အမြွှာညီအစ်မချင်း အရေပြား အစားထိုး ခွဲစိတ်ကုသမှု အောင်မြင် အမေရိကန်နိုင်ငံ မီဆိုရီပြည်နယ်မှ အသက် ၆၆ နှစ် အရွယ် မေရီဂျိန်းက နောက်ကျောမှာ အရေပြားကင်ဆာ ခံစားနေရတဲ့ အမြွှာညီမ ဖြစ်သူ မာရီယန်ဖီးလ်စ်ကို သူ့ရဲ့ ဝမ်းဗိုက်က အရေပြား မျှဝေလှူဒါန်းကာ ခွဲစိတ်ကုသပေးမှု အောင်မြင်ပြီးတဲ့ နောက် သူတို့ အချင်းချင်း ပိုမို ချစ်ခင်ရင်းနှီး သွားတယ် လို့ ဆိုပါတယ်။ မာရီယန်ဖီးလ်စ် ဟာ အလွန်ရှားပါးဖြစ်ခဲတဲ့ အရေပြားကင်ဆာ ရောဂါဆိုး တမျိုး ခံစားနေခဲ့ရတာကြောင့် ကျောရိုးတဝိုက် ကြိမ်ဖန်များစွာ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း စတဲ့ ကုသမှုတွေ ခံယူပြီးနောက် ကြီးမားတဲ့ အနာဟောင်းလောင်းပေါက်တွေ ကျန်ခဲ့ပါတယ်။ သူမရဲ့ အနာအရွယ်အစားဟာ အမေရိကန်နိုင်ငံရှိ အရေပြား ခွဲစိတ်ဆရာဝန်ကြီးများတောင် လက်လျှော့ ရလောက်တဲ့ အထိ ဆိုးရွားခဲ့ပါတယ်။ အဲဒီတုန်းက သူမ အတွက် ပြန်ကောင်းနိုင်ခြေ မျှော်လင့်ချက်လည်း မရှိသလောက်ကို နည်းပါးနေခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ အမြွှာအစ်မ မေရီဂျိန်းန်က အရေပြားနဲ့ တစ်သျှူးတွေကို အစားထိုး ကုသနိုင်တဲ့ အကြောင်း သိလိုက်ရတဲ့ အချိန်မှာ တွေဝေခြင်း အလျင်းမရှိဘဲ သူမရဲ့ အရေပြားကို ခွဲဝေလှူဒါန်းခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ “သူမ လိုအပ်တာ ကျမဆီမှာ ရှိတယ်။ ကျမတို့က နှစ်ကိုယ့် တစိတ် လိုပါပဲ” လို့ မေရီဂျိန်းက ဆိုပါတယ်။ တက္ကဆက် တက္ကသိုလ် Anderson Cancer Center မှ ဦးဆောင်ညွှန့်ကြားရေးမှူး၊ အရေပြား ခွဲစိတ်ဆရာဝန်ကြီး တဦး ဖြစ်တဲ့ ဒေါက်တာ ဂျက်စီဆယ်ဘာက ဦးရေပြား အစားထိုးတာကို ပထမဦးဆုံး လုပ်ဆောင်ခဲ့တဲ့ ဆရာဝန်ကြီး ဖြစ်ပြီး ၎င်းက “အမြွှာညီအစ်မ အရေပြား အစားထိုးခြင်းဟာ မယုံကြည်နိုင် လောက်အောင် စိန်ခေါ်မှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေ တဲ့ ခွဲစိတ်မှု ပါပဲ” လို့ ဆိုပါတယ်။ ၎င်းအပါအဝင် အရေပြား ခွဲစိတ်ဆရာဝန်ကြီး ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က မေရီဂျိန်းန်ရဲ့ ဝမ်းဗိုက်မှ အရေပြား တစ်သျှူး သွေးကြောတွေ ယူပြီး မာရီယန်ဖီးလ်စ်ရဲ့ ကျောကို အစားထိုးခဲ့ပါတယ်။ ခွဲစိတ်မှု အတွင်း အဏုကြည့် မှန်ပြောင်းနဲ့ သွေးလွှတ်ကြော သွေးပြန်ကြော ရှစ်ခုကို ဆက်သွယ်ပေးခဲ့ပါတယ်။ မာရီယန်ဖီးလ်စ်ရဲ့ ကျောမှ နှစ်ဆယ့်တစ်လက်မ အရွယ် ရှိတဲ့ အပေါက်ကို ရှစ်လက်မ အရွယ် အစားဖြစ်အောင် တစ်သျှူးနဲ့ အစားထိုးခွဲစိတ်တာဟာ အကြီးမားဆုံး ခွဲစိတ်မှုအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ မေရီဂျိန်းဟာ ညီမ ဖြစ်သူကို အရေပြားလှူပြီး နောက် ဝမ်းဗိုက်မှာ ကြီးမားတဲ့ ဗိုက်အလိပ်အခေါက် ကျန်ခဲ့တယ် လို့လည်း ဖော်ပြထားပါတယ်။ အရေပြား အစားထိုးကုသတာဟာ အမြွှာညီအစ်မ အချင်းချင်းဆို ပိုပြီး အောင်မြင်နိုင်တယ် လို့ဆိုပါတယ်။ ခွဲစိတ် ဆရာဝန်တွေက အစားထိုးလိုက်တဲ့ အခါ အရေပြား ဓာတ်မတည့်ခြင်း၊ ကင်ဆာပြန်ဖြစ်နိုင်ခြေရှိခြင်း စတဲ့ အန္တရာယ်တွေ ကိုလည်း အထူး အလေးဂရုပြုရပါတယ်။ မာရီယန်ဖီးလ်စ်ရဲ့ ကျောအကျိတ်က ဆိုးရွားပေမယ့် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုု ပြန့်နှံ့စေနိုင်တဲ့ အမျိုးအစား မဟုတ်တာကြောင့် သူမ အစ်မရဲ့ အရေပြား တစ်သျှူးတွေက အစားထိုးကုသဖို့ အံဝင်ခွင်ကျ ဖြစ်လာတာပါ။ ဒေါက်တာဆယ်ဘာက “မာရီယန်ဖီးလ်စ်ရဲ့ အနာဟာ အလွန်ကြီးမားပြီး သူမမှာ မျိုးရိုးဗီဇအရ အမြွှာအစ်မသာ မရှိခဲ့ရင် ကျနော်တို့ အနေနဲ့ လုံလောက်တဲ့ တစ်သျှူးနဲ့ အစားထိုး ခွဲစိတ်နိုင်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ ခွဲစိတ်ချိန် ၁၄ နာရီ ကြာမြင်ခဲ့ပြီး များပြားလှတဲ့ အရေပြား ကြွက်သားအရိုးများကို ပြန်ဆက်ခဲ့ရပါတယ်။ မရေမတွက်နိုင် အောင်များပြားတဲ့ သွေးပြန်ကြော သွေးလွှတ်ကြောတွေကိုလည်း ပြန်လည် ဆက်သွယ်ပေးခဲ့ပါတယ် လို့ ဒေါက်တာဆယ်ဘာ က ဆိုပါတယ်။ အစားထိုးခွဲစိတ်ခြင်း မလုပ်ခင်က မာရီယန်ဖီးလ်စ်ဟာ လဲလျောင်းပြီးလည်း မနေနိုင်၊ ခါးကိုလည်း မတ်မတ်မထိုင် နိုင်အောင် ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ ၁ လ အကြာမှာ အမြွှာညီအစ်မ နှစ်ယောက်လုံး ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါတယ်။ မာရီယန်ဖီးလ်စ်က “ကျမ အလုပ် ပြန်လုပ်မယ်၊ ကားမောင်းမယ်၊ ပြေးမယ်၊ ခါးမတ်မတ်နဲ့ သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်မယ်။ ၂၀၁၂ ခုနှစ် မတိုင်ခင်က ဆိုရင် ကျမ ဘယ်တော့မှ ဖျားနာတယ် ဆိုတာ မရှိပါဘူး။ ကျမ အဲဒီ အချိန်ကို ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ဝမ်းသာအားရ ပြောပါတယ်။ (www.bbc.com တွင် ဖော်ပြထားသည့် Twin to twin skin transplant hailed as a success ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။) The post အမြွှာညီအစ်မချင်း အရေပြား အစားထိုး ခွဲစိတ်ကုသမှု အောင်မြင် appeared first on ဧရာဝတီ.
Source : http://ift.tt/2v1wORq
via IFTTT
No comments:
Post a Comment