တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရပြီးနောက် NCA ပျက်နိုင်ကြောင်း RCSS ပြော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးထားသော်လည်း မိမိတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံနေရ၍ ယုံကြည်မှုများ လျော့နည်းလာနိုင်ပြီး ရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားလာနိုင်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံမြို့နယ်)၊ မိုင်းဆတ်မြို့နယ်အခြေစိုက် တပ်မတော်၏ ခြေမြန်တပ်ရင်း အမှတ် ၅၂၇ သည် မိုင်းပြင်းမြို့နယ်၊ မိုင်းပူးလုံဒေသတွင် လှုပ်ရှားနေသော RCSS/SSA မှ တပ်ဖွဲ့ဝင်နှစ်ဦးအား ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း RCSS/SSA မှ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက ဧရာဝတီကို ပြောသည်။ “ကျနော်တို့က NCA ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ NCA စာချုပ်မှာ အရပ်ဝတ်နဲ့ဆိုရင် တနိုင်ငံလုံး လွတ်လွတ်လပ်လပ် သွားလို့ ရတယ် ဆိုတာ ပါတယ်။ အခု ကျနော်တို့ တပ်ဖွဲ့ဝင်နှစ်ဦးဟာ အရပ်ဝတ်နဲ့ရှိနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်။ ဒါက ငြိမ်းချမ်းရေးကို ပျက်ပြား လျော့နည်းသွားစေနိုင်တယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်က ကျင်းပသွားသည့် JMC-S အစည်းအဝေးတွင်လည်း တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဆက်ဆံရေး ရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်နေသော်လည်း ထူးခြားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်က RCSS/SSA မှ တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော စိုင်းဆေလုံနှင့် စိုင်းလုံတို့သည် မိုင်းပူးလုံဒေသ၊ ကျိန်းဟင် ကျေးရွာတွင် မိသားစုထံ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် အဆင်ပြေကြောင်း ဖုန်းဆက်ပြောကြားနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA ဘက်မှ ပြောသည်။ RCSS/SSA နှင့် တပ်မတော်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းကြောင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)သို့ တင်ပြ၍ ဖြေရှင်း ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီး ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲအောင်ဝင်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိသကဲ့သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှလည်း ဖြေကြားချက် မရရှိခဲ့ပေ။ RCSS/SSA သည် NCA အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် များကို လက်မှတ်ရေးထိုးထားပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တခြား လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည်။ NCA ၏ အပိုဒ် ၇ (ဃ)တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင်သာ ထားရှိရန်၊ အပိုဒ် ၈ (က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများ မှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်း မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊(ခ) တဖက် အဖွဲ့အစည်း က ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန်ဟု ဆိုထားသည်။ လတ်တလော ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံထားရသူများမှာ DVB သတင်းဌာနမှ သတင်းထောက် နှစ်ဦးနှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက် တဦးတို့လည်း ရှိနေပြီး NCA ရေးထိုးထားသော ABSDF မှ ဗဟို ကော်မတီဝင် ရဲဘော် မင်းဌေးမှာလည်း ၂၀၁၆ ခုနှစ်က ကချင်ပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ NCA လက်မှတ်ထိုးထားသော RCSS/SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “လွန်ခဲ့တဲ့ အနေအထား အတိုင်းသာ ဆက်လက် သွားနေမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးနှစ် ဖြစ်ဖို့အတွက်ဆိုရင် နံပါတ်တစ်အနေနဲ့ သဘောထားကြီးကြဖို့၊ ခေါင်း ဆောင်တွေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြဖို့ လိုပါတယ်။ NCA အပေါ်ရော၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေ အပေါ်မှာ အားလုံး သဘောထား တူညီကြဖို့လိုပါတယ်။အခု အဲဒီ အချက်သုံးချက် လုံးဝ မရှိပါဘူး”ဟု ပြောသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ၂၁ ရက်က ပြုလုပ်သော CSSU (ရှမ်းပြည်ညီညွတ်ရေးကော်မတီ) ဆွေးနွေးပွဲ တားမြစ်ခံရမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ဆီကို စာပို့ထားတာတော့ရှိတယ်။ ဘယ်လို ကြားဝင် စေ့စပ်ညှိနှိုင်းပေးမယ်ဆိုတာတော့ မသိရသေးဘူး။ နောက် နှစ်ရက်လောက်ဆို အရေးပေါ် အစည်းအဝေး လုပ်မယ်လို့ကြားရတယ်။ အဲဒီ အကြောင်းတွေ ဆွေးနွေးကြမယ်။ဒီလို ဖမ်းဆီး တာတွေကတော့ နယ်မြေ မသတ်မှတ်နိုင်သေးသရွေ့ ရှိနေဦးမှာပဲ။ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းပေးသွားမှာပါ” ဟု JMC-S မှ အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင်က ပြောသည်။ RCSS/SSA တပ်ဖွဲ့ဝင် နှစ်ဦးအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံထားရကြောင်း လတ်တလော သိရှိရသော်လည်း RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းငင်း အပါအဝင် ဒုဗိုလ်မှူးကြီး စိုင်းဦး၊ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းတို့အား ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ်ရဲအောင်ဝင်းနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်သို့ ဆက်သွယ် မေးမြန်း ရာတွင်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိပေ။ The post တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရပြီးနောက် NCA ပျက်နိုင်ကြောင်း RCSS ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2tVf0D2
via IFTTT
No comments:
Post a Comment