မူးယစ် တိုက်ဖျက်ရေး ရဲ တပ်ဖွဲ့ အင်အား နည်းပါးနေဟု ဆို မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို ထိထိရောက်ရောက် ဖမ်းဆီး စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့ အင်အား နည်းပါးနေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မဲဆန္ဒနယ် အမတ် ဒေါက်တာ ဒေါ်ပြုံးက ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသွားကြောင်း သတင်းရရှိသည်။ ဒေါက်တာ ဒေါ်ပြုံးက ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲနေခြင်းကို လျှော့ချရန်နှင့် ယခုထက် ပိုမိုသော အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်း မေးမြန်းရာတွင် ရဲတပ်ဖွဲ့အင်အား နည်းနေခြင်းကို ထောက်ပြ ပြောဆိုသွားခြင်း ဖြစ်သည်။ ဒေါက်တာ ဒေါ်ပြုံးက “ရဲနဲ့ ပြည်သူအချိုးက ၁ အချိုး ၁၄၀၀ လောက် ဖြစ်နေပါတယ်။ ဒီကြားထဲ အခြား ရဲ လုပ်ငန်းတွေကို အားဖြည့် ဆောင်ရွက်နေရတော့ မူးယစ်ဆေးဝါး ရှာဖွေတားဆီးရာမှာလည်း အခက်အခဲ ဖြစ်နေပါတယ်”ဟု ပြောသည်။ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးရန် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများတွင် တာဝန် ရှိကြောင်း ဒေါက်တာ ဒေါ်ပြုံးက ဆိုသည်။ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ အုပ်ချုပ်ရေး အဆင့်ဆင့်အနက် မြို့နယ်အဆင့်၌ မူးယစ်ဆေးဝါး ကင်းရှင်းသော် လည်း ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများonf မူးယစ်ဆေး ရောင်းဝယ်သူများ၏ ခြိမ်းခြောက်ခြင်း၊ စည်းရုံး သိမ်းသွင်းခြင်းများကြား လုံးထွေးနေသည်ကို သိရှိထားကြောင်းလည်း ဒေါက်တာ ဒေါ်ပြုံးက ပြောဆိုသည်။ ဆက်လက်ပြီး ၎င်းက “တချို့ဝန်ထမ်းဆိုးများရဲ့ အဂတိ လိုက်စားမှုများလည်း ရှိနေပါတယ်။ ပြည်သူလူထုရဲ့ ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှုကလည်း နည်းနေသေးတာကို တွေ့ရပါတယ်။ ဒါတွေကြောင့် မူးယစ်ဆေးဝါး နှိမ်နင်း တားဆီးရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထင်သလောက် ခရီးမပေါက် ဖြစ်နေပါတယ်” ဟုလည်း ပြောသည်။ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာ ဖွဲ့စည်းပုံအရ စုစုပေါင်း အင်အား ၃၉၉၄ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိ အင်အားမှာ ၁၁၁၈ ဦးသာ ရှိ ကြောင်း၊ ရာခိုင်နှုန်းအရ ၂၇.၉၉ ရာနှုန်းသာ ရှိသဖြင့် ရဲတပ်ဖွဲ့ အင်အား ပြည့်မီနိုင်ရေးကို စီမံချက်များ ချမှတ် ဆောင်ရွက် နေသည်ဟုဆိုကာ ဒေါက်တာ ဒေါ်ပြုံး၏ ပြောဆိုချက်များအပေါ် ပြန်လည် ဖြေကြားသည်။ ဗိုလ်ချုပ် အောင်စိုးက “မူးယစ်တပ်ဖွဲ့စု ၆၊ မူးယစ် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ခွင့်ပြုအင်အားမှာ အရာထမ်း အမှုထမ်း စုစုပေါင်း ၃၆ ဦး ဖြစ်ပြီး လက်ရှိ ၁၆ ဦး၊ ဖွဲ့စည်းပုံရဲ့ ၄၄.၄၂ ရာခိုင်နှုန်းနဲ့ အင်းတော်မြို့နယ် အပါအဝင် မြို့နယ် ၇ မြို့နယ် မှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ နယ်မြေ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များနဲ့ ပူးပေါင်း ဆောင် ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။ ဒေါက်တာ ဒေါ်ပြုံးက ၎င်း၏ မဲဆန္ဒနယ် အင်းတော်မြို့နယ်အတွင်း ရပ်ကွက် ၄ခု၊ ကျေးရွာ ၁၃၅ ရွာ ၊ လူဦးရေ ၁သိန်း ၃သောင်းရှိပြီး အများစုမှာ လယ်သမားများ ဖြစ်ကြောင်း၊ ထိုရပ်ကွက် ကျေးရွာများတွင် မူးယစ်ဆေးဝါး ကင်းစင်သည့် ရပ်ကွက် ကျေးရွာ တခုမှ မရှိကြောင်း၊ ကျေးရွာလူထုအနက် လူငယ် ၇၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါး စွဲနေသည့် အဆင့် ရောက်နေသည့်အပြင် ရွာများအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများ စည်ကားနေသည်များ ရှိသည်ဟု ဆို သည်။ “ဒီ့ထက် ဆိုးတာက ကျမတို့ ခရီးသွားတဲ့အခါ စစ်ဆေးရေးဂိတ်တွေ ရောက်ရင် အင်းတော်ရဲ့ မှတ်ပုံတင် ၅/အတန(နိုင်) ကိုင်ထားတယ်ဆို ကျမတို့ကို ခဏဘေးဖယ်ထားပြီး သီးခြားပြောဆို ရှာဖွေခံရတာတွေ ရှိပါတယ်။ ဒီလောက် သတိထား မိလောက်အောင် မူးယစ်ဆေးဝါး သယ်ယူမှု ပေါများနေပါတယ်” ဟုလည်း ဒေါက်တာ ဒေါ်ပြုံးက ပြောသည်။ ဗိုလ်ချုပ် အောင်စိုးက အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးများ ဆောင်ရွက်နေပြီး ၂၀၁၅ ခုနှစ် တွင် အမှုပေါင်း ၉၈ မှု၊ တရားခံ ကျား/မ ၁၈၇ ဦး၊ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း ၁၂၀၊ တရားခံ ကျား/မ ၂၀၇ ဦး၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လ ၂ရက် အထိ အမှုပေါင်း ၇၆ မှု၊ တရားခံ အမျိုးသား ၁၃၀ နှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းမိ ထားသည် ဟု ဆိုသည်။ ၂၀၁၇ ခုနှစ်အတွင်း အင်းတော်မြို့နယ်၌ ဘိန်း ၇.၇၉၅ ကီလို၊ ဘိန်းဖြူ ၆.၅၇ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃သိန်း ကျော် ဖမ်းမိထားကြောင်း၊ အင်းတော်မြို့နယ်သည် ကချင်ပြည်နယ်၊ ကျောက်စိမ်းတူးဖော်ရာ နေရာများသို့ မူးယစ်ဆေး သယ်သည့် လမ်းကြောင်း ဖြစ်နေသဖြင့် မူးယစ်ဆေးဝါး အများအပြား ရှိနေခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။ ဆက်လက်ပြီး ၎င်းက “ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တဖွဲ့ကို အင်းတော်မြို့မှာ အခြေပြုထားပြီး နယ်မြေ ရင်း တပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားကို ရယူပြီး တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်ပြီး ဝန်ထမ်းများရဲ့ ပါဝင်ပတ်သက်မှု ရှိပါက ဖော်ထုတ်စစ်ဆေး အရေးယူမှုများ ဆောင်ရွက် သွားမယ်”ဟု ပြောဆိုသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲသူများ လျော့ကျရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မူးယစ် ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် အမြန်ဆုံး ပေါ်ထွက်လာရေး အတွက် လမ်းပြ မြေပုံရေးဆွဲ ချမှတ်ထားကြောင်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။ အစိုးရကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိကျင့်သုံးနေသည့် ၁၉၉၃ ခုနှစ်၊ မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်း အစည်းအဝေးပြုလုပ်ကာ လွှတ်တော်သို့ ပေးပို့ထားပြီး အမျိုးသား လွှတ်တော်၌ ဆွေးနွေးနေပြီ ဖြစ်သည်။ The post မူးယစ် တိုက်ဖျက်ရေး ရဲ တပ်ဖွဲ့ အင်အား နည်းပါးနေဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2fgLsgP
via IFTTT
No comments:
Post a Comment