Friday, August 4, 2017

Kumudra

ပဟေဠိဆန်ဆန် ဆံပင်သူခိုးတွေ အိန္ဒိယမှာ သောင်းကျန်းနေ ဩဂုတ် ၃ – အိန္ဒိယမြောက်ပိုင်း ဟာယာနာနဲ့ ရာဂျစ်စသန်က အမျိုးသမီး ၅၀ ကျော်က လူတချို့ဟာ သူတို့သတိလစ်နေချိန် သူတို့ဆံပင်တွေကို ဖြတ်တောက်သွားကြောင်း ပြောခဲ့ကြပါတယ်။ ရဲတွေက သည်ပဟေဠိကို အဖြေရှာနေချိန်မှာ အမျိုးသမီးတွေဟာ ကြောက်လန့်စိုးရိမ်မှုကို ခံစားနေရကြောင်း ဘီဘီစီသတင်းဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ “အလင်းရောင်စူးစူးရှရှ မြင်လိုက်လို့ ကျွန်မ သတိလစ်သွားတယ်။ နောက်တစ်နာရီလောက်ကြာတော့ ကျွန်မ ဆံပင် အဖြတ်ခံထားရတာ တွေ့တယ်” လို့ ဟာယာနာပြည်နယ် ဂေါ်ဂါယွန်ခရိုင် ဘင်ဂတ်ခရီရပ်ကွက်မှာနေတဲ့ အသက် ၅၃ နှစ်အရွယ် အိမ်ရှင်မ ဆူနီတာဒေဝီ ကပြောပါတယ်။ သောကြာနေ့က တိုက်ခိုက်မှုကြောင့် သူ့စိတ်ဒဏ်ရာရသွားပါတယ်။ “ကျွန်မ အိပ်လည်းမအိပ်၊ ဘာကိုမှလည်း အာရုံမစိုက်နိုင်တော့ဘူး။ အဲဒီလိုဖြစ်ရပ်မျိုး ရာဂျက်စ်သန်မှာ ဖြစ်နေတယ်လို့ ဖတ်ဖူးတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင် ကြုံရလိမ့်မယ်လို့ ဘယ်ထင်မှာလဲ” လို့ သူက ဆက်ပြောပါတယ်။ ထူးဆန်းတဲ့ ဆံပင်ဖြတ်သူတွေအကြောင်း သတင်းဟာ ဇူလိုင်လဆန်းပိုင်းမှာ ရာဂျက်စ်သန်မှာ စတင်ပေါ်ပေါက်ပေမယ့် အလားတူသတင်းတွေကို ဟာယာနာနဲ့ ဒေလီမြို့ပေါ်မှာတောင် ဟိုတစ်စ ဒီတစ်စ ကြားနေရပါတယ်။ မစ္စဒေဝီဟာ ကုန်သည်တွေ၊ လယ်သမားတွေနေတဲ့ ရပ်ကွက်မှာ နေထိုင်ပါတယ်။ သူ စိတ်သက်သာရာရတဲ့အထိ သူ့အိမ်နီးချင်းတချို့က သူနဲ့အတူ လာနေပေးကြပါတယ်။ သူ့ကိုတိုက်ခိုက်သူဟာ အသက်ကြီးကြီး အဘိုးကြီးဖြစ်ပြီး အရောင်တောက်တောက် အဝတ်အစားတွေ ဝတ်ထားတယ်လို့ ဆိုပါတယ်။ “တိုက်ခိုက်မှုဖြစ်ချိန် ည ၉နာရီခွဲလောက်မှာ ကျွန်မက အိမ်အောက်ထပ်မှာ တစ်ယောက်တည်း။ ကျွန်မချွေးမနဲ့ မြေးက အပေါ်ထပ်မှာ” လို့သူကပြောပါတယ်။ သူတို့တွေက ဘာမှမမြင်၊ ဘာသံမှ မကြားခဲ့ရပါဘူး။ တိုက်ခိုက်သူကို တစ်ယောက်ယောက် မြင်သေးလားလို့ ဘီဘီစီသတင်းထောက်က မေးမြန်းတော့ ပဟေဠိက ပိုရှုပ်ထွေးလာပါတယ်။ မစ္စဒေဝီရဲ့အိမ်နီးချင်း မူနက်ရှဒေဝီက အိမ် ၂၀ လောက်ရှိတဲ့လမ်းကျဉ်းလေးဟာ ည ၉ နာရီနဲ့ ၁၀ နာရီလောက်မှာ လူစည်လေ့ရှိတယ်လို့ ဆိုပါတယ်။ “လူတွေက ညစာစားပြီးရင် အပြင်ထွက်ပြီး စကားပြောကြတယ်။ သောကြာနေ့ကလည်း မထူးပါဘူး။ ဒါပေမယ့် ကျွန်မတို့ထဲကတစ်ယောက်မှ ဆူနီတာရဲ့အိမ်ထဲ လူစိမ်းတစ်ယောက်မှ အဝင်အထွက်လုပ်တာကို မတွေ့ခဲ့ရပါဘူး” လို့ သူကပြောပါတယ်။ ဂေါ်ဂါယွန်ခရိုင် ရဲပြောခွင့်ရသူ ရာဗင်ဒါကူးမားက တိုင်တန်းမှုတွေကို စုံစမ်းနေတုန်းပဲ လို့ပြောပါတယ်။ “ဒါတွေက သိပ်ဆန်းတဲ့အမှုပဲ။ အခင်းဖြစ်တဲ့နေရာတွေမှာ ကျွန်တော်တို့ သဲလွန်စ မတွေ့ရဘူး။ ခံရသူတွေကို ဆေးစစ်ချက်ယူကြည့်ရင် ပုံမှန်ပဲ” လို့ သူကပြောပြီး ဘယ်သူကမှ တိုက်ခိုက်သူကို မမြင်လိုက်ဘူးလို့ ဆက်ပြောပါတယ်။ ခရိုင်အမျိုးမျိုးက ရဲတွေဟာ ဒီဖြစ်ရပ်တွေကို နားလည်အောင် ပူးပေါင်းဆောင်ရွက်နေတယ်လို့ မစ္စတာကူးမားက ဆိုပါတယ်။ “ခံရသူတွေကသာ တိုက်ခိုက်သူကို မြင်တယ်လု့ိ ပြောကြတယ်။ ကျွန်တော်တို့ ဒီအမှုကိုပေါ်အောင် ဖော်ထုတ်မှာဖြစ်ပေမယ့် အဲဒီမတိုင်ခင်အထိ ကျွန်တော်တိုက်တွန်းချင်တာက ကောလာဟလတွေကို မယုံကြပါနဲ့” လို့ သူကပြောပါတယ်။ အမျိုးသမီးတစ်ယောက်က သဘာဝလွန်ဖြစ်ရပ်တွေ ပါဝင်နေတယ်လို့ဆိုပါတယ်။ တခြားသူတွေကတော့ ခံရသူတွေဟာ အများအာရုံစိုက်ခံရဖို့ သူတို့ဆံပင်ကို သူတို့ကိုယ်တိုင်ဖြတ်ကြတာလို့ ပြောပါတယ်။ ယုတ္တိဗေဒပညာရှင် ဆနားအက်ဒါမာရူကူက ဒီဖြစ်ရပ်တွေဟာ လူအများအပြားပါဝင်တဲ့ စိတ်ကစဉ့်ကလျားဖြစ်ရပ် နမူနာ တစ်ခုလို့ ဘီဘီစီကို ပြောပါတယ်။ “ဒီကိစ္စနောက်ကွယ်မှာ ဘယ်လိုအံ့ဖွယ်ဖြစ်ရပ်၊ သဘာဝလွန်ဖြစ်ရပ်မှ မပါပါဘူး။ ဒီလိုဖြစ်ပွားကြောင်း ပြောတဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတစ်ခုခုရှိပါလိမ့်မယ်” လို့ သူကပြောပါတယ်။ “ဒီလိုအဖြစ်မျိုးကို ကြားတဲ့အခါ သူတို့ကိုယ်တိုင် ကြုံသလိုလိုဖြစ်လာတယ်။ တစ်ခါတလေ မသိစိတ်ကြောင့်ပေါ့” ဒါပေမယ့် ဒီဖြစ်ရပ်ကိုကြုံခဲ့ရသူနောက်တစ်ဦးဖြစ်တဲ့ ရီနာဒေဝီကတော့ ဒါကို သဘောမတူပါဘူး။ “ကျွန်မဆံပင်တွေကို နှစ်အကြာကြီးထားခဲ့ရတာ။ ဆံပင်ရှည်လာတာကိုလည်း ကျွန်မ ကြိုက်တယ်။ အခုတော့ ဆံပင်တွေ ပါသွားပြီ။ ကျွန်မဘယ်လောက်နှမြောသလဲ ရှင်တို့သိမှာမဟုတ်ဘူး။ မိန်းမတွေက ကိုယ့်ဆံပင်ကိုယ်ဖြတ်တယ်ဆိုတာ တော်တော်ရယ်ဖို့ကောင်းတာပဲ” လို့ သူက ပြောပါတယ်။
Source : http://ift.tt/2vvp0q8
via IFTTT

No comments:

Post a Comment