တရုတ်ထံမှ လျှပ်စစ်ဝယ်ရန် မြန်မာဆွေးနွေးနေ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး မစ္စတာ ဆောင်းတောင် နေပြည်တော်သို့ ရောက်ရှိနေသောအချိန်နှင့် တပြိုင်နက် စွမ်းအင်ငတ်မွတ်နေသော မြန်မာနိုင်ငံက တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် ကနဦး ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ရိုက်တာသတင်းတပုဒ်က ဆိုသည်။ ဦးသိန်းစိန် အစိုးရခေတ် ၂၀၁၁ ခုနှစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ လျှပ်စစ်ဓာတ်အား ရောင်းချမည့် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့အပြီး တင်းမာလာသော နှစ်နိုင်ငံဆက်ဆံရေးက လွန်ခဲ့သောနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ စီးပွားရေး နှေးကွေးလာခြင်းနှင့်အတူ စွမ်းအင်အနည်းငယ်သာ အသုံးပြုရသော လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်လာ ခြင်းကြောင့် တရုတ်နိုင်ငံသည် ထိုရေအားလျှပ်စစ်စီမံကိန်းအပေါ် စိတ်အားထက်သန်မှုများ လျော့ကျလာခဲ့ပြီး ယင်း ရေအား လျှပ်စစ် စီမံကိန်းအစား အခြားအခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်ရေး မြှင့်တင်မည့် အစီအစဉ်နှင့် ကိုက်ညီသော စီမံကိန်းများသို့ အာရုံ ပြောင်းသွားခဲ့သည်။ တရုတ်အစိုးရပိုင် ကုမ္ပဏီ ၃ ခု တို့သည် မြန်မာနိုင်ငံ၏ မဟာဓာတ်အားလိုင်းကို ယူနန်ပြည်နယ်၏ လျှပ်စစ်ဓာတ်အား ကွန်ရက်နှင့် ချိတ်ဆက်ရန် စီမံကိန်းများအတွက် သီးခြားစီ အဆိုပြုခဲ့ကြသည်ဟု ရိုက်တာသတင်းဌာနမှ ကြည့်ရှုခဲ့သော စာရွက်စာတမ်းများနှင့် ထိုဆွေးနွေပွဲများနှင့် ကျွမ်းဝင်သည့် အရာရှိ ၂ ဦးတို့ထံမှ သိရကြောင်း သတင်းက ဆိုသည်။ လက်ရှိတွင် ယူနန်ပြည်နယ်သည် ရေအားလျှပ်စစ်မှ ထုတ်ယူရရှိသည့် လျှပ်စစ် ၈၅ ရာခိုင်နှုန်းအနက် ပိုလျှံသော လျှပ်စစ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့သို့ တင်ပို့နေသည်။ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား အနည်းအကျဉ်း ရောင်းချနေသော်လည်း ယခုဆွေးနွေးမှုများသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလျင်အမြန် ဖြည့်ဆည်းရန် မဟာ ဓာတ်အားလိုင်းချင်း ချိတ်ဆက်မည့် ပထမဆုံး ဆွေးနွေးမှု ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၃ ပုံ ၁ ပုံသာလျှင် နိုင်ငံ၏ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုရှိပြီး မြို့ကြီးများတွင်လည်း မကြာခဏ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေသဖြင့် ယူနန်ပြည်နယ်မှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူခြင်းသည် နိုင်ငံ၏ ဓာတ်အားရရှိမှုကို မြှင့်တင်ရန် လတ်တလော ဖြေရှင်းမှုဖြစ်မည်ဟု အထက်ပါ အရာရှိ ၂ ဦးက ပြောကြောင်း သတင်းက ဆိုသည်။ “တရုတ်နိုင်ငံက ဒီစီမံကိန်းကို ကြိုဆိုတယ်။ ဒါပေမယ့် မြန်မာဘက်က အသေးစိတ်တွေကို လေ့လာနေတုန်းပဲ” ဟု စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောသည်။ အစိုးရချင်း ဆွေးနွေးပွဲများသည် ကနဦးအဆင့်တွင်သာ ရှိသေးပြီး ဈေးနှုန်းနှင့် အချိန် စသည့် အသေးစိတ် အချက်အလက် များကို မဆွေးနွေးရသေးကြောင်း ၎င်းက ပြောသည်။ “ဒါဟာ ကျနော်တို့စဉ်းစားနေတဲ့ နည်းလမ်းတွေထဲက တခုပါ” ဟုလည်း ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထိန်လွင်ကလည်း ကနဦး ဆွေးနွေးပွဲများ ပြုလုပ်သည်ကို အတည်ပြုသော်လည်း အခြားအချက်များကို ပြောကြားခြင်း မရှိဟု သတင်းက ဆိုသည်။ မြန်မာနိုင်ငံသည် ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းရန် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ အစ ပင်လယ်ပြင်ရှိ ရေနံဓာတ်ငွေ့သိုက်များ တူးဖော်သည် အထိ နည်းလမ်းမျိုးစုံ ရှာဖွေနေသည်။ အချို့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် သုတေသီများကမူ မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒ ရှင်းရှင်းလင်းလင်း မရှိခြင်းကို ဝေဖန်ကြသည်။ “မြန်မာနိုင်ငံက လျှပ်စစ်လိုတယ်၊ တရုတ်နိုင်ငံဘက်ကလည်း ဓာတ်အားရောင်းဖို့ အစီအစဉ်တခုကို တိုက်တိုက်တွန်းတွန်း လုပ်လာတယ်။ ဒီတော့လည်း စဉ်းစားသင့်ပြီပေါ့” ဟု ရန်ကုန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Myanmar Energy Monitor မှ ဂျရမီ မူလင်းက ပြောသည်။ တရုတ်နိုင်ငံပိုင် China Electric Power Equipment and Technology Company Ltd သည် မြန်မာနိုင်ငံ အရှေ့မြောက် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မှ မိုင်ရာချီဝေးသော နိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အထိ ဗို့အားမြင့် ဓာတ်အားလိုင်း တည်ဆောက်ရန် လွန်ခဲ့သောနှစ် မတ်လက မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း သတင်းအရ သိရသည်။ ထိုသဘောတူညီချက်ကို ယခုနှစ် မေလတွင် ၆ လသက်တမ်းတိုးခဲ့ပြီး ၅၀၀ ကီလိုဗို့ ( ၁ ကီလိုဗို့= ၁၀၀၀ ဗို့) ဓာတ်အားထုတ်လွှင့်လိုင်း တည်ဆောက်ရန် ဖြစ်နိုင်ခြေ စမ်းသပ်မှုများကို လတ်တလော လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံပိုင် China Southern Power Grid Company Ltd (CSG) ကလည်း ဇွန်လက အလားတူ စီမံကိန်းတခုကို အဆိုပြုခဲ့ပြီး ယူနန်မှ ဓာတ်အားကို ဗို့အားမြင့် ဓာတ်အားလိုင်းဖြင့် ပိုဆောင်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ တတိယ စီမံကိန်းကို CSG ၏လုပ်ငန်းခွဲဖြစ်သော Yunnan International Company Ltd က အဆိုပြုပြီး လက်ရှိ ဓာတ်အားလိုင်းမှပင် ယူနန်မှ လျှပ်စစ်ကို မူဆယ်မှတဆင့် မိတ္ထီလာသို့ ပို့ဆောင်မည်ဖြစ်သည်။ ရေအားလျှပ်စစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုမြန်ဆန်သော ဖြေရှင်းမှုဖြစ်သော်လည်း ထို့ကဲ့သို့သော စီမံကိန်းများသည် ပြီးစီးရန် ၅ နှစ် ကြာနိုင်ကြောင်း သိရသည်။ တရုတ် မြန်မာနယ်စပ်ရှိ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် မြန်မာ့တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများကြောင့် ဒေသမတည်ငြိမ်မှုကြောင့် ဓာတ်အား ရောင်းဝယ်ရာတွင် ပိုမိုခက်ခဲစေနိုင်သည်။ တရုတ်ကုမ္ပဏီများကို ဆက်သွယ်မေးမြန်းရာ မေးခွန်းများကိုတုံ့ပြန်ခြင်း မရှိဟု သတင်းက ဆိုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအရလွှမ်းမိုးမှုအတွက် မြန်မာအရာရှိအများအပြားတို့သည် စိုးရိမ်ကြသည်ဟု အမည်မဖော်လိုသူ မြန်မာအရာရှိများကို သတင်းက ကိုးကားသည်။ “ကျနော်တို့ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီးမှ တရုတ်ဘက်က ဓာတ်အားမရောင်းတော့ရင် ဘာဖြစ်သွားမလဲ။ နှစ်နိုင်ငံ နိုင်ငံရေးအခြေအနေနဲ့ တည်ငြိမ်မှုကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်” ဟု အထက်ပါမြန်မာအရာရှိ ၂ ဦးအနက် တဦးက ပြောပြီး အခြား မြန်မာစွမ်းအင် အဆင့်မြင့်အရာရှိတဦးကလည်း “မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ရင်းမြစ်တွေ ပေါများတယ်။ တရုတ်ကနေ ဓါတ်အားဝယ်မယ်ဆိုတာ ကြောင်တောင်တောင် အတွေးအခေါ်ပဲ” ဟု ပြောသည်။ The post တရုတ်ထံမှ လျှပ်စစ်ဝယ်ရန် မြန်မာဆွေးနွေးနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2utF9Z4
via IFTTT
No comments:
Post a Comment