ကျန်းမာရေးဝန်ထမ်းများကို H1N1 ကာကွယ်ဆေးထိုး H1N1 လူနာများ တက်ရောက်ကုသလျှက်ရှိသည့် ဆေရုံများမှ ကျန်းမာရေးဝန်ထမ်းများကို အစိုးရအစီအစဉ်ဖြင့် ရာသီတုပ်ကွေး ကာကွယ်ဆေး အလုံး ၃၀၀၀ ထိုးပေးထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထံမှ သတင်းရရှိသည်။ လက်တလောတွင် ရောဂါကို ထိန်းချုပ်နိုင်ရန် ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် ပိုးရှိသူ လူနာများကို လက်တွေ့ ကိုင်တွယ် နေရသည့် ကျန်းမာရေးဝန်ထမ်းများအား ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးထိုးပေးခြင်း ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ သန်းထွန်းအောင် က “အဓိက က ကာကွယ်ဆေးကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်တွေကို ဦးစားပေးထိုးရမှာပေါ့။ ဆေးရုံတွေ အားလုံးကို ဖြန့်ပြီးထိုးပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီး၌ ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် ပိုးရှိသူ လူနာများ တက်ရောက် နေသော ဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများသို့ ဖြန့်ကျက်ထားပြီး ဆေးများကို ထိုးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးသည့် ကာကွယ်ဆေးအလုံး ၃၀၀၀ ကိုထိုင်းနိုင်ငံမှ လှူဒါန်းထားပြီး လက်ရှိအချိန် အထိကျန်းမာရေး ဝန်ထမ်းများအတွက် လုံလောက်မှု ရှိကြောင်း ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။ “လုံလောက်တယ်။ ရန်ကုန်ဆေးရုံကြီး ၂၀၀၊ ကုတင် ၅၀၀ ဆံ့ဆေးရုံကြီး ၁၀၀၊ မြောက်ဥက္ကလာ ၁၀၀ ခွဲထားတာ အများကြီးပဲ၊ ရန်ကုန် ဆေးရုံကြီးတွေက ရသွားတာ အများကြီးပဲ၊ တိုင်းနဲ့ပြည်နယ် ဆေးရုံကြီးတွေလည်းရပါတယ်” ဟု ဒေါက်တာ သန်းထွန်းအောင် က ရှင်းပြသည်။ ဧရာဝတီတိုင်း ဖျာပုံခရိုင် ဆေးရုံအုပ်ကြီး တဦးလည်း H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်းဖြင့် ရာသီတုပ်ကွေးရောဂါမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိသာ ကာကွယ် ပေးနိုင်ပြီး အကောင်းဆုံးသော ကာကွယ်ရေး နည်းလမ်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေး ဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော် က ဧရာဝတီသို့ ပြောသည်။ ရာနှုန်းပြည့် ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်းအပြင် လက်ဆေးခြင်းကိုလည်း တွဲဖက် ဆောင်ရွက်ရမည် ဖြစ်သဖြင့် အပြင်မှ ပြန်လာတိုင်း အလုပ်တစ်ခု လုပ်ပြီးတိုင်း လက်ကို သေချာစွာ ဆေးကြောသင့်ကြောင်း ရာသီတုပ်ကွေး ရောဂါသည် droplets (အစက်) ပုံစံဖြင့် ကူးစက်မှု ပိုမိုများပြားသဖြင့် လက်ဆေးခြင်းသည် အကောင်းဆုံး ကာကွယ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟုဆိုသည်။ ကာကွယ်ဆေးထိုးပြီးသုံးပါတ်မှ လေးပါတ်အတွင်းရောက်မှသာ ကာကွယ်သည့် အာနိသင်ကို ပြည့်ပြည့်ဝဝ ရရှိမည် ဖြစ်ပြီး အထူးသဖြင့် မိုးရာသီမတိုင်ခင် ဧပြီ၊ မေလများတွင် ထိုးထားလျှင် မိုးဦးပေါက်နှင့် ဆောင်းဦးပေါက် ကာလများ တွင် ဖြစ်ပွားလေ့ရှိသည့် ရာသီတုပ်ကွေးရောဂါများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း ဒေါက်တာ သာထွန်းကျော် က ရှင်းပြသည်။ ကူးစက်မှုနှင့် သေဆုံးမှုများ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 ကို ကာကွယ်ရန် ကာကွယ်ဆေး ဝယ်ယူ၍ ထိုးနိုင်သော်လည်း ကာကွယ်ဆေး ရွေးချယ်ရာတွင် အရှေ့တောင်အာရှဒေသ အတွက် ရည်ရွယ်ထုတ်လုပ်သည့် ကာကွယ်ဆေးမှသာထိရောက်မည် ဖြစ်ကြောင်းလည်းသိရသည်။ ဒေါက်တာ သာထွန်းကျော် က “အရှေ့တောင်အာရှဒေသ အတွက် ရည်ရွယ်ထုတ်တဲ့ ကာကွယ်ဆေးမှသာ ကာကွယ်နိုင်မှာ။ အမေရိကတိုက် အတွက် ထုတ်တဲ့ ကာကွယ် ဆေးဆိုရင် ဆရာတို့နိုင်ငံအတွက် ထိရောက်မှု အားနည်းမှာပါ။ ဘာကြောင့်လဲဆိုတော့ အမေရိကတိုက်မှာ ဖြစ်တဲ့ Flu ဗိုင်းရပ်စ်နဲ့ ဆရာတို့နိုင်ငံမှာ ဖြစ်တဲ့ Flu ဗိုင်းရပ်စ်ကွဲပြားလို့ပါ ”ဟု ရှင်းပြသည်။ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၂ ရက်နေ့ အထိတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၂၈၄ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း ၉၉ ဦး နှင့် သေဆုံးသူ ၁၃ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများ အရသိရသည်။ The post ကျန်းမာရေးဝန်ထမ်းများကို H1N1 ကာကွယ်ဆေးထိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2vlTVpq
via IFTTT
No comments:
Post a Comment