လက်ရှိရန်ကုန်မြို့အတွင်းပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ်ယာဥ်လိုင်းအချို့မှာ လုံခြုံရေးဝန်ထမ်းအချို့ လိုက်ပါလာတာတွေ့ရပါတယ်။ ဝိုင်ဘီအက်စ်ယာဥ်လိုင်း ၅၆ နဲ့ ၂ဝ လိုင်းတွေမှာ သည်လ ၁၉ ရက်နေ့က စတင်ပြီး လူလတ်ပိုင်းအရွယ်အမျိုးသားလုံခြုံရေးဝန်ထမ်း စမ်းသပ်လိုက်ပါလာတာကိုတွေ့ရပါတယ်။ သည်လုံခြုံရေးဝန်ထမ်း ကားရဲ့အရှေ့ပေါက်၊ ခရီးသည်တွေစတက်တဲ့နေရာမှာ ရပ်ကြည့်နေပြီး ကားပေါ်တက်လာသူတွေကို တစ်ယောက်ချင်းသေချာစွာမှတ်သားတဲ့ ဟန်နဲ့လိုက်ကြည့်နေပါတယ်။ မိုးပြာရောင်ရှပ်အကင်္ျီလက်တို၊ နက်ပြာရောင်စတိုင်ဘောင်းဘီဝတ်ပြီး၊ ခါးပတ်နေရာမှာတော့ နံပါတ်တုတ်ကိုချိတ်ဆွဲထားပါတယ်။ ကားမောင်းနေတဲ့ အချိန်မှာတော့ သည်လုံခြုံရေးဝန်ထမ်းဟာ ခရီးသည်တွေကိုနေရာစီစဥ်ပေးတာ တွေ၊ အနောက်ဘက်မှာ မတ်တတ်ရပ်စီးနေသူတွေကိုတစ်ချက်၊ တစ်ချက်အကဲခတ်ပြီးလိုက်ပါလာတယ်။သူ့ရဲ့လည်ပင်းမှာ ကတ်ပြားတစ်ခုဆွဲထားပြီး သည်ကတ်ပြားမှာ နာမည်နဲ့ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာတွေနဲ့ တာဝန် တွေကိုရေးထားပါတယ်။ ကားမှတ်တိုင်တစ်ခု ရောက်တိုင်း၊ တက်လာသူတွေကိုလိုက်ကြည့်နေသလို၊ ဆင်းသွားတဲ့ လူတွေကိုလည်း တစ်ချက်၊ တစ်ချက်ကြည့်နေတာကြောင့်စီးနင်းနေတဲ့ ခရီးသည်တချို့အထူးအဆန်းပုံစံဖြစ်နေပါတယ်။ ၅၆ကားပေါ်မှာ စီးနင်းလာတဲ့ မနှင်းဖြူက စမြင်တုန်းကတော့ အံ့အားသင့်တာပေါ့၊ သူကြည့်နေတဲ့အကြည့်ကလဲ ရဲတွေလို စူးစမ်းကြည့်နေတော့ တစ်မျိုးကြီးဖြစ်နေတာ၊ လူရှုပ်တဲ့အချိန်မသိသာပေမဲ့ လူရှင်းတဲ့အချိန်ဆိုနောက်မှာ ထိုင်နေတဲ့ ကိုယ့်မှာ အန္တရာယ်နဲ့ကြုံရင် ကားသမားကိုလှမ်းအော်ဖို့ကလဲ အဆင်မပြေတော့ ဒီလိုထားတာကိုဝမ်းသာတယ်၊ ကျွန်မကဂိတ်စ၊ ဂိတ်ဆုံး အထိစီးတော့ အိပ်နေရင်းစီးလို့ရပြီလေလို့ သူ့အမြင်ပြောပါတယ်။ ကားပေါ်မှာ စီစီတီဗီကင်မရာတွေတပ်ဆင်ထားပေမဲ့ လူများတဲ့အချိန်မှာ ပိုက်ဆံအိတ်အနှိုက်ခံရတာ၊ ဆွဲကြိုး၊ လက်ကောက်၊ ဖုန်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေမကြာခဏအနှိုက်ခံနေရပါတယ်။ ယာဥ်အကူမပါတာကြောင့် အမျိုးသမီးအချို့လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်နဲ့ အကြောင်းတစ်ခုခုအရေးကြုံရင် သည်လုံခြုံရေးဝန် ထမ်းကအကူအညီပေးနိုင်လို့ သည်လိုထားရှိတာဟာ ခရီးသည်တွေအတွက် ပိုအဆင်ပြေနိုင် တယ်လို့ စီးနင်းသူတချို့ကမှတ်ချက် ပြုပြောကြားပါတယ်။သည်လ ၁၉ ရက်နေ့က ဝိုင်ဘီအက်စ် (၇)ယာဥ်ပေါ်မှာ ကျောင်းဆရာမတစ်ဦးကိုအမျိုးသားတစ်ဦးက မဖွယ်မရာပြုလုပ်ပြီး ညစ်ညမ်းဗီဒီယိုပြသလို့ ရဲစခန်းကဖမ်းဆီး အရေးယူထားပါတယ်။ ဘုရင့်နောင်လမ်းဆုံကနေ သခင်မြပန်းခြံကို ဝိုင်ဘီအက်စ်အမှတ်(၂ဝ)စီးနင်းနေတဲ့ ကိုသားငယ်က ဒီကားကလှိုင်သာယာအထိ ပြန်သူတွေများတော့ လူစုံတယ်လေ၊ ခါးပိုက်ခဏခဏနှိုက်ခံနေရတော့ လုံခြုံရေးဝန်ထမ်းရှိနေတော့ လူနည်းနည်းရှိန်တာပေါ့၊ မိန်းကလေးတွေအတွက် ပိုကောင်းမယ်လို့မြင်တယ်၊ တစ်ခါတလေ ကိုယ့်ရှေ့မှာ မိန်းကလေးတွေကို မဖွယ်မရာ လုပ်နေတာ တွေ့ပေမဲ့ သူတို့အရှက်ကွဲမှာစိုးလို့ဝင်မပြောဘဲ ကြည့်နေရတာတွေရှိတယ်၊ ဒီလုံခြုံရေးဝန်ထမ်းတွေကသေချာ စနစ်တကျ စောင့်ရှောက်နိုင်ရင်ပိုကောင်းမှာပါလို့ ပြောတယ်။ လက်ရှိ ဝိုင်ဘီအက်စ် ၂ဝ နဲ့ ၅၆ တွေမှာ လုံခြုံရေးဝန်ထမ်း ၂၅ ဦးနဲ့ စမ်းသပ်နေပြီး အဆင်ပြေရင်ယာဥ်လိုင်းအားလုံးမှာ ထားရှိဖို့ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ လက်ရှိ ယာဥ်လိုင်းတချို့မှာ လုံခြုံရေးဝန်ထမ်းတွေသုံးပြီး ဝန်ဆောင်မှုပေးနေတဲ့ Omini Focus ကုမ္မဏီလက်အောက်မှာ ယာဥ်လိုင်းခြောက်လိုင်းရှိနေတယ်လို့ သိရပါတယ်။သည်လုံခြုံရေးဝန်ထမ်းတွေကို ကုမ္မဏီနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဝိုင်ဘီအက်စ်စနစ်ကို စတင်ပြောင်းလဲပြီး ခုနစ်လကျော်ကြာနေချိန်မှာအခုလို လုံခြုံရေးဝန်ထမ်းထားရှိတာ ပထမဆုံးဖြစ်တာကြောင့် ယာဥ်မောင်းတွေအတွက်လည်း ကားကိုပဲအာရုံစိုက်မောင်းဖို့ ပိုအဆင်ပြေတယ်လို့ ယာဥ်မောင်း တစ်ဦးက ဆိုပါတယ်။သူကစပယ်ယာကမပါ၊ ခရီးသည်တွေကအဆင်မပြေရင် နောက်ကအော်ပစ္စည်းတွေမပျောက်အောင် လှမ်းသတိပေးရတာတွေ၊ အကြွေပြဿနာတွေပါဖြေရှင်းနေရတော့ ကားမောင်းသမားတွေ အလုပ်ရှုပ် တာပေါ့၊ ခရီးသည်တွေအတွက်လဲအဆင်ပြေတယ်လို့ ထင်တယ်၊ ကျွန်တော်တို့လိုင်းကတော့ လုံခြုံရေးဝန်ထမ်းမထားသေးဘူးလို့ ပြောပါတယ်။ Author – အေးအေးအောင်
Source : http://ift.tt/2v5E1jF
via IFTTT
No comments:
Post a Comment