒိယ နယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသည် ၁၆၄၃ ကီလိုမီတာ ရှည်လျားကာ နယ်စပ်ခြံစည်းရိုး မခတ်နိုင်သေးခြင်းကြောင့် အိန္ဒိယ-မြန်မာ နယ်နိမိတ်အတွင်း လွှတ်လပ်စွာ သွားလာနိုင်ရေးစနစ် (Free Movement Regime) ကို ကျင့်သုံး၍ နှစ်နိုင်ငံမှ လူထုသွားလာဖြတ်သန်းနေရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် နယ်စပ်ခြံစည်းရိုးခတ်မည် ဆိုခြင်းကြောင့် နာဂလူမျိုးများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံနယ်စပ် စည်းရိုးခတ်ခြင်းအားဖြင့် မြန်မာဘက်ခြမ်းတွင် အခြေစိုက်လှုပ်ရှား၍ အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်အဖွဲ့များ လာရောက် တိုက်ခိုက်မှုအပေါ် ဟန့်တားနိုင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ၌ ဒေသဖွံ့ဖြိုးရေးများ အကောင် အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဟု အန္ဒိယ အစိုးရဘက်မှ ယူဆချက်လည်းရှိနေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ နာဂလူမျိုးများက နှစ်နိုင်ငံအတွင်း နေထိုင်နေသော နာဂလူမျိုးကို ခွဲခြားလိုက်သကဲ့သို့ ဖြစ်စေပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ အပေါ် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ထောက်ပြ၍ ကန့်ကွက် ခဲ့ကြခြင်း ဖြစ်သည်။ NSCN-K သည် အိန္ဒိယအစိုးရနှင့် ၂၀၀၁ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သော်လည်း NSCN-K မှ အိန္ဒိယနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ခဲ့ပြီး စာချုပ်ကိုလည်း ပယ်ဖျက်ခဲ့သည်။ အိန္ဒိယ အစိုးရဘက်က ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော NSCN-K ၏ ဥက္ကဌ S.S. Khaplang ကို အိန္ဒိယိငွေဖြစ်သည့် ရူပီး ၇ သိန်း ဆုကြေး ထုတ်ပြန်ခဲ့သည်။ သို့သော် S.S. Khaplang သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ “Khaplang ဟာသူရဲ့ အယူအဆနဲ့ စည်းမျဉ်းတွေကို ဘယ်တော့မှ မပြောင်းလဲခဲ့သူပါ။ သေဆုံးချိန်ထိ အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်လုံးရဲ့ အချုပ်အခြာ အာဏာဘောင်အတွင်း နာဂဒေသကို အတူတကွ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ယုံကြည် ခဲ့သူပါ”ဟု NSNC-K ၏ စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းနှင့် လက်ရှိ NSCN-Reformation အားတည်ထောင်သူ P.Tilehak က The Indian Express သို့ ပြောဆိုထားသည်။ S.S. Khaplang ဆုံးပါးသွားသော်လည်း NSCN-K ၏ မူလရပ်တည်ချက်၊ တောင်းဆိုချက်များက ပြောင်းလဲ၊ လျော့ပါး သွားခြင်း မရှိဘဲ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်ပင် အဆက်ပြတ်နေသည့် အခြေအနေတွင် ရှိနေသည်ကို စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးမှု ပြတ်တောက်သွားခြင်းက ပြသနေသည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း လက်ထက် ၂၀၁၂ ခုနှစ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်ပြီး သဘောတူညီချက် တချိုု့ယူထားခဲ့သည်ဟု သိရသည်။ ထိုသဘောတူညီမှုတွင် အစိုးရကို ပုန်ကန်နေသော လက်နက်ကိုင် များကို တနိုင်ငံမှ တနိုင်ငံအတွင်း ခိုလှုံခွင့်မပေးရေး၊ တဖက်နိုင်ငံအတွင်း ဝင်လာပါက တိုက်ထုတ်ရေးနှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်၍ အဆင့်မြှင့်တင်နိုင်ရေး စသည့် အချက်များပါဝင်ကြောင်းသိရသည်။ ယင်းသို့သော အခြေအနေများကို ကြည့်ခြင်းအားဖြင့် အန္ဒိယ အစိုးရအနေနှင့် နာဂ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ ၎င်းတို့လိုက်လျော ထားသည်ထက် မပိုနိုင်တော့ကြောင်း မြင်နိုင်မည်ဖြစ်သည်။ အလားတူ မြန်မာအစိုးရဘက်တွင်လည်း နာဂလက်နက်ကိုင်တို့၏ တောင်းဆိုချက်သည် ဖြေရှင်းရခက်သည့် ပုစ္ဆာ တပုဒ် ဖြစ်နေပြန်သည်။ ထို့ကြောင့် နာဂလက်နက်ကိုင် အဖွဲ့များအနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ မည်သို့ အဆုံးသတ် မည်နည်းဆိုခြင်းမှာ စဉ်းစားရန် လိုအပ်လာနေပြီး ညအမှောင်ထဲတွင် ကမ်းကိုရှာဖွေနေသော လှေသူကြီးကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်ရန်လည်း သတိထား လျှောက်လှမ်းရန် လိုအပ်လာနေပြီ ဖြစ်သည်။ The post နာဂ တို့၏ တောင်းဆိုချက် (သို့) ဖြေရခက်မည့်ပုစ္ဆာ appeared first on ဧရာဝတီ.
Source : http://ift.tt/2x2ceh8
via IFTTT
No comments:
Post a Comment